ကန္တာရဝတီတိုင်း(မ်)
ကရင်နီပြည်၊ မယ်စဲ့မြို့နယ်အတွင်းက အိမ်ခြေ ၃၂၀ ရှိတဲ့ စစ်ရှောင်စခန်း တစ်နေရာမှာ အိမ်ခြေ ၁ ရာ ဝန်းကျင်ဟာ ဆန်ပြတ်လပ်မှုဖြစ်နေပြီး အကူအညီတွေ လိုအပ်နေကြတယ်လို့ စခန်းကော်မတီ တာဝန်ရှိသူဆီကနေ သိရှိရပါတယ်။
လက်ရှိမှာတော့ ဆန်ပြတ်လပ်တဲ့ မိသားစုတွေအနေနဲ့ ချေးငှားစားသုံးနေရပြီး ငွေအနည်းငယ်ရှိတဲ့ မိသားစုတွေကတော့ ဆန်ကို ဝယ်ယူစားသောက်နေရပါတယ်။ ကုန်စျေးနှုန်း ကြီးမြင့်တာကြောင့်လည်း လိုအပ်သလောက် မဝယ်နိုင်ဘူးလို့ အဆိုပါ စစ်ရှောင်စခန်းရဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
“ဆန်မရှိတာ အိမ်ခြေက များတယ် ၁၀၀ လောက် ရှိမယ်။ အခုကပိုက်ဆံမရှိတဲ့သူဆို လိုက်ပြီး ချေးငှားစားနေကြတယ်။ ပိုက်ဆံရှိသူက ဆန်ကိုစျေးကြီးလိုက် ဝယ်စားရပါတယ်။ ရိက္ခာတွေလဲ မထုတ်ပေးတော့ဘူးဆိုတာ ပြည်သူတွေသိကြတော့ ဝမ်းနည်းပြီ။ အခုဆို စားဖို့မရှိတဲ့လူတွေတောင် ရှိနေကြပါပြီ။ အခုဆို ဆန်လုံးဝကုန်နေတဲ့သူတွေလဲ ရှိနေပါပြီ။ သနားဖို့လဲကောင်းပါတယ်။ ကိုယ်တွေလဲ မပေးနိုင်တော့လေး။ စားနပ်ရိက္ခာ မရရှိတာက ၂ လ ရှိသွားပါပြီ။” လို့ အဆိုပါ စစ်ရှောင်စခန်းရဲ့ တာဝန်ရှိသူက ကန္တာရဝတီတိုင်း(မ်) ကို ပြောပါတယ်။
လွန်ခဲ့တဲ့ ၂ လ အထိ ဆန်၊ ပဲ၊ ဆား စတဲ့ စားနပ်ရိက္ခာတွေကို အရေးပေါ်ကယ်ဆယ်ရေးဆောင်ရွက်နေတဲ့ CTER အဖွဲ့ဆီကနေ ပုံမှန်ရရှိနေခဲ့ပေမယ့် အကူအညီများအားလုံး ရပ်ဆိုင်းသွားတာ ၂ လ ရှိလာပြီဖြစ်ပါတယ်။
အမေရိကန်အစိုးရကနေ မြန်မာပြည်အပါအဝင် တခြားသောနိုင်ငံတွေဆီ ပေးနေတဲ့ အကူအညီတွေကို လျော့ချလိုက်တဲ့နောက်ပိုင်း ကရင်နီစစ်ရှောင်တွေအပေါ်မှာလည်း သက်ရောက်မှုတွေရှိလာတာပါ။ ဒါကြောင့်လည်း CTER အနေနဲ့ ပုံမှန်ထောက်ပံ့ကူညီနေပေးနေတဲ့ စစ်ရှောင်လူထုတွေဆီကို အထောက်အပံ့မပေးနိုင်တဲ့ အနေအထားဖြစ်လာတယ်လို့ အရေးပေါ်ကယ်ဆယ်ရေး ဆောင်ရွက်နေတဲ့ CTER ရဲ့ တာဝန်ရှိသူတစ်ဦးဖြစ်တဲ့ ခူးပိုးရယ် က ပြောပါတယ်။
