ကန္တာရဝတီတိုင်း (မ်)
ရှမ်း-ကရင်နီပြည် နယ်စပ် မိုးဗြဲမြို့မှာ ရေကြီးရေလျှံမှုကြောင့် ကုန်းမြင့်နေရာ ဒေသတွေမှာ စိုက်ပျိုးထားတဲ့ ဒေသခံတွေရဲ့ စပါးခင်းတွေဟာ ကြွက်တွေရဲ့ ဖျက်ဆီးခြင်းခံရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကြွက်တွေဟာ စပါးပင်ရဲ့ အပင်ရင်းကနေ ကိုက်ဖြတ် ဖျက်ဆီးနေတာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
“သူတို့(ကြွက်)က ဧကအလိုက်ဖျက်တာတော့မရှိဘူး။ ကျနော်တို့လုပ်တဲ့ အခင်းတွေဆို တစ်ပယ် (လယ်တစ်ကွက်) ဆိုလို့ရှိရင်တော့ တစ်လံနှစ်လံ ဝန်းကျင် အဲ့လိုမျိုး သူဖျက်တယ်ပေါ့နော။ ဟိုး အပင်ရင်းအထိ သူကိုက်ဖြတ်လိုက်တယ်ပေါ့နော။ အဲ့လိုမျိုးဆို တော်တော် တော့ ပျက်တယ်ပေါ့နော။ အများကြီးပျက်ကြတယ်”လို့ ဒေသခံတောင်သူတစ်ဦးက ပြောပါတယ်။
ဒေသခံတွေရဲ့အဆိုအရ ကုန်းမြင့်ဒေသမှာစိုက်ပျိုးထားတဲ့ စပါးခင်း ဧက ၇၀၀ ခန့်ရှိတယ်လို့ သိရပါတယ်။ ဖယ်ခုံအင်းကနေ မိုးဗြဲမြို့ကို ဖြတ်သန်းစီးဆင်းတဲ့ ဘီလူးချောင်း ဘေးတစ်လျှောက်မှာ ရေနစ်မြှုပ်မှုကြောင့် လယ်ဧက ၁၀၀၀ ခန့် ပျက်စီးခဲ့ရပါသေးတယ်။
ချောင်းဘေးတစ်လျှောက် ရေမြင့်တက်မှုကြောင့် တစ်ကောင်ကို ၅၀ သားအလေးချိန် ရှိတဲ့ ကြွက်တွေက ကုန်းမြင့်ပေါ်ကို စုပြုံတက်လာကြပြီး စပါးခင်းတွေကိုပါ ကိုက်ဖြတ်ခဲ့တာဖြစ်တယ်လို့ ပြောပါတယ်။
စပါးကို အဓိက အားထားစိုက်ပျိုးကြတဲ့ မိုးဗြဲတောင်သူတွေဟာ တစ်နှစ်မှာ မိုးကြိုစပါး၊ မိုးစပါး၊ နွေစပါး ဆိုပြီး သုံးကြိမ်စိုက်ပျိုးကြတယ်လို့ သိရပါတယ်။ တစ်ရာသီမှာ စိုက်ပျိုးထားခဲ့တဲ့ စပါးကို ပြန်လည်ရောင်းချပြီးတော့ နောက်ရာသီအတွက် အရင်းပြန် မ တည်ပြီး စိုက်ပျိုးရေးနဲ့ စားဝတ်နေရေးအတွက် ဖြေရှင်းကြပါတယ်။
ဖယ်ခုံမြို့နယ်နဲ့ မိုးဗြဲမြို့တို့မှာ ယခုနှစ် ရေကြီးရေလျှံမှုကြောင့် နဲ့ ကြွက်ဖျက်ဆီးမှုကြောင့် စိုက်ပျိုးဧက ၁၇၀၀ ခန့် ပျက်စီးခဲ့တယ်လို့ ပြောပါတယ်။ ဒါ့ကြောင့်လည်း ဒေသခံတွေဟာ လာမဲ့နှစ်အတွက် စိုက်ပျိုးရေး၊ စားနပ်ရိက္ခာအတွက် စိုးရိမ်မှုတွေရှိနေတယ်လို့ ဆိုပါတယ်။
မိုးဗြဲမြို့ပေါ်နဲ့ မြို့တွင်းရှိ ကျေးရွာတွေမှာ စစ်ကောင်စီနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေကြား ထိတွေ့တိုက်ပွဲ မကြာခဏဖြစ်ပွားခဲ့ဖူးပါတယ်။ မိုးဗြဲမြို့တွင်းရှိ ဝါရီဆူးပလိုင်ကျေးရွာမှာလည်း ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ၁၇ ရက်နေ့ကစလို့ ၂၀၂၃ ခုနှစ် နိုဝင်ဘာလအထိ စစ်ကောင်စီတပ်စွဲခဲ့ပြီး ကျေးရွာတွင်း မြေမြှုပ်မိုင်း ထောင်ထားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ တစ်ဖက်မှာ စစ်ဘေးရှောင်ရင်း ဝမ်းရေးအတွက် စပါးစိုက်ပျိုးကြပေမယ့် ရေကြီးရေလျှံမှုကြောင့် ပျက်စီးခဲ့ရပြီး နေထိုင်ရာစစ်ရှောင်စခန်းလည်း မရှိတော့တာကြောင့် မိုင်းတွေရှိနေတဲ့ ကျေးရွာထဲကို ပြန်လည်နေထိုင်ကြသူလည်း ရှိနေပါတယ်။