ကန္တာရဝတီတိုင်း(မ်)
ရှမ်း-ကရင်နီ နယ်စပ်က မိုးဗြဲမြို့မှာ နေ့စဥ်နဲ့အမျှ တော်လှန်ရေးတပ်ဖွဲ့နဲ့ စစ်ကောင်စီတပ်တို့ နှစ်ဖက်တိုက်ပွဲ ဖြစ်နေပြီး တစ်ရက်အတွင်း စစ်ကောင်စီ တပ်သား အနည်းဆုံး ၁၅ ဦးသေဆုံးကာ လက်နက် ခဲယမ်း ပစ္စည်းအချို့လည်း သိမ်းဆည်းရမိခဲ့တယ်လို့ အမှတ်(၁)ဗျူဟာမှ ရှမ်းတောင်စစ်ဒေသခွဲရဲ့ သတင်းနဲ့ ပြန်ကြားရေးတာဝန်ရှိသူ တစ်ဦးက ကန္တာရဝတီတိုင်း(မ်) ကို ပြောပါတယ်။
ယမန်နေ့ မတ်လ ၁၄ ရက်နေ့ တိုက်ပွဲအတွင်း စစ်ကောင်စီဖက် ၁၅ ဦးထက်မနည်း သေဆုံးခဲ့သလို လက်နက်(၉)လက်နဲ့ ဆက်စပ်ပစ္စည်းအချို့ သိမ်းဆည်းရမိခဲ့ပါတယ်။
“ရန်သူဖက် ကျဆုံးတာက မနေ့ကပါ။ တိုက်ပွဲက နေ့စဥ်ဖြစ်တယ်။ မနေ့ညအထိလည်း တိုက်ပွဲက ပြင်းထန်နေတုန်းပါ။ မတ်လအတွင်းကတော့ ကျန်တိုက်ပွဲတွေမှာတော့ စစ်ကောင်စီဖက် အကျဆုံး အထိခိုက် ရှိတယ်။ အတိအကျမသိတာတစ်ခုပဲ။ ကျနော်တို့ဖက်ကတော့ ထိခိုက်ဒဏ်ရာလောက်ပါပဲ”လို့ သူကဆိုပါတယ်။
စစ်ကောင်စီဟာ မိုးဗြဲမြို့ကို ပြန်လည် ရရှိဖို့ ပြီးခဲ့တဲ့ ဒီဇင်ဘာလကစပြီး ယနေ့ထိ လူအင်အား၊ လက်နက်အင်အား အပြင် ဒရုန်း၊ လက်နက်ကြီးပစ်ခတ်တာနဲ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နေပြီး အပြင်းအထန် ထိုးစစ်ဆင်နေတာပါ။
တော်လှန်ရေးအင်အားစုတွေဖြစ်ကြတဲ့ ရှမ်းတောင်စစ်ဒေသခွဲ အမှတ်(၁)ဗျူဟာ၊ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်နဲ့ အခြားတပ်ပေါင်းစုတွေက ပြန်လည် ခုခံတိုက်ခိုက်နေတာဖြစ်တယ်လို့ သိရပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီထိခိုက်သေဆုံးမှုရှိသလို KNDF တပ်ရင်း (၃) မှ ရဲဘော်တစ်ဦးကျဆုံးခဲ့ရတယ်လို့ ဒီကနေ့ မတ်လ ၁၅ ရက်နေ့မှာ KNDF တပ်ရင်း(၃) ကထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့ မတ်လ (၁၃)ရက်နေ့က စစ်ကောင်စီဖက်မှ ဒရုန်း၊ လက်နက်ကြီးတွေ အလွန်အကြူးအသုံးပြုကာ ထိုးစစ်ဆင်တိုက်ခိုက်နေတာကြောင့် တော်လှန်ရေးတပ်ဖွဲ့က ရှေ့တန်းကင်းနေရာအချို့ကို တပ်ဆုတ်ပေးခဲ့ရတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် စစ်ကောင်စီက မိုးဗြဲမြို့အတွင်း ဓါတ်ငွေ့ဗုံးနဲ့ မီးလောင်ဗုံးတွေ အသုံးပြုတိုက်ခိုက်နေတာကြောင့် မတ်လအတွင်း ပြည်သူ့နေအိမ် (၁၅)လုံးနဲ့အထက် မီးလောင်ပျက်စီးခဲ့ရတယ်လို့ KNDF တပ်ရင်း(၃) ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။