“၁ လပိုင်းနဲ့ ၂ လပိုင်းက မရဘူးဖြစ်နေတယ်။ ကျနော်တို့ ဒီနယ်စပ်မှ မဟုတ်ဘူးပေါ့နော်။ တနိုင်ငံလုံး၊ တတိုင်းပြည်လုံး၊ တကမ္ဘာလုံးပေါ့။ အဲ့ဒီအခက်အခဲတွေ၊ အကူအညီတွေ လျော့ချလိုက်တော့ ၁ လပိုင်းကနေ ၂ လပိုင်းတော့ မရတော့ဘူး။ ဒါပေမယ့် ကျနော်တို့ သတင်းကောင်းတခုရတာက ဒီနယ်စပ်အတွက် ၃ လပိုင်းအတွက်တော့ ကျနော်တို့ ကူညီဖို့ရှိမယ်ပေါ့နော်။ ဒါပေမယ့် ကူညီတဲ့အထဲမှာကျတော့ ပဲနဲ့ ဆားနဲ့တော့ မပါတော့ဘူး။ ဆန်တမျိုးဘဲ ဖြစ်မှာပေါ့။ ကျနော်တို့ ဖြတ်လိုက်တာတော့ မဟုတ်ဘူးပေါ့နော်။ ကျနော်တို့က တဆင့်ခံအဖွဲ့ဖြစ်တယ်လေနော်။ ကျနော်တို့က စစ်ရှောင်တွေအတွက် ရှာပေးတယ် အဲ့လိုပေါ့နော်။ ရှိရင်တော့ ပေးတယ်။ မရှိရင်တော့ ပေးစရာမရှိဘူး အဲ့လိုပေါ့နော်။”လို့ CTER ရဲ့ တာဝန်ရှိသူတစ်ဦးဖြစ်တဲ့ ခူးပိုးရယ်က ပြောပါတယ်။

CTER ဟာ စစ်တပ်အာဏာသိမ်းပြီးတဲ့နောက် စစ်ဘေးတိမ်းရှာင်နေရတဲ့ ကရင်နီလူထုများအတွက် စားနပ်ရိက္ခာတွေကို ပံ့ပိုးပေးနိုင်ဖို့ အလှူရှင်ရှာဖွေနေတဲ့ အဖွဲ့တခုဖြစ်ပါတယ်။ CTER အနေနဲ့ သုံးနှစ်ကျော်အတွင်း စစ်ကြောင့်တိမ်းရှောင်နေရတဲ့ မယ်စဲ့မြို့နယ်နဲ့ ထိုင်း – ကရင်နီနယ်စပ်က ကရင်နီလူထု တစ်သောင်းသုံးထောင်ကျော်အတွက် ဆန်၊ ပဲ၊ ဆား စတဲ့ စားနပ်ရိက္ခာတွေကို ပုံမှန်ထောက်ပံ့ပေးနေတာ ဖြစ်ပါတယ်။
နယ်စပ်ကစစ်ရှောင်စခန်းတွေမှာ ခိုလှုံနေထိုင်သူတွေဟာ စိုက်ပျိုးမြေနေရာ မရှိသလို နေ့စားလို ရနိုင်မဲ့ အလုပ်လုပ်ရန်နေရာမရှိတာကြောင့် သူတို့အတွက် စားနပ်ရိက္ခာအကူအညီတွေဟာ မဖြစ်မနေ လိုအပ်နေတာ ဖြစ်ပါတယ်။
“ရှေ့ဆက်က အပြင်အလုပ်ထွက်လုပ်ဖို့ ပြောထားတယ်။ ရာသီစိုက်ပျိုးရေးလဲ တောင်ယာလုပ်မယ့် နေရာက မရှိဘူးလေး။ ကြုံရာအလုပ်ကို သွားလုပ်ကြရတယ်ပေါ့နော်။ အဓိကတော့ မော်ချီးကို တက်လုပ်ကြတာများတယ်။ သွားတဲ့သူက သူတို့အဖေအမေတွေ စိတ်မချရပေမဲ့ စားဖို့အခက်ခဲရှိတော့လဲ လွတ်သွားရတယ်ပေါ့နော်။ အလုပ်မလုပ်နိုင်တဲ့ မိသားစုအတွက်ကို စိတ်ပူမိတယ်။ တကယ်မရတော့ရင်ပေါ့နော်” လို့ စစ်ရှောင်စခန်း တာဝန်ရှိသူက ဆက်ပြောပါတယ်။
အဆိုပါ စစ်ရှောင်စခန်းမှာ အိမ်ခြေ ၃၂၀ ရှိပြီး လူဦးရေ ၁၄၅၂ ဦး နေထိုင်ကြပါတယ်။