မော်ဦးမြာ
ဆယ်တန်းကျောင်းသား ၊ သူ ၅ ယောက် စာမေးပွဲဖြေဖို့အတွက်စာရွက်ပေါ်ကိုလက်ကလေးနှင့် စမ်းပြီးကျက်မှတ်နေသည်။ စာမေးပွဲကြီးနီးလာပြီမို့ အစွမ်းကုန် ကြိုးစားနေကြသည်။ အားလုံးကတော့ ဆယ်တန်းမှာမိမိအားသာသည့် ဘာသာကိုဂုဏ်ထူးမှန်းထားကြလေသည်။
အဆိုုပါ စာကျက်နေသည့် လူငယ်များထဲတွင် ကယား(ကရင်နီ) ပြည်နယ်မှာမွေးဖွားသည့် ဒီးမောဆိုမြို့နယ်၊ ငွေတောင်ကျေးရွာအုပ်စု၊ အောင်သီရိရပ်ကွက်တွင် နေထိုင်သူမောင်လစ်ဗင်းစတုန်းလည်းပါဝင်ပါသည်။
ကျွန်မနှင့်မောင်လစ်ဗင်းစတုန်းအမှတ်မထင် တွေ့ဆုံသည့်နေရာသည် ရန်ကုန်တိုင်းဒေသကြီး၊အနောက်ပိုင်းခရိုင်၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန် မျက်မမြင်ကျောင်း (ခဝဲခြံ)တွင်ဖြစ်သည်။ထိုနေရာတွင် မြန်မာနိုင်ငံအတွင်းမှ အမြင်အာရုံချို့ယွင်းသည့် တိုင်းရင်းသားပေါင်းစုံ၊ ဘာသာပေါင်းစုံလာရောက်နေထိုင်ကြသည်။
မောင်လစ်ဗင်းစတုန်းတွင် မွေးချင်း ရ ယောက်ရှိပြီးမိသားစုထဲတွင်လည်းမိမိနှစ်သက်သည့် ဘာသာကိုလွတ်လပ်စွာကိုးကွယ်ကြသည်ဟုပြောပါသည်။ မိသားစုထဲတွင် နှစ်ခြင်းခရစ်ယာန်၊ ဗြမ္မဆို၊ ကက်သလစ်ဘာသာ၊ ဗုဒ္ဓဘာသာစသည့် ဘာသာများကိုကိုးကွယ်ကြသည်ဟုသိရသည်။
“ကျတော်ကတော့ ကျတော့်အိမ်ကိုအရမ်းအံ့ဩမိတယ်။ ဘယ်အိမ်မှပဲအဲ့လိုဖြစ်တာကျတော်မကြားဖူးဘူး။ ကျတော်တို့ အိမ်တစ်အိမ်တည်းပဲအဲ့လို ဖြစ်တယ်ဆိုတော့ အရမ်းအံ့ဩတယ်။ အံ့ဩတာပေါ့။ ဒါပေမဲ့စိတ်မကောင်းတော့ မဖြစ်ဘူး။ “ ဟုသူ၏ မိသားစုအခြေအနေကိုပြောပြသည်။
သူသည် ၂၀၀၆ ခုနှစ်တွင် ရန်ကုန် (ခဝဲခြံ) မျက်မမြင်ကျောင်းကိုရောက်ရှိလာပြီးပညာစတင် သင်ကြားရာမှ ယခုနှစ်တွင် ဆယ်တန်းရောက်ရှိနေပြီဖြစ်သည်။ သူ့ဇာတိမှာနေခဲ့စဉ်ကအမြင်အာရုံချို့ယွင်းမှုကြောင့် ပညာမသင်ခဲ့ရပေ။
မျက်မမြင်ကျောင်းကိုပညာသင်ကြားဖို့အတွက် အိမ်မှ ထွက်လာသည့်အချိန်မှာမိဘများနှင့် ၆ နှစ်ခန့် အဆက်အသွယ်ပြတ်ခဲ့ရသည်ဟုပြောပါသည်။ သူငယ်ရွယ်စဉ်ကမိဘများမှာအလွန်ဆင်းရဲသောကြောင့် သူနှင့် အဆက်အသွယ်လုပ်ရန် အခက်အခဲရှိနေခြင်း ဖြစ်သည်ဟုသိရသည်။ ၂၀၁၁ ခုနှစ်တွင် အစ်ကိုဖြစ်သူ၏ ကြိုးစားမှုဖြင့် ပြန်လည် ဆက်သွယ်ခဲ့ပြီးဇာတိကိုအလည်ပြန်ခဲ့ဖူးကြောင်းသူကပြောပါသည်။
