spot_imgspot_imgspot_imgspot_img
Tuesday, December 3, 2024
spot_imgspot_imgspot_imgspot_img

“မသန်ပေမဲ့ စွမ်းနေဆဲ သူမ“

ကန္တာရဝတီတိုင်း(မ်)

ဝေဝေကျော်(အမည်လွှဲ)ဟာ ဒီးမော့ဆိုအနောက်ဘက်ခြမ်းမှာရှိတဲ့ စာကြည့်တိုက်တခုရဲ့ စာကြည့်တိုက်မှူးပါ။ သူမရဲ့ အနာဂတ်အိပ်မက်ကတော့ “စာရေးဆရာမ” တဦးဖြစ်လာဖို့ပါပဲ။
အားလပ်ချိန်တွေမှာတော့ ဝေဝေကျော်တယောက် “စာဖတ်တာ၊ စာရေးတာ”တွေနဲ့ အချိန်ကုန်ဆုံး နေတာပါ။

ဝေဝေကျော်မှာ ထူးခြားချက်တခုရှိပါတယ်။ သူမဟာ မွေးရာပါ ပိုလီယိုရောဂါကို ခံစားနေရတဲ့ အသက် ၂၄ နှစ်အရွယ် လူငယ်အမျိုးသမီးတဦးဖြစ်ပါတယ်။

ပိုလီယိုရောဂါရဲ့ လက္ခဏာတွေဖြစ်တဲ့ ကြွက်သားအားနည်းတာကို ခံစားနေရတာကြောင့် သာမာန်လူတယောက်လို မလှုပ်ရှားနိုင်တဲ့ ဝေဝေကျော်ဟာ စစ်ရှောင်စခန်းမှာ ပိုပင်ပန်းခဲ့ရပါတယ်။
ဒါပေမဲ့ သူမရဲ့ ရောဂါဟာ သူမရဲ့ ရည်မှန်းချက်တွေကို လက်လျော့ဖို့ မစွမ်းဆောင်နိုင်ပါဘူး။ သူမရဲ့ ရောဂါအခံကြောင့် စကားပြောရာမှာလည်း သာမန်လူတွေလို ပီပီသသ မပြောနိုင်ပါဘူး။ သူမဟာ ပါးစပ်ကနေ ပီပီသသ မပြောနိုင်ပေမဲ့ နှုတ်ကထွတ်မယ့်အကြောင်းအရာတွေကို စာတွေအဖြစ်ချရေးတတ်သူပါ။

သူမဟာ ကိုယ်ပိုင်ဘဝအကြောင်း၊ စစ်ရေးအကြောင်း၊ နိုင်ငံရေးအကြောင်း စတာတွေနဲ့ ပတ်သက်တဲ့ စာတွေကို ရေးလေ့ရှိတာပါ။

“နိုင်ငံရေးနဲ့ ပတ်သက်တဲ့ ဆောင်းပါးတွေရေးချင်တယ်” လို့ ဝေဝေကျော်က ပြောပါတယ်။
“မွေးလာကတည်းက ဘယ်သူကမှ မသန်စွမ်းဖြစ်ချင်တာ မဟုတ်ဘူးလေ။ ကျနော်ဘယ်နေရာမှာပဲ သွားသွား မသန်ဘူးဆိုတဲ့စကားကြောင့် နာကျင်ခဲ့ရတယ်။ ကိုယ့်အိပ်မက်ကိုတောင် ဖွင့်ပြောဖို့သတ္တိတောင်မရှိခဲ့ဘူး” လို့ သူမက ပြောပါတယ်။

ဝေဝေကျော် ရေးထားတဲ့စာတွေ၊ ဆောင်းပါးတွေကို အနီးအနားက သူငယ်ချင်း (သို့မဟုတ်) သင်တန်းဖော်တွေ ကို ပေးဖတ်လေ့ရှိပါတယ်။ သူမရေးသားထားတဲ့ ကဗျာတွေကိုလည်း လူငယ်တွေကြားဖတ်စေပြီး ကောင်းမွန်တဲ့ တုံ့ပြန်မှုတွေရတယ်လို့ သိရပါတယ်။

