spot_imgspot_imgspot_imgspot_img
Thursday, July 4, 2024
spot_imgspot_imgspot_imgspot_img

မိသားစု စားဝတ်နေရေးအတွက် ရိုးရာဂျပ်ခုတ်လုပ်ရင်း ဝမ်းရေးဖြေရှင်းနေသူ

ကန္တာရဝတီတိုင်း ( မ် )

မနက်စောစော ဝေလီဝေလင်းအချိန်မှာ ဒေါ်အညေးဇယ် တယောက် ထမင်းဟင်းချက်ပြုတ်ကာ အိမ်မှုကိစ္စတွေနဲ့ အလုပ်ရှုပ်နေပါတယ်။

ဒေါ်အညေးဇယ် ဟာ အသက်အရွယ် အားဖြင့် ၅၆နှစ် ရှိပြီဖြစ်ပြီး သား၊ သမီး (၉) ယောက်ရှိပါတယ်။ အရင်ကတော့ ဒေါ်အန်းဂျလာဟာ လွိုင်ကော်မြို့၊ ဒေါဆန်းဘွန်းရပ်ကွက်မှာ နေထိုင်ခဲ့ပါတယ်။

အာဏာမသိမ်းခင် ကာလမှာ ဒေါ်အညေးဇယ် တို့ဟာ ဒေါဆန်းဘွန်း ရပ်ကွက်မှာ ဆိုင်လေးဖွင့်ပြီး ဝင်ငွေပုံမှန်ရှိခဲ့ပေမဲ့ ယခုစစ်ရှောင်တဲ့အချိန်မှာတော့ ပုံမှန်ဝင်ငွေမရှိတော့ပါဘူး။

“တနှစ်တခါ ကယန်းပွဲရှိတယ်လေ။ အဲ့ဒါ ပစ္စည်းတွေ အကုန်လုံး ပြခန်းကိုယူသွားတယ်။ ရောင်းကောင်းတယ်။ တရက်ကို ငါးသောင်း၊ ခြောက်သောင်းရတယ်ပေါ့နော။ မိုးဗြဲတို့ နေပြည်တော်အောက်ဖက်တွေလည်း တနှစ်သွားရတယ်။‌” လို့ ဆိုပါတယ်။

လွိုင်ကော်တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့တဲ့ ၂၀၂၂ခုနှစ်၊ ဇန်နဝါရီလမှာ ဒေါဆန်းဘွန်းကျေးရွာကနေ ဒီးမော့ဆိုမြို့နယ်ကို ဒေါ်အညေးဇယ် တို့ မိသားစုဟာ နေရပ်စွန့်ခွာပြီး စစ်ဘေးတိမ်းရှောင်ခဲ့ရတာပါ။ လက်ရှိ စစ်ရှောင်တဲ့အချိန်မှာတော့ ဆိုင်ခန်းတွေမဖွင့်နိုင်တော့ဘဲ ဒေါ်အညေးဇယ် ဟာ ရိုးရာ ဂျပ်ခုတ်ထည်တွေလုပ်ပြီး အိမ်မှာပဲ တပိုင်တနိုင် ရောင်းရတော့တာ ဖြစ်ပါတယ်။

ဒါပေမဲ့လည်း ဒီအာဏာသိမ်းကာလအတွင်းမှာ ဒေါ်အညေးဇယ် ရဲ့  ရိုးရာ ဂျပ်ခုတ်ထည်တွေဟာ သိပ်ရောင်းမရ‌တော့တဲ့အပြင် ချည်ကလည်း ဈေးကြီးပြီး ဝယ်ရခက်ခဲလာတယ်လို့ ဆိုပါတယ်။

