spot_imgspot_imgspot_imgspot_img
Saturday, February 22, 2025
spot_imgspot_imgspot_imgspot_img

မိုးဗြဲမြို့ ၊ ဝါရီဆူးပလိုင်ကျေးရွာက ရေတွင်းတခုမှာ လူတစ်ဦးရဲ့ အရိုးစုတွေ့ရှိ

Author

Date

Category

ကန္တာရဝတီတိုင်း (မ်)

ရှမ်း-ကရင်နီနယ်စပ် မိုးဗြဲမြို့အနီး၊ ဝါရီဆူးပလိုင်ကျေးရွာမှာ ဒေသခံတွေ နေရပ်ပြန်သန့်ရှင်းရေးပြုလုပ်နေစဥ် လူတစ်ဦးရဲ့အရိုးစုတွေကို ရေတွင်းထဲမှာ တွေ့ရခဲ့တယ်လို့ ဒေသခံတစ်ဦးက ဒီကနေ့ အောက်တိုဘာလ ၃၁ရက်နေ့မှာ ကန္တာရဝတီတိုင်း (မ်) ကို ပြောပါတယ်။

“အဲ့အရိုးက ကျနော်တို့ ရွာသားများဖြစ်နေမလားပေါ့။ ပြန်စစ်ကြည့်လိုက်တော့ ရွာသားမဟုတ်ဘူး။ သူ့လက်ရိုးလည်း စတီးတပ်ထားတယ်။ သူ့ခြေရိုးလည်း တစ်ဖက်က ကျိုးတဲ့ဒဏ်ရာဟောင်း တစ်ခုတော့ တွေ့ထားတယ်ပေါ့။ ဦးထုပ်ကလည်း ရဲဘော် ဦးထုပ်ဖြစ်နေတော့ ရဲဘော်များဖြစ်နေမလား။ သူတို့ အလောင်းယူပြန်မရပဲ နဲ့စစ်သားက အဲ့ထဲမှာ ပစ်ထည့်တာမျိုးဖြစ်မလားပေါ့နော”လို့ အဆိုပါဒေသခံက ပြောပါတယ်။

တွေ့ရှိထားတဲ့ အရိုးစုပေါ်မှာ စစ်သုံးဦးထုပ် နဲ့ ဗုဒ္ဓဘာသာဝင်တွေရဲ့ စိပ်ပုတီးတစ်ကုန်းကို တွေ့ရှိရပြီး အရိုးစုလည်း ဆွေးမြှေ့နေပြီလို့လည်း ပြောပါတယ်။

၂၀၂၂ခုနှစ် ဖေဖော်ဝါရီလ ၁၈ ရက်နေ့မှာ ဝါရီဆူးပလိုင်ရွာသား အယောက် ၂၀ လည်း ပျောက်သွားတဲ့ ဖြစ်စဉ်လည်းရှိခဲ့ပါသေးတယ်။ အဆိုပါရက်မတိုင်ခင်မှာ ဝါရီဆူပလိုင် ရွာထဲကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးတာတာကြောင့် ရွာသားတွေက တိမ်းရှောင်ခဲ့ကြတာပါ။

ပျောက်ဆုံးသွားတဲ့ ရွာသား အယောက် ၂၀ ထဲမှ အလောင်း ၂ ခုရဲ့ အရိုးစုကို ပြန်လည် ရှာတွေ့ခဲ့ပြီး ရွာဓလေ့အရ ပြန်လည်သင်္ဂြိုလ်ခဲ့တယ်လို့ ရွာသားတွေက ပြောပါတယ်။ ကျန်တဲ့ ၁၈ ဦးရဲ့ သတင်းအစအနကိုတော့ မကြားသိရတော့ဘူးလို့ ပြောပါတယ်။

ဒီကနေ့မှာ တွေ့ရှိခဲ့တဲ့ ရေတွင်းထဲက အရိုးစုကို ပျောက်ဆုံးသွားတဲ့ ရွာသားအရိုးစုလို့ ထင်မှတ်ခဲ့ပေမဲ့ စစ်ဆေးကြည့်တဲ့အခါမှာတော့ ဒေသခံရွာသားရဲ့ အရိုးမဟုတ်ကြောင်း ထင်ရှားနေတယ်လို့ တွေ့ရှိခဲ့တဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။

“ကြည့်ပုံက အဖွဲ့အစည်း ပုံစံမျိုးဖြစ်နေခါကျ‌တော့ ဝါရီဆူးပလိုင်တိုက်ပွဲတုန်းက သူတို့ မရလိုက်တဲ့ အလောင်းရှိမရှိပေါ့နော။ ရှိမယ်ဆိုလို့ရှိရင်လည်း သက်ဆိုင်ရာ ကာယကံရှင်နဲ့ သူတို့ပြန်လာပြီးတော့ အစစ်မှန်ကိုယ့်ရဲ့ လူဖြစ်နေရင်တော့ ပြန်လာယူလို့ရတယ်။ ပြန်လာယူပေးပါ” လို့ အဆိုပါဒေသခံက ဆက်ပြောပါတယ်။

လက်ရှိမှာတော့ အရိုးစုကို ဆယ်ယူထားပြီဖြစ်ပြီး စစ်ဆေးဖို့ သက်ဆိုင်ရာ နယ်မြေတပ်ဖွဲ့ကို အကြောင်းကြားထားတယ်လို့ ဆိုပါတယ်။

spot_img
spot_img
spot_img

Recent posts