“သူ့ဟာ(စာ) ကိုဖတ်ရတာ ကောင်းတယ်ပဲပြောရမှာပေါ့။ အဲမျိုး စစ်ဖြစ်တဲ့ဟာလည်း သူရေးတယ်။ အဲမျိုး သူ တောတောင်မှာနေခဲ့ရတဲ့အကြောင်းတွေကိုလည်း သူရေးတယ်။ သူ့ဟာ (စာ) က အနှစ်သာရ ရှိတယ်။ အဓိပ္ပါယ်လည်းရှိတယ်။ ဖတ်ပြီးရင် ရင်ထဲကို ခံစားရတယ်” လို့ သူမရဲ့ သူငယ်ချင်းဖြစ်တဲ့ မခင်ဝင်း ပြောပါတယ်။

ဝေဝေကျော်နဲ့ မခင်ဝင်းတို့ကတော့ သင်တန်းတခုကို အတူတူတက်ရင်း ရင်းနှီးခဲ့ကြတာပါ။
ဝေဝေကျော်ဟာ ဒီးမော့ဆိုမြို့နယ်အနောက်ဘက်ခြမ်းက စစ်ရှောင်စခန်းတခုမှာ မိသားစုဝင်တွေနဲ့ အတူနေထိုင်ပါတယ်။ မောင်နှမ ၅ ယောက်ရှိတဲ့ အထဲမှာ ဒုတိယသမီးဖြစ်ပါတယ်။
သူမကြောင့် မိသားစုဝင်တွေကို ဝန်ထုပ်ဝန်ပိုး မဖြစ်အောင် ဝေယျာဝိစ္စတွေကို သူမကိုယ်တိုင်ပဲ တာဝန်ယူခဲ့ပါတယ်။

အိမ်မှုကိစ္စတွေနဲ့ မီးဖိုချောင်ဝင်ပြီး ချက်ပြုတ်တဲ့ အလုပ်တွေမှာလည်း ဝေဝေကျော်တယောက် သာမန်လူတွေလိုပဲ လုပ်ဆောင် နိုင်ပါတယ်။ သူမရဲ့မိသားစုဝင်တွေကတော့ အမြဲတမ်း ဖေးမကူညီတာမျိုး မရှိပေမဲ့ ပညာရေးနဲ့ပတ်သက်ပြီးတော့ အမြဲတမ်း အားပေးတယ်လို့ ဆိုပါတယ်။
သူမနေထိုင်တဲ့စစ်ရှောင်စခန်းနဲ့ ကျောင်းစာကြည့်တိုက်ဟာ မဝေးလွန်းလှပေမဲ့ သူမအဖို့ ၁ နာရီ ကြာအောင် လမ်းလျှောက်ရပါတယ်။

ဒီလိုလုပ်နိုင်တာကလည်း သူမရဲ့ စိတ်အားထက်သန်မှုတွေပါပဲ။
“(သူမ)ကြိုးစားတယ်ပေါ့နော်။ ကျမတို့ဆို အကောင်းတိုင်းရှိတယ်။ ဥပမာ – စကားဆိုလည်းပီတယ်။ လမ်းဆိုလည်း ကောင်းကောင်းလျှောက်နိုင်တယ်ကွာ..။ ဒါပေမဲ့ သူ့လောက်ဇွဲမရှိဘူးပေါ့နော်။ သူဆို စစ်ရှောင်ကနေ ကျောင်းအထိဆို ခြေလျင်နဲ့ပဲ သွားပြန်တယ်။ ကျမတို့သာဖြစ်ရင် ဘယ်တော့မှ မသွားပြန်ဘူး။ သူဆို စာကြည့်တိုက်ကို ပြန်စောင့်ပေးတယ်။ ခြေလျင်နဲ့ပဲ သွားပြန်တယ်။ ဒါလည်း သူ ဇွဲမလျှော့ဘူး” လို့ ဝေဝေကျော်နဲ့ ပတ်သက်ပြီး သူငယ်ချင်းဖြစ်တဲ့ မခင်ဝင်းက ပြောပါတယ်။