မိဘများမှာကယား( ကရင်နီ) ပြည်နယ် ဒီးမောဆိုမြို့နယ်၊ ငွေတောင်ကျေးရွာအုပ်စု၊ အောင်သီရိရပ်ကွက်တွင် နေထိုင်ပြီးသာမာန်လက်လုပ်လက်စားမိသားစုများဖြစ်ကြသည်။ မောင်လစ်ဗင်းစတုန်း၏ ဖခင်မှာသူဆယ်နှစ်သားအရွယ်တွင်ပင်ဆုံးသွားခဲ့ကြောင်းသိရသည်။ သူသည် အမြင်အာရုံချို့ယွင်းသည့်အပြင် အလွန်ချူခြာသောကလေးငယ်တစ်ဦး ဖြစ်သည့်အတွက် ယခုကဲ့သို့ ဆယ်တန်းအထိတက်ရောက်နိုင်မည်ဟုမျှော်လင့်မထားကြောင်းသူ၏ မိခင်ကပြောသည်။
သား၊သမီးများမှာမိဘများနှင့်မတူညီသည့် ဘာသာကိုကိုးကွယ်ကြသော်လည်းတစ်ဦးနှင့်တစ်ဦးသင့်မြတ်စွာနေထိုင်ကြသည့်အပြင် အပြန်အလှန်ဖေးမကူညီကြပြီးဘာသာရေးနှင့် ပတ်သက်သည့် တစ်စုံတစ်ရာအငြင်းပွားဖွယ် ကိစ္စရပ်များမရှိခဲ့ဖူးကြောင်းသူ၏ မိခင်ကပြောသည်။
“သူဘာသာနဲ့သူသွားတော့ အားလုံးအဆင်ပြေပါတယ်။”ဟုမိခင်ဖြစ်သူမှ သား၊သမီများနှင့် ဆက်ဆံရေးကိုပြောပြသည်။
မောင်လစ်ဗင်းစတုန်းသည် မတူညီသည့် ဘာသာရေးကိုကိုးကွယ်ကြသည့် မိသားစုကိုပိုင်ဆိုင်ထားသည့်အပြင် မိဘနှစ်ပါး၏ ကွဲပြားသည့် လူမျိုးများမှ မွေးဖွားလာသူတစ်ဦးလည်းဖြစ်သည်။
မိခင်မှာကရင်လူမျိုးဖြစ်ပြီးဖခင်ဖြစ်သူကတော့ ကယန်းလူမျိုးဖြစ်သည်။ မတူညီမှုများကြားထဲမှ သား၊သမီး ရ ဦးကိုကျွေးမွေးစောင့်ရှောက်လာသည့်အချိန်များမှာအမျိုးသားဖြစ်သူနှင့် ပဠိပက္ခများမရှိခဲ့ဖူးကြောင်းမိခင်ဖြစ်သူကသူမ ဖြတ်သန်းလာခဲ့သည့် ဘဝတစ်လျှောက်လုံးကို ပြုံးရယ်စွာဖြင့်ပြောပြပါသည်။
ယခုသူနေထိုင်နေသည့် မျက်မမြင်ကျောင်းတွင် ဘာသာပေါင်းစုံ၊ လူမျိုးပေါင်းစုံနှင့်အတူလာရောက်နေထိုင်နေသည်ဟုဆိုသည်။ သူတို့၏ ကျောင်းတွင် မောင်လစ်ဗင်းစတုန်းကဲ့သို့ အမြင်အာရုံချို့ယွင်းပြီးပညာသင်ကြားလိုသောကြောင့် မြန်မာနိုင်ငံအနှံ့အပြားမှ လာရောက်နေထိုင်သူ ၁၅ဝ ကျော်ရှိသည်ဟုသိရသည်။
