ကန္တာရဝတီတိုင်း ( မ် )
ကရင်နီပြည် ၊ မယ်စဲ့မြို့နယ် အတွင်းမှာ ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) ရဲ့ ပြည်ထဲရေးဌာန ၊ အရေးပေါ်ကယ်ဆယ်ရေးဌာနကနေ အရေးပေါ်ကယ်ဆယ်ရေးသင်တန်းကို ပြီးခဲ့တဲ့ ဇွန်လ ၁၈ ရက်နေ့ကစပြီး ပြုလုပ်နေတယ်လို့ သိရပါတယ်။
ကြားကာလမှာ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေ လုပ်ကိုင်နိုင်ဖို့ ၊ ပြည်သူတွေရဲ့နေအိမ်ကို ကာကွယ်ပေးနိုင်ဖို့ နဲ့ အရေးပေါ်ကိစ္စရပ်တွေမှာ ကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်နိုင်ဖို့ ရည်ရွယ်ထားတယ်လို့ အရေးပေါ်ကယ်ဆယ်ရေးဌာန ဦးစီးမှူး ခွန်းဘီလေး က ပြောပါတယ်။
“ကျနော်တို့ ပြည်နယ်မှာ ကြားကာလမှာ ပြန်လည်ထူထောင်ရေးလုပ်နိုင်ဖို့ လိုအပ်တဲ့ လူ့အရင်းအမြစ်တွေ မွေးထုတ်နိုင်ဖို့ ပြီးတော့ ပြန်လည်ထူထောင်ရေးလုပ်နိုင်တဲ့မြို့တွေမှာ ကျန်ရှိသေးတဲ့ ဘာသာရေး အဆောက်အအုံတွေ၊ စာသင်ကျောင်း၊ မီးမလောင်သေးတဲ့ ပြည်သူတွေရဲ့ နေအိမ်တွေကို ကျနော်တို့ မီးဘေးအန္တရာယ် ပြန်လည်ကာကွယ် ပေးနိုင်ဖို့ နဲ့ ရှေ့တန်းမှာ တိုက်ပွဲဝင်ရင်း ထိခိုက်ဒဏ်ရာ ရသွားတဲ့ ရဲဘော်တွေကို ကယ်ဆယ်ရေးပြုလုပ် နိုင်ဖို့ ကျနော်တို့ ဒီသင်တန်းကို ပြုလုပ်ရခြင်းဖြစ်ပါတယ်” လို့ သူက ပြောပါတယ်။
သင်တန်းမှာ မီးသတ်ပညာ၊ စစ်ရေးပြ သင်ခန်းစာ၊ ရှာဖွေကယ်ဆယ်ရေး မှာ လိုအပ်တဲ့ ကြိုးချည်နည်းများ၊ ကြိုးနဲ့အတက်အဆင်းလုပ်ရတဲ့ သင်ခန်းစာ တွေနဲ့ အခြေခံဆေးဝါး ကုသနည်းတွေ ပါဝင်တယ်လို့လည်း သူက ဆိုပါတယ်။
ရှေ့ဆက်လုပ်ငန်းစဥ်အနေနဲ့ သင်တန်းပြီးသွားတဲ့ သူတွေကို သက်ဆိုင်ရာ မြို့နယ် တွေမှာ ဝန်ထမ်းအဖြစ် ပြန်လည်ခန့်အပ်သွားမယ်လို့ အရေးပေါ်ကယ်ဆယ်ရေးဌာန ဦးစီးမှူး ခွန်းဘီလေး က ဆက်ပြောပါတယ်။
“ရှေ့ဆက်လုပ်ငန်းမှာ ကျနော်တို့ သင်တန်းပြီးသွားပြီဆို ကျနော်တို့ သင်တန်းဆင်းတဲ့ သင်တန်းသူ သင်တန်းသားတွေကို မြို့နယ်တွေကို ပြန်လည်ဖွဲ့စည်းတဲ့အခါမှာ ဝန်ထမ်းတွေအဖြစ်နဲ့ ထားဖို့ရှိမယ်။ မြို့နယ်အုပ်ချုပ်မှု ပြန်လုပ်တဲ့ အခါကျရင် ကျနော်တို့ဒီလူတွေကို ပြန်ခေါ်မှာပေါ့”လို့ သူက ဆိုပါတယ်။
အရေးပေါ်ကယ်ဆယ်ရေးသင်တန်းကို တခြားမြို့နယ်တွေမှာ ဆက်လက်ပြုလုပ်သွားမယ်လို့ သိရပါတယ်။ မယ်စဲ့မြို့နယ်အတွင်း ပြုလုပ်တဲ့ အဆိုပါ သင်တန်းကို သင်တန်းသူ၊ သင်တန်းသား (၅၀)ကျော် တက်ရောက်ကြပြီး သင်တန်းကာလ တစ်လ ခန့် ကြာမြင့်မှာ ဖြစ်ပါတယ်။