အာဏာသိမ်းပြီးတဲ့နောက် တိုက်ပွဲပြင်းထန်တဲ့ ကရင်နီပြည်မှာ သူမ ဇာတိဖြစ်တဲ့ ဒီးမော့ဆိုမြို့မှာ နေလို့မရတော့ဘဲ သူမတို့မိသားစုဟာ စစ်ရှောင်စခန်းထဲမှာ စစ်ရှောင်နေရတာ ၄ နှစ်ထဲ ရှိနေပါပြီ။
စာရေးဆရာမ တဦးဖြစ်ဖို့ ဆန္ဒရှိနေတဲ့ ဝေဝေကျော်အတွက်ကတော့ သူမနေထိုင်တဲ့ ပတ်ဝန်းကျင်မှာ စာရေးနည်းသင်တန်း သို့မဟုတ် ကူညီထောက်ပြပေးမယ့်ဆရာတွေ မရှိနေပါဘူး။

“ကရင်နီပြည်မှာ စာရေးနည်း သင်တန်း ဖွင့်တာရှိရင်လျှောက်မှာပဲ။” လို့ သူမကပြောပါတယ်။
အာဏာမသိမ်းခင် ဝေဝေကျော်ဟာ လွိုင်ကော်တက္ကသိုလ်မှာ သမိုင်းအထူးပြုဘာသာရပ်နဲ့ အဝေးသင် တက္ကသိုလ် ပညာရေးပထမနှစ်ကို သင်ယူထားသူဖြစ်ပါတယ်။ ဒါတွေအပြင် သူမဟာ အပြင်သင်တန်းတွေဖြစ်တဲ့ ကွန်ပျူတာ အခြေခံသင်တန်းတွေလည်း တက်ရောက်ထားသူပါ။

အာဏာသိမ်းကာလ ကြားမှာလည်း လူငယ်တွေအတွက် အင်္ဂလိပ်စာ၊ ကွန်ပျူတာနဲ့ ကရင်နီသမိုင်း စတာတွေကို အဓိကသင်ကြားပေးတဲ့ Karenni Praru ကိုယ်ထူကိုယ်ထကျောင်းနဲ့ ကရင်နီပြည် လူငယ်များသမဂ္ဂ (UKSY ) မှ ဖွင့်လှစ်တဲ့ လူငယ်နိုင်ငံရေးစွမ်းရည်မြင့်တင်ရေးနှင့် ခေါင်းဆောင်မှုသင်တန်းကိုလည်း တက်ရောက်ခဲ့ပါသေးတယ်။

သင်တန်းတက်တဲ့ ကာလတွေမှာ တခြားသင်တန်းသားတွေလိုပဲ တက်တက်ကြွကြွနဲ့ သင်ကြားပို့ချသမျှကို စိတ်ပါဝင်စားစွာ သင်ယူလေ့ရှိသလို သင်တန်းအတွင်း လုပ်ဆောင်ရတဲ့ လုပ်ရှားမှုတွေကိုလည်း ဝေဝေကျော် တယောက် ဘယ်တော့မှ နောက်ကျမကျန်ခဲ့ပါဘူး။