“ဝမ်းသာပါတယ် ကိုယ်နဲ့ မတူတဲ့လူတွေနဲ့ နေရတော့ အတွေ့အကြုံအသစ်လည်းရတာပေ့ါ။ နယ်ပေါင်းစုံကလူတွေနဲ့ နေရတာဆိုတော့ တချို့ကျတော့လည်းတမျိုးဖြစ်တာပေ့ါ။ ကိုယ့်ကြောင့်လည်းသူတို့ မကြိုက်တဲ့အချက်လည်းတမျိုး ဖြစ်သလိုကိုယ်မကြိုက်တဲ့အချက်လည်းတခါတလေကျရင် တမျိုးဖြစ်တာပေါ့။ ဒါပေမဲ့ဒီမှာကပေါင်းသင်းဆက်ဆံတာကတည့်အောင် ပေါင်းရတာပေါ့။ တည့်အောင် ပေါင်းလိုက်တော့ ဝမ်းသာတာပေ့ါ။ တစ်ယောက်တည်းပဲကိုယ်ကြိုက်တာပဲလိုချင်တယ်။ တစ်ယောက်တည်းပဲနေမယ်ဆိုရင်တော့ အထီးကျန်တာပေါ့။” ဟုသူနေထိုင်နေသည့် ယခုအခြေအနေကိုစာအုပ်ပေါ် လက်တင်ပြီး ပြုံးရယ်စွာဖြင့် ပြောပြသည်။
မောင်လစ်ဗင်းစတုန်း၏ ရည်မှန်းချက်ကတော့ ပြေးခုန်ပစ် အားကစားသမား ဖြစ်ချင်သည် ဟုဆိုသည်။ အမြင်အာရုံချို့ယွင်းနေသည့် သူ့အနေဖြင့် လုပ်ဆောင်ရန် ခက်ခဲသော်လည်း ကြိုးစားသွားမည်ဟုပြောသည်။
မိခင်တစ်ဦးအနေဖြင့် မျက်စိအာရုံချို့ယွင်းသည့် သားအပေါ် ထားရှိသည့် ရည်မှန်းချက်ကတော့ ကြီးမားပေသည်။ မိမိတို့အနေဖြင့် ကယား(ကရင်နီ)ပြည်နယ်တွင် အမြင်အာရုံချို့ယွင်းသည့် တိုင်းရင်းသားလူမျိုးများအတွက် ကျောင်းဖွင့်ပေးချင်ကြောင်းနှင့် မောင်လစ်ဗင်းစတုန်းအား ပြန်လည်ဦးဆောင်ပြီးသင်ကြားပေးစေလိုသည်ဟုသူ၏မိခင်ကသားတစ်ဦးအပေါ် ထားသည့် ရည်မှန်းချက်ကိုပြောပြပါသည်။
ကျွန်မတို့ မြန်မာနိုင်ငံတွင် မတူကွဲပြားသည့် ဘာသာရေး၊ တိုင်းရင်းသားလူမျိုးများအများအပြားရှိသည့်အပြင် မောင်လစ်ဗင်းစတုန်းတို့ မိသားစုကဲ့သို့ မိသားစုဝင်အတွင်းမတူညီသည့် ဘာသာများကိုကိုးကွယ်ကြသူများလည်းရှိသည်။
ကျွန်မ၏ အသိုင်းအဝိုင်းတွင် မောင်လစ်ဗင်းစတုန်းတို့ မိသားစုကဲ့သို့ မိမိနှစ်သက်ရာဘာသာကိုလွတ်လပ်စွာကိုးကွယ်ကြသည့် မိသားစုများမှာမရှိသလောက်ရှားသည်။သို့သော်လည်းသူတို့ မိသားစုသည် မတူညီသည့် ဘာသာများကိုလွတ်လပ်စွာကိုးကွယ်ကြသည့်အပြင် မိသားစုတွင်းသဟဇာတ ဖြစ်အောင် နေထိုင်နိုင်ကြသည့်အတွက် စာရေးသူ ကျွန်မအပါအဝင် အများအားထားအတုယူစရာမိသားစုတစ်စု ဖြစ်ပေသည်။