ကန္တာရဝတီတိုင်း ( မ် )
ရှမ်း-ကရင်နီနယ်စပ် မိုးဗြဲမြို့မှာ တော်လှန်ရေးတပ်ဖွဲ့နဲ့ စစ်ကောင်စီတပ်တို့ ဖြစ်ပွားတဲ့တိုက်ပွဲအတွင်း နှစ်ဖက် ထိခိုက်ကျဆုံးမှု ရှိတယ်လို့ တော်လှန်ရေးတပ်ဖွဲ့ဆီကနေ သိရပါတယ်။
နေ့စဉ်တိုက်ပွဲဖြစ်ပွားမှုရှိပြီး တိုက်ပွဲအကြီး၊ အသေးသာ ကွာခြားတယ်လို့ မိုးဗြဲ PDF တပ်ရင်း (၁) ရဲ့ တာဝန်ရှိသူတစ်ဦးက ကန္တာရဝတီတိုင်း(မ်) ကိုပြောပါတယ်။
“မိုးဗြဲမှာတော့ နေ့တိုင်း တိုက်ပွဲဖြစ်နေတာပေါ့နော်။ ဒီအခြေအနေပေါ်မူတည်ပြီးတော့ တိုက်ပွဲကြီး တိုက်ပွဲငယ်ဖြစ်တာပဲရှိတယ်။ နေ့တိုင်းတော့ တိုက်ပွဲဖြစ်တယ်။ အကယ်၍ နည်းနည်းငြိမ်တဲ့နေ့ ဆိုရင် လက်နက်ကြီးနဲ့ ပြည်သူတွေရှိနေရာမှာ ထု၊ လေယာဥ်နဲ့ တိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့ နေရာကို လာကြဲချတဲ့ အကျင့် ရှိတယ်။ ဒရုန်းနဲ့လည်း နေ့တိုင်းချနေတယ်။ “လို့ မိုးဗြဲ PDF တပ်ရင်း(၁) ရဲ့ တာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ နောက်ဆုံးပတ်ကဖြစ်ပွားတဲ့ မိုးဗြဲတိုက်ပွဲအတွင်း တော်လှန်ရေးတပ်ဖွဲ့ဖက်က ၅ဦး ကျဆုံးခဲ့တယ်လို့ သိရပါတယ်။
တိုက်ပွဲကြောင့် ဖေဖော်ဝါရီလ ၂၇ရက်နေ့ တစ်ရက်အတွင်း တော်လှန်ရေးတပ်ဖွဲ့ဖက်က မိုးဗြဲတပ်ရင်းက နှစ်ဦး၊ မြို့ပြတော်လှန်ရေးတပ်ဦးက နှစ်ဦး ကျဆုံးပြီး နောက်တစ်ရက်မှာတော့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်က တစ်ဦးထပ်မံ ကျဆုံးခဲ့တယ်လို့ မိုးဗြဲ PDF တပ်ရင်း(၁) ရဲ့ တာဝန်ရှိသူတစ်ဦးက အခုလိုဆက်ပြောပါတယ်။
“ကျနော်တို့ တော်လှန်ရေးအင်အားစုဖက်လည်း ၅ ယောက်ပေါ့နော် ၅ယောက်ကျဆုံးသွားတာရှိတယ်။ မိုးဗြဲ PDF တပ်ရင်း(၁) တစ်ယောက်ရယ်၊ တပ်ရင်း(၂) တစ်ယောက်ရယ်၊ KNDF တစ်ယောက်ရယ်၊ မြို့ပြ ၂ယောက်ပေါ့နော်။”လို့ သူကဆိုပါတယ်။
စစ်ကောင်စီဖက်က ထိခိုက်ကျဆုံးမှုအခြေအနေကို အတိအကျမသိရပေမဲ့ ခန့်မှန်းခြေဦးရေ၂၀ ကျော်ကျဆုံးနိုင်ပြီး ၄၀ ဝန်းကျင် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ အဆိုပါ မိုးဗြဲ PDF တပ်ရင်း(၁) ရဲ့ တာဝန်ရှိသူက ဖြည့်စွက်ပြောဆိုထားပါတယ်။
မိုးဗြဲမြို့ပေါ်က ဖြစ်ပွားတဲ့ တိုက်ပွဲအခြေအနေ၊ ထိခိုက်ကျဆုံးမှုနဲ့ပတ်သက်ပြီး တော်လှန်ရေးတပ်ဖွဲ့က တစ်စုံတစ်ရာထုတ်ပြန်ထားတာ မရှိသေးပါဘူး။