ကန္တာရဝတီတိုင်း(မ်)
ထိုင်းနိုင်ငံ၊ မယ်ဟောင်ဆောင်ခရိုင် နန်းဆွယ်ကျေးရွာက ကရင်နီလူမျိုးစုတွေ နေထိုင်တဲ့ ရပ်ကွက်တစ်ခုမှာ ဒီကနေ့ (မေလ ၁၃ရက်) မနက် ၄နာရီခွဲအချိန် မိသားစုတစ်စုအိပ်စက်နေတဲ့ နေအိမ်ပေါ် သစ်ပင်လဲကျပြီး အမျိုးသမီးတစ်ဦးသေဆုံးခဲ့သလို ကျန်တဲ့မိသားစုဝင်တွေ ထိခိုက်ဒဏ်ရာရရှိခဲ့ကြတယ်လို့ သိရပါတယ်။
အဲဒီမှာ မိသားစုဝင် ၆ဦး နေထိုင်တဲ့အိမ်ဖြစ်ပြီး ကလေး၃ဦး၊ လင်မယားနှစ်ဦး၊ အဖွားတစ်ဦး နေထိုင်ကြတာဖြစ်ပါတယ်။ မိုးရွာသွန်းမှုကြောင့် သစ်ပင်လဲကျခဲ့တာဖြစ်ပြီး ကလေးအမေဖြစ်သူ အမျိုးသမီးအပေါ် သစ်ပင်ဖိမိခဲ့တယ်လို့ အနီးနားပတ်ဝန်းကျင်ပြည်သူတွေက ပြောပြပါတယ်။
“ အိမ်ဘေးပတ်ဝန်းကျင်က လူတွေကပြေးလာပြီး သူ့ကလေးကို ဆွဲတဲ့သူကဆွဲ သူ့မိန်းမကိုဆွဲတဲ့သူကဆွဲနဲ့ အကုန်လုံးဝိုင်းကူကြတာပေါ့နော။ ဒါပေမဲ့ သူ့မိန်းမကို ဆွဲထုတ်လို့မရတဲ့အခြေအနေမာ သံတူရွင်းနဲ့ ဆွဲထုတ်ပြီးပြန်ရသွားတာပေါ့နော။ သစ်ပင် လဲမယ်ဆိုတာလည်း မသိဘူးပေ့ါနော့။ လဲနိုင်ခြေရှိ မရှိ တော့မသိဘူးပေါ့။ ကျိုးကျရင်ထိနိုင်ခြေမရှိဘူး။ ဒါပေမယ့် သစ်ပင်ကအမြစ်ကနေ ပါသွားတော့ လူကိုထိသွားတယ်ပေါ့။ တစ်ညလုံးလည်း မိုးရွာထားတော့ ကျမတို့လည်း မြေစောင်းမှာ နေတော့မြေကြီးတွေ ကျကျလာတော့ သူ့အမြစ်တွေလည်း မခိုင်တော့ဘူးပေါ့။ မတော်တဆဖြစ်သွားတာပေ့ါနော်။ လူနာရဲ့အခြေအနေက သူ့အမေတော့မရတော့ဘူး။ သူ့အမေတော့ဆုံးပြီ လို့ ဆရာမတွေကပြောတယ်။ “ လို့ အိမ်နီးနားချင်းတစ်ဦးက ပြောပြပါတယ်။
သစ်ပင်လဲကျမှုကြောင့် အိမ်တွေလည်း ပျက်စီးခဲ့ပါတယ်။ သေဆုံးခဲ့တဲ့ အမျိုးသမီးကတော့ အသက် ၃၈နှစ်ရှိပြီဖြစ်ပါတယ်။ ဒဏ်ရာရသွားတဲ့ ကလေးငယ် ၃ဦးကတော့ အသက် ၁၁နှစ်၊ ၅နှစ်နဲ့ ၃နှစ်အရွယ်တွေ ဖြစ်ကြပါတယ်။
ဒဏ်ရာရတဲ့ ကလေးတွေကို ဆေးရုံကို ဆေးကုသဖို့ ပို့ဆောင်ခဲ့ပြီး အခြေအနေ အသေးစိတ်ကိုတော့ မသိရှိရသေးပါဘူး။