ကန္တာရဝတီတိုင်း(မ်)
မတ်လ ၂၄ ရက်နေ့ကနေ မတ်လ ၃၀ ရက်နေ့အထိ ရက်သတ္တပတ်အတွင်း ကရင်နီပြည်အပါအဝင် မြန်မာနိုင်ငံရဲ့ နေရာဒေသတချို့မှာ အချိန်အခါမဟုတ် မိုးထစ်ချုပ်ရွာနိုင်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG က ဒီကနေ့ မတ်လ ၂၄ ရက်နေ့မှာ အသိပေးထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် လာမယ့် ဧပြီလ ပထမ အပတ်မှာလည်း ကရင်နီပြည်အပါအဝင် ရှမ်းပြည်နယ်အရှေ့ပိုင်း၊ နေပြည်တော်ဒေသ၊ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ် နဲ့ တနင်္သာရီတိုင်းတွေမှာ မိုးအနည်းငယ်ကနေ မိုးအသင့်အတင့် ရွာနိုင်ကြောင်း မိုးလေဝါသ ပညာရှင် ဦးဝင်းနိုင်က သူ့ရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ ဖော်ပြထားပါတယ်။
လတ်တလောရွာတဲ့ မိုးတွေဟာ ကြီးကြီး မားမား ရွာနိုင်ခြေမရှိပေမဲ့ လာမယ့် မိုးကြို ကာလအတွင်းမှာတော့ မိုပိုများလာနိုင်မှာ ဖြစ်တယ်လို့ ဦးဝင်းနိုင်က သူ့ရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ အခုလိုပြောဆိုပါတယ်။
“မိုးကြိုကာလထဲတောင် မရောက်သေးတဲ့ ဒီလိုအချိန်မှာ ဘယ်ဒေသမှာမဆို မိုးရွာတော့ ရွာနိုင်မယ်။ နည်းနည်းသာရွာပါမယ်။ မိုးကြိုကာလ ဧပြီလ ၁၆ ရက်နေ့ကနေ မေလ ၁၅ ရက်နေ့အတွင်းကျမှ မိုးအသင့်အတင့် မိုးများတာတွေ ဖြစ်လာနိုင်မယ်။”လို့ ဦးဝင်းနိုင်ရဲ့ ဖေ့ဘွတ်လူမူကွန်ယက်မှာ ရေးသားထားပါတယ်။
လက်ရှိ ရက်သတ္တပတ်အတွင်း မိုးထစ်ချုပ်ရွာနိုင်မယ့် ဒေသတွေဟာ ကရင်နီပြည်အပါအဝင် စစ်ကိုင်းတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကရင် ပြည်နယ်နဲ့ မွန်ပြည်နယ်တို့ဖြစ်တယ်လို့ NUG ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ပြီးခဲ့တဲ့ မတ်လ၂၁ ရက်နေ့မှာလည်း ကရင်နီပြည် ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းက စစ်ရှောင်စခန်း တစ်နေရာမှာ လေပြင်းတိုက်ခတ်မှုကြောင့် စစ်ရှောင်စခန်းက စစ်ရှောင်နေအိမ် အလုံး ၂၀ ဝန်းကျင် ထိခိုက်ပျက်စီးမှုရှိခဲ့ပါတယ်။
အဆိုပါ မတ်လ ၂၁ ရက်နေ့အတွင်းမှာပဲ မိုးရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုတွေကြောင့် ဒီးမော့ဆို အနောက်ခြမ်းက စစ်ရှောင်စခန်းနဲ့ ကျေးရွာအချို့တွေမှာ နေအိမ် ခေါင်မိုး ပျက်စီးတာအပြင် စစ်ရှောင်စာသင်ကျောင်း တွေလည်း ပျက်စီးခဲ့ကာ အမိုးအကာတွေ လိုအပ်နေကြောင်း စစ်ရှောင်ကူညီသူတွေဆီကနေ သိရပါတယ်။