spot_imgspot_imgspot_imgspot_img
Tuesday, April 29, 2025
spot_imgspot_imgspot_imgspot_img

မိုးဗြဲမှာ စစ်ကောင်စီ လက်နက်ကြီးပစ်ခတ်မှုကြောင့် အမျိုးသားတစ်ဦး ထိမှန်သေဆုံး

ကန္တာရဝတီတိုင်း ( မ် )

ရှမ်း-ကရင်နီ နယ်စပ် မိုးဗြဲမြို့က ကျေးရွာတစ်ရွာမှာ စစ်ကောင်စီရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် အမျိုးသားတစ်ဦး ထိမှန်သေဆုံးခဲ့တယ်လို့ မိုးဗြဲ ကူညီကယ်ဆယ်ရေးအသင်းက ယမန်နေ့ ဧပြီလ ၂၇ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

သေဆုံးခဲ့သူမှာ အသက် ၄၀ ဝန်းကျင် အရွယ် အမျိုးသားဖြစ်ပြီး စစ်ကောင်စီရဲ့ မိုးဗြဲ အခြေစိုက် ခမရ ၄၂၂ တပ်ကနေ ပစ်ခတ်ခဲ့တာဖြစ်တယ်လို့ ရှမ်းတောင် စစ်ဒေသခွဲ ဗျူဟာ အမှတ်(၁) တပ်ဖွဲ့ဆီကနေ သိရပါတယ်။

ဓါတ်ပုံ – ပေးပို့

လတ်တလောမှာလည်း မိုးဗြဲမြို့အတွင်းမှာ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားနေတယ်လို့ သိရပါတယ်။ အရပ်သားရှိရာအရပ်ကို စစ်ကောင်စီ ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်ခဲ့တာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

“ အမျိုးသားတစ်ဦး သေဆုံးခဲ့တယ်။ အခုက မိုးဗြဲဖက်လည်း တိုက်ပွဲတွေလည်းရှိတော့ သူတို့က(စစ်ကောင်စီ) အရပ်သားဖက်ပဲ လှည့်နေတယ်လေ။အမြဲလိုလိုပါပဲ။ သူတို့ထုံးစံလို့တောင်ပြောရမယ်ထင်တယ်”လို့ ဒေသခံအမျိုးသားတစ်ဦးက ဆိုပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ (၂၇)ရက်နေ့မှာလည်း စစ်ကောင်စီရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် အသက် (၇၀)အရွယ် အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါသေးတယ်။

တော်လှန်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ မိုးဗြဲမြို့ကို စစ်ကောင်စီက ပြန်လည်ရယူနိုင်ဖို့ မြေပြင်ထိုးစစ်တွေ၊ လေကြောင်းတိုက်ခိုက်မှုတွေ ၊ ဒရုန်းဗုံးကြဲချတိုက်ခိုက်မှုတွေ လုပ်ဆောင်လျက်ရှိနေပြီး တိုက်ပွဲဖြစ်ပွားနေတာ လေးလကျော်ကြာမြှင့်နေပြီ ဖြစ်ပါတယ်။

မိုးဗြဲမြို့ပေါ်မှာ နှစ်ဖက်တိုက်ပွဲတွေဖြစ်နေပြီး စစ်ကောင်စီက တိုက်ပွဲဖြစ်ပွားတဲ့နေရာအပြင် တိုက်ပွဲမဖြစ်ပွားတဲ့အချိန်မှာလည်း အရပ်သားရှိရာအရပ်ကို ပစ်မှတ်ထား တိုက်ခိုက်မှုတွေလည်း လုပ်နေတာကြောင့် အရပ်သားပြည်သူတွေအနေနဲ့ သတိထားသွားလာနေထိုင်ကြဖို့ကို တော်လှန်ရေးတပ်ဖွဲ့တွေက အသိပေးထားပါတယ်။

spot_img
spot_img