အများသူငှာလို တန်းတူဖြစ်အောင် သူမအနေနဲ့ အဆပေါင်းများစွာ ပိုကြိုးစားခဲ့ရတာကတော့ အမှန်ပါပဲ။
ခန္ဓာကိုယ်တခုလုံး အာရုံကြောချို့ယွင်းသူဖြစ်တဲ့ ဝေဝေကျော်ဟာ သူမ တက်ခဲ့ကျောင်းတလျှောက်လုံးမှာ စာသင်ခန်းရဲ့ ရှေ့ဆုံးတန်းက ခုံမှာ အမြဲနေရာယူတတ်ပြီး ပညာသင်ယူလိုစိတ် အမြဲပြင်းပြနေတတ်ပါတယ်။

သို့ပေမဲ့ သူမအတွက်တော့ စာသင်ကြားရာမှာ တခြားကျောင်းသားတွေထက် ခက်ခဲမှုတွေ ပိုရင်ဆိုင် နေရပါတယ်။

“အခက်အခဲက စာရေးတာ မမြန်တာမျိုးတွေ၊ နားအကြားမလွယ်တာ၊၊ စကားပြောတာ သူများနားမလည် လွယ်တာမျိုးကြောင့် အဆင်မပြေခဲ့ရဘူးပေါ့။ ဒါပေမဲ့ ကြာလာတော့ နားလည်သွားတာမျိုးတော့ ရှိနေပါတယ်။” လို့ ဝေဝေကျော်က သူမရဲ့ အခက်အခဲကို ပြောပါတယ်။

သူမ ကျောင်းတက်စဉ်တလျှောက်မှာ ခံစားနေရတဲ့ ရောဂါအခံကြောင့် တခြားကျောင်းသားတွေလို စက်ဘီး မစီးနိုင်ဘဲ အစောကြီးထပြီး တနာရီကြိုလမ်းလျှောက်ခဲ့ရပါတယ်။ အပြိုင်အဆိုင်များခဲ့တဲ့ ကျောင်းသားတွေ ကြားမှာလည်း သူမ ဘဝတလျှောက် ခက်ခဲခဲ့တာပါ။

ဒါတွေအပြင် သူမပညာသင်ယူခဲ့တဲ့ တတိတန်းစာသင်နှစ်မှာ “စာ” ကောင်းကောင်းမရေးနိုင်တဲ့အတွက် စာမေးပွဲမှာ အမှတ် “သုည” ရခဲ့လို့ သူငယ်ချင်းတွေကြား မခေါ်မပြော၊ သူငယ်ချင်းမလုပ်ချင်တာစတဲ့ ခွဲခြားဆက်ဆံတာတွေ ခံစားခဲ့ရဖူးပါတယ်။

အခုချိန်မှာတော့ ဝေဝေကျော်ဟာ ခက်ခဲလှတဲ့ သူမရဲ့ ရှင်သန်မှုတွေအတွက် စိတ်ဓာတ်ကျတဲ့အခါတွေမှာ သူမနှစ်သက်တဲ့ စာအုပ်စာပေတွေနဲ့ အင်အားပြန်လည်မွေးမြူရတယ်လို့ ဆိုပါတယ်။
သူမ ရှေ့ဆက်ရမယ့်အနာဂတ်အတွက် သူမရဲ့အိပ်မက်ဖြစ်တဲ့ “စာရေး” တဲ့ အလုပ်ကို ဆက်လက်လုပ် ဆောင်ရင်း၊ တဖက်မှာလည်း သူမတတ်နိုင်တဲ့ဖက်ကနေ ရပ်ရွာအကျိုး၊ ပြည်နယ်အကျိုးကို ထမ်းဆောင် သွားမယ်လို့ ပြောဆိုသွားပါတယ်။

“ကျနော့်ဘဝဟာ သူများနဲ့မတူညီခဲ့ပေမဲ့ စိတ်မပျက်ခဲ့ဘူး။ ဒါကြောင့်စိတ်ဓာတ်မကျဘဲ ဆက်လက် ကြိုးစားသွားပါ” လို့ ဝေဝေကျော်က ပြောဆိုသွားပါတယ်။

spot_img
spot_img