ကန္တာရဝတီတိုင်း(မ်)
ရှမ်း-ကရင်နီပြည် နယ်စပ် မိုးဗြဲမြို့မှာ စစ်ကောင်စီတပ် နဲ့ တော်လှန်ရေးတပ်ဖွဲ့ကြား တိုက်ပွဲ ပြင်းထန်နေပြီး နှစ်ဖက် ထိခိုက်မှုတွေရှိနေတယ်လို့ သိရပါတယ်။
ယခု ဧပြီလအတွင်း စစ်ကောင်စီဖက်ကနေ ဒုတိယအကြိမ် စစ်အင်အား ၃၀၀ ဝန်းကျင် နဲ့ ထပ်မံ စစ်ကြောင်းထိုးမှုတွေ လုပ်ဆောင် နေတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ၊ ရှမ်းတောင် စစ်ဒေသခွဲ အမှတ်(၁) ဗျူဟာ တပ်ဖွဲ့က ဒီကနေ့ ဧပြီလ ၂၈ ရက်နေ့မှာ အသိပေးထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့ ဧပြီလ ၁၉ ရက်နေ့မှာလည်း စစ်ကောင်စီက စစ်အင်အား ၁၀၀ ဝန်းကျင်နဲ့ စစ်ကြောင်းထိုးလာခဲ့သလို လက်ရှိမှာ ဒုတိယအကြိမ် စစ်အင်အား ၃၀၀ ဝန်းကျင်နဲ့ ထပ်မံ စစ်ကြောင်းထိုးလာတယ်လို့ ဆိုပါတယ်။
“ဒီရက် ၂၈ ရက်နေ့က မနက်ပိုင်း ၅ နာရီကစပြီးတော့ စစ်ကောင်စီက မိုးဗြဲမြို့ကို ပြန်လည်ထိန်းချုပ်နိုင်ဖို့ ဒီလထဲကို ဒုတိယအကြိမ် အင်အား ၃၀၀ ဝန်းကျင် စစ်ကြောင်းထိုးလာတယ်။ တိုက်ပွဲအတွင်း စစ်ကောင်စီဖက် အထိနာများတယ်။ တော်လှန်ရေးဖက်လည်း ချေမှုန်းရေး ရဲဘော် သုံးဦးထိခိုက်ဒဏ်ရာရပြီး တစ်ဦးက ပြင်းထန်ဒဏ်ရာရရှိတယ်။”လို့ ရှမ်းတောင် စစ်ဒေသခွဲ အမှတ်(၁) ဗျူဟာ တပ်ဖွဲ့ရဲ့ တာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။
တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး၊ လေယာဉ် ပစ်ကူတွေကြောင့် တော်လှန်ရေးတပ်ဖွဲ့ရဲ့ ရှေ့ကာကင်းတခု ပေးလိုက်ရတယ်လို့ ဆိုပါတယ်။
အလားတူ ယမန်နေ့ ဧပြီလ ၂၇ ရက်နေ့မှာလည်း နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ကာ မိုးဗြဲတပ်ရင်း(၁) P3-1001 တပ်ရင်းက ရဲဘော်တစ်ဦး ကျဆုံးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အခုလို တိုက်ပွဲပြင်းထန်နေတဲ့ မိုးဗြဲမြို့အနီးနားက ဒေသခံပြည်သူတွေကို သတိထား သွားလာနေထိုင်ကြဖို့ကိုလည်း အသိပေးထားပါတယ်။
“ဘယ်လိုသတိပေးလို့ ပေးရမှန်းတောင်မသိဘူး။ စစ်မြေပြင်မဟုတ်တဲ့ နေရာတောင် လက်နက်ကြီး ရမ်းသန်းပစ်တော့လေ။ အမြဲတမ်း သတိဝိရိယ နေပေးဖို့ ထပ်ပြီးပြောချင်ပါတယ်။”လို့ ရှမ်းတောင် စစ်ဒေသခွဲ အမှတ်(၁) ဗျူဟာတပ်ဖွဲ့ရဲ့ တာဝန်ရှိသူတစ်ဦးက အခုလိုဆက်ပြောပါတယ်။
လက်ရှိမှာတော့ တော်လှန်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ မိုးဗြဲမြို့ကို ပြန်လည်ရရှိဖို့အတွက် စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို ရှမ်းတောင်စစ်ဒေသခွဲ၊ PDF ဗျူဟာအမှတ်(၁) လက်အောက်မှာရှိတဲ့ တပ်ရင်းတပ်ဖွဲ့တွေ ၊ ကရင်နီအမျိုးသား ကာကွယ်ရေးတပ် KNDF နဲ့ အခြားမဟာမိတ်တပ်ပေါင်းစုတို့က ခုခံတိုက်ခိုက်နေတယ်လို့ တော်လှန်ရေးတပ်ဖွဲ့ဆီက နေသိရပါတယ်။
စစ်ကောင်စီက မိုးဗြဲမြို့ကို ပြန်လည်ထိန်းချုပ်နိုင်ဖို့ တိုက်ပွဲအတွင်း စစ်ကောင်စီရဲ့ အခြေစိုက်တပ်ရင်းရှိရာ ဖယ်ခုံ၊ မိုးဗြဲ၊ လွိုင်ကော်တပ်ကနေ လက်နက်ကြီး ပစ်ကူအပြင်၊ ဂျက်ဖိုက်တာ တိုက်လေယာဉ်တွေကိုပါ အသုံးပြု တိုက်ခိုက်တာတွေ ပြုလုပ်နေတယ်လို့ ဆိုပါတယ်။
တိုက်ပွဲ ဆက်လက်ဖြစ်ပွားနိုင်တာကြောင့် မိဘပြည်သူများအနေနဲ့ မိုးဗြဲမြို့ဘက်ကို အရေးကြီးကိစ္စနဲ့ ဖြတ်သန်းသွားလာပါက မြေပြင်အခြေနေ စုံစမ်းပြီးမှသာ သွားလာကြဖို့ကိုလည်း ရှမ်းတောင် စစ်ဒေသခွဲ အမှတ်(၁) ဗျူဟာတပ်ဖွဲ့က ထပ်မံ အသိပေးထားပါတယ်။