ကန္တာရဝတီတိုင်း(မ်)
ကရင်နီပြည်၊ မယ်စဲ့မြို့နယ်အတွင်းတစ်နေရာမှာ KPPA နဲ့ “မော်” နည်းပညာစင်တာတို့ ပူးပေါင်းပြီး အခြေခံ IT နည်းပညာ သင်တန်း နဲ့ ကွန်ပျူတာသင်တန်း တစ်ရပ် ပို့ချပေးခဲ့တယ်လို့ ကရင်နီနိုင်ငံရေးအကျဥ်းသားများအစည်းအရုံး (KPPA) က ပြောပါတယ်။
လက်ရှိ သင်တန်းပို့ချမှုဟာ အပတ်စဥ် (၅)ထိ ရောက်ရှိပြီဖြစ်ပြီး ပြီးမြောက်သွားတဲ့ အပတ်စဥ်က သင်တန်းသားတွေဟာ မြေပြင်အဖွဲ့အစည်းတွေမှာ ပါဝင်လုပ်ဆောင်လျက်ရှိတယ်လို့ KPPA အသင်းရဲ့ တာဝန်ရှိသူတစ်ဦးက ကန္တာရဝတီတိုင်း(မ်) ကို ပြောပါတယ်။
“အခု ကျနော်တို့က အပတ်စဥ်(၅) ပြီးမြောက်သွားပြီပေါ့နော်။ ပြီးမြောက်သွားတဲ့အပတ်စဥ် ၁/၂/၃/၄ က သင်တန်းသူ/သားအချို့က IEC ရဲ့ ရုံးပိုင်းဆိုင်ရာတွေမှာ ဝင်လုပ်နေကြတာရှိတယ်။ ပြီးမှ ကျနော်တို့ ရုံးမှာ အလုပ်သင်အနေနဲ့ စာစီစာရိုက်၊ မိတ္တူထုတ်အပိုင်းတွေမှာ အလုပ်သင်အနေနဲ့ ပြန်လုပ်ကူခိုင်းတာတွေရှိတယ်ပေါ့နော်။” လို့ KPPA အသင်းရဲ့ တာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။
အပတ်စဥ် (၅) သင်တန်းမှာတော့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၇ ရက်နေ့ ကနေ မတ်လ ၁ ရက်နေ့အထိ တစ်လဝန်းကျင်ကြာ ပို့ချ သင်ကြားပေးခဲ့ကာ သင်တန်းသူ/သား ၃၀ ဦး တက်ရောက်အောင်မြင်ခဲ့တယ်လို့ သိရပါတယ်။ အဲ့ဒီသင်တန်းမှာ အခြေခံ IT နည်းပညာထက် AI နည်းပညာတွေကို အသုံးချတတ်စေဖို့ အထူးအလေးပေး သင်ကြားပေးခဲ့တယ်လို့လည်း ဆိုပါတယ်။
နိုင်ငံရေးအခြေအနေမတည်ငြိမ်မှုတွေကြောင့် ပညာရေးလမ်းကြောင်းအခွင့်အလမ်းနည်းပါးပြီး အဖွဲ့အစည်းအသီးသီးက ရောက်ရှိမှုနည်းပါးတဲ့ ဒေသတွေမှာ ဦးစားပေး သွားရောက် ပို့ချမှုတွေဆောင်ရွက်နေတယ်လို့ KPPA အသင်းရဲ့ တာဝန်ရှိသူတစ်ဦးက ဆက်ပြောပါတယ်။
KPPA အဖွဲ့အနေနဲ့ တစ်နှစ်ကျော်အတွင်း နည်းပညာ ဆိုင်ရာ သင်တန်းပို့ချမှုကို အပတ်စဉ် ၅ ကြိမ်ထိ အောင်မြင်ပြီးစီးခဲ့ပြီး သင်တန်းသူ/သားပေါင်း ၂၀၀ ကျော် မွေးထုတ်နိုင်ခဲ့တယ်လို့ သိရပါတယ်။
KPPA နဲ့ ” မော်” နည်းပညာစင်တာ ကနေ အခုလို နည်းပညာဆိုင်ရာ သင်တန်းပို့ချပေးမှုတွေအပြင် လူငယ်တွေကို ပညာသင်စရိတ်ထောက်ပံ့ပေးတာ၊ အလုပ်သင်လက်ခံခေါ်ယူပေးတာ အပြင် လူငယ်စွမ်းဆောင်ရည်မြှင့်တင်ပေးခြင်း အစီအစဥ်တွေကိုလည်း လုပ်ဆောင်ပေးလျက်ရှိတယ်လို့ သိရပါတယ်။