ကန္တာရဝတီတိုင်း(မ်)
ရှမ်း-ကရင်နီနယ်စပ်က မိုးဗြဲမြို့မှာ ဒီကနေ့ ဇန်နဝါရီလ ၁၄ရက်နေ့၊ မနက်ပိုင်းမှာ နှစ်ဖက် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီက လက်နက်ကြီး အဆက်မပြတ်ပစ်ခတ်ခဲ့တယ်လို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ကန္တာရဝတီတိုင်း(မ်) ကိုပြောပါတယ်။
“ဒီမနက်တော့ လက်နက်ကြီးတွေ ပစ်ခတ်နေတာရှိတယ်။ တိုက်ပွဲဖြစ်ပွားနေတာတော့မရှိဘူးပေါ့နော်။ လွိုင်ကော်မှာ မနက်ဖြန်က ကယားပြည်နယ်နေ့လည်း ဖြစ်တာကြောင့် ထင်တယ်။ အဲ့တာ သူတို့(စစ်ကောင်စီ)လက်နက်ကြီးတွေ လျှောက်ထုကြတာလေ။ လွိုင်ကော်ဖက်ကနေ ပစ်ခတ်လာကြတာ။ ဆက်တိုက်ပဲ။”လို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဆိုပါတယ်။
ဇန်နဝါရီလ ၁၅ ရက်နေ့မှာ ကျရောက်မယ့် ( ၇၃) နှစ်မြောက် ကယားပြည်နယ်နေ့မတိုင်ခင် ဒီရက်မှာ လက်နက်ကြီးပစ်ခတ်သံကို ကြားနေရတယ်လို့ လွိုင်ကော်မြို့ခံတွေကလည်း ပြောဆိုကြပါတယ်။ လက်နက်ကြီးကျရောက်မှုအခြေအနေကိုတော့ ကန္တာရဝတီတိုင်း ( မ် ) အနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။
စစ်ကောင်စီက လက်နက်ကြီး အဆက်မပြတ် ပစ်ခတ်နေတာကြောင့် ပြည်သူတွေအနေနဲ့ အသုံးပြုသွားလာတဲ့ လမ်းမကြီးတွေမှာ သတိထားသွားလာကြဖို့ကိုလည်း မိုးဗြဲကယ်ဆယ်ရေး အသင်းကလည်း ဒီကနေ့ ဇန်နဝါရီ ၁၄ ရက်နေ့မှာ အသိပေးထုတ်ပြန်ထားပါတယ်။
တော်လှန်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ မိုးဗြဲမြို့ကို စစ်ကောင်စီတပ်က ပြန်လည်ထိန်းချုပ်နိုင်ဖို့ ကြိုးစားနေတာကြောင့် တိုက်ပွဲပြန်လည်ဖြစ်ပွားနေတာ ပြီးခဲ့တဲ့ ၂၀၂၄ခုနှစ် ၊ နိုဝင်ဘာကတည်းကဖြစ်ပါတယ်။ စစ်ကောင်စီတပ်က မိုးဗြဲမြို့နဲ့ အနီးအနားက ကျေးရွာတွေကို လေကြောင်း ၊ လက်နက်ကြီး နဲ့ ဒရုန်းဗုံးကြဲတိုက်ခိုက်မှုကို မကြာခဏပြုလုပ်နေတာကြောင့် လုံခြုံရေးသတိရှိကြဖို့ တော်လှန်ရေးတပ်ဖွဲ့တွေက အသိပေးထားပါတယ်။