“အခြေနေမကောင်းတော့၊ လမ်းလည်းပိတ်တော့ သွားလာရခက်တယ်ပေါ့နော်။ ချည်လည်း ဈေးတက်တယ်။ အခြေနေကောင်းတုန်းကနဲ့ ချည်ဈေးက တအားကွာ‌တာပေါ့။ အရင်တုန်းက ဒေါဆန်းဘွန်းမှာနေတုန်းကဆို လွိုင်ကော်ဈေးမှာသွားတယ်။ အခုက လွိုင်ကော်လည်း မရှိတော့ဘူး။ ခုက ချည်ဈေးတက်တယ်ဆို တအားကွာတာပေါ့။ အာဏာမသိမ်းခင်က (၁၅၀၀)ဆို ခုက (၅၀၀၀)။ တအားကွာတယ်” လို့ ဒေါ်အညေးဇယ် ကပြောပါတယ်။

ဒေါ်အညေးဇယ် ဟာ အသက်အရွယ်ကြီးပြီဖြစ်လို့ တခြား ပင်ပန်းတဲ့ တောင်ယာအလုပ်တွေကို မလုပ်နိုင်တော့ပါဘူး။  ဒါပေမဲ့လည်း သူမအတွက် ချည်ရှိနေသရွေ့တော့ ရိုးရာ ဂျပ်ခုတ်ထည်တွေကို ဆက်လုပ်နေနိုင်ပါတယ်။

နိုင်ငံရေးအခြေအနေတွေ အရင်လိုပြန်ကောင်းလာမယ်ဆိုရင် အရင်လိုပဲဆိုင်ခန်းလေးဖွင့်ပြီး ပြန်ရောင်းချင်မိတယ်လို့လည်း သူကဆိုပါတယ်။

ဒေါ်အညေးဇယ် ဟာ ငွေကြေးရသည်ဖြစ်စေ မရသည်ဖြစ်စေ ရိုးရာအမွေအနှစ်ကို ထိန်းသိမ်းတဲ့အနေနဲ့  ရိုးရာ ဂျပ်ခုတ်ထည်တွေကိုတော့ ဆက်လက်လုပ်ဆောင်သွားမယ်ဆိုတဲ့ သူရဲ့ ရိုးရာ ဂျပ်ခုတ်အပေါ်ထားတဲ့ ခံယူချက်ကို အခုလိုပြောပြပါတယ်။

“ရောင်းရသည်ဖြစ်စေ မရောင်းရသည်ဖြစ်စေ ဆက်လုပ်ရမယ်။ သားသမီးတွေအတွက်လည်း မပျောက်မပျက်အောင် ရိုးရာလည်း ထိန်းသိမ်းမယ်။ ကျမလည်း စိတ်ထဲမှာ အဲဒါပဲရှိတယ်။ ဆက်လက်လုပ်မယ်။ ရိုးရာမပျောက်အောင်ပေါ့။ ကောင်းသည်ဖြစ်စေ မကောင်းသည်ဖြစ်စေ ဆက်လုပ်ရမယ်။ ဂျပ်ခုတ်ပေါ့ မပျောက်အောင် ကျမသေတဲ့အထိပေါ့။” လို့ဆိုပါတယ်။

နိုင်ငံရေးတွေ ဘယ်လိုပင်ဖြစ်နေ ဖြစ်နေ လမ်းခရီးဘယ်လိုပင်ခက်ခဲနေပါစေအုံး‌‌တော့ ဒေါ်အညေးဇယ် ဟာ ချည်ရှိနေသရွေ့ ရိုးရာဂျပ်ခုတ်ကို ဆက်လက်လုပ်ဆောင်သွားမှာ ဖြစ်သလို၊ နိုင်ငံရေးကြီးပြီးဆုံးသွားရင်လည်း ဆိုင်ခန်းလေးဖွင့်ကာ ရိုးရာဂျပ်ခုတ်အထည်ဆိုင်လေးဖွင့်ပြီး မိသားစုတွေနဲ့ ရိုးရာဂျပ်ခုတ်လုပ်ငန်းကို ဆက်လက်ထိန်းသိမ်းသွားမယ်လို့ သူမရဲ့ခံယူချက်ကို ကြုံးဝါးပြီး ပြောဆိုနေပါတော့တယ်။

spot_img
spot_img