ကန္တာရဝတီတိုင်း (မ်)
ကရင်နီပြည်၊ ဘောလခဲမြို့နယ် အတွင်းက စစ်ကောင်စီတပ်ရဲ့ စစ်ဗျူဟာအခြေချတပ်ဖြစ်တဲ့ ဝမ်မလန်းတပ်စခန်းကို မနေ့က (မတ်လ ၃၁ ရက်နေ့) တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက သိမ်းပိုက်ရရှိမိတယ်လို့ ကရင်နီတပ်မတော် KA က ကန္တာရဝတီတိုင်း (မ်) ကိုပြောပါတယ်။
ဝမ်မလန်းစခန်းကို မတ်လ ၂၈ ရက်နေ့မနက် ၆ နာရီမှာစတင်ကာ ၂ နာရီခွဲကြာအောင် ဝင်ရောက်တိုက်ခိုက်ခဲ့ကြတယ်လို့ ဆိုပါတယ်။ တိုက်ပွဲအတွင်း ခဲယမ်းလျော့နည်းလာမှုကြောင့် တော်လှန်ရေးပူးပေါင်း တပ်ဖွဲ့တွေ ပြန်လည်ဆုတ်ခွာခဲ့ပေမဲ့ မတ်လ ၃၀ ရက်နေ့မှာ စစ်ကောင်စီတပ်က ဆုတ်ခွာခဲ့တယ်လို့ KA စစ်ရေးချုပ် ဗိုလ်မှူးကြီးဘုန်းနိုင်က ပြောပါတယ်။
“၃၀ ရက်နေ့ ၈ နာရီ ဝင်ရှင်းတော့ တစ်ယောက်မှ မရှိတော့ဘူး။ သူတို့ပြန်ကုန်ပြီ။ အလောင်း ၄ လောင်းပဲ ကျန်တယ်။ လက်နက်ခဲယမ်းတစ်ချို့ရတယ်။” လို့ ဗိုလ်မှူးကြီးဘုန်းနိုင်ကပြောပါတယ်။
ဝမ်မလန်း တိုက်ပွဲအတွင်း တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က တစ်ဦးကျဆုံးခဲ့ပြီး ၁၀ ယောက်ကျော် ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။
ဝမ်မလန်းတပ်စခန်းကုန်းက ဘောလခဲမြို့နဲ့ ရွာသစ်မြို့ကြားမှာ တည်ရှိပါတယ်။ ဘောလခဲမြို့နယ်မှာတည်ရှိတဲ့ ရွာသစ်မြို့ကို တော်လှန်ရေးတပ်ဖွဲ့တွေ သိမ်းပိုက်ရပြီးတဲ့နောက် ဝမ်မလန်းတပ်စခန်းက ဘောလခဲမြို့အတွက် ကင်းထောက်စခန်းအဖြစ် တည်ရှိခဲ့တာဖြစ်တယ်လို့ ဗိုလ်မှူးကြီးဘုန်းနိုင်က ပြောပါတယ်။
“သူတို့ မိုင်းထန်းမှာ ပြန်ပူးပေါင်းမယ်ထင်တယ်။ မိုင်းထန်းဆိုတာရှိတယ်လေး ရွာသစ်အပြင်ဖက်မှာ အဲမှာပြန်ပေါင်းနေမယ်ထင်တယ်ပဲလေး။ ဒဏ်ရာကတော့ တစ်ချို့ရမယ်ထင်တယ်” လို့ ဗိုလ်မှူးကြီးဘုန်းနိုင်က ပြောပါတယ်။
လက်ရှိမှာတော့ ရွာသစ်မြို့ကို တော်လှန်ရေးတပ်ဖွဲ့တွေ သိမ်းပိုက်ရရှိထားပေမဲ့ မြို့အပြင်ဖက်မှာတော့ စစ်ကောင်စီရဲ့ မိုင်းထန်းကာကင်းစခန်း ရှိနေဆဲဖြစ်ပါတယ်။
ဘောလခဲမြို့မှာလည်း မတ်လ ၁၉ ရက်နေ့ကစလို့ တော်လှန်ရေးတပ်ဖွဲ့တွေက ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး ယနေ့အချိန်ထိတိုက်ပွဲ ပြင်းထန်နေဆဲဖြစ်ပါတယ်။ တိုက်ပွဲအတွင်း နှစ်ဖက်ထိခိုက်ကျဆုံးမှုလည်း ရှိနေတယ်လို့ ဗိုလ်မှူးကြီးဘုန်းနိုင်ကပြောပါတယ်။
ဘောလခဲမြို့နယ်မှာ ခမရ ၄၃၀၊ ခမရ ၃၃၇၊ ခမရ ၄၂၉ နဲ့ စစ်ဗျူဟာအခြေချတပ်တို့ ရှိပါတယ်။
ဘောလခဲမြို့ရဲ့ စစ်ဗျူဟာ အခြေချတပ်ဖြစ်တဲ့ ဝမ်ဗလန်းစခန်းကုန်း၊ ၁၂ မိုင်တပ်ကုန်း၊ ၄ မိုင်ကုန်း စတဲ့ အရှေ့ကာကင်း သုံးခုရှိတဲ့အနက် ၁၂ မိုင်ကုန်းကို တော်လှန်ရေးတပ်ဖွဲ့တွေက ၂၀၂၄ခုနှစ် ဖေဖော်ဝါရီလ ၈ ရက်နေ့ကတည်းက သိမ်းပိုက်ရရှိခဲ့တာဖြစ်ပြီး လက်ရှိမှာတော့ ၄ မိုင်ကုန်းကာကင်းတစ်ခုသာကျန်ရှိပါတော့တယ်။