spot_imgspot_imgspot_imgspot_img
Tuesday, March 11, 2025
spot_imgspot_imgspot_imgspot_img

မိုးဗြဲ စစ်ရှောင်ကလေးငယ်တွေ ကျောင်းတက်ခွင့်မရကြသေး

Author

Date

Category

မူဖိလစ်စတာ/ကန္တရဝတီတိုင်းမ်

ရှမ်း- ကရင်နီနယ်စပ်၊ မိုးဗြဲမြို့မှ စစ်ရှောင်ကလေးငယ်တွေဟာ ယခုနှစ် စာသင်နှစ်မှာ တိုက်ပွဲကြောင့် တိမ်းရှောင်နေရတဲ့အတွက် ကျောင်းမတက်ရတဲ့ သူတွေရှိနေတယ်လို့ ဒေသခံတွေကပြောပါတယ်။

ဖေဖော်ဝါရီလက စတဲ့ မိုးဗြဲ မြို့တွင်း တိုက်ပွဲတွေ၊ စစ်ရေးတင်းမာမှုတွေကြောင့် မိုးဗြဲဒေသခံ တွေက မတူညီတဲ့ နေရာ‌ဒေသ အသီးသီးမှာ စစ်ဘေးရှောင်နေကြပါတယ်။ စစ်ရှောင်စခန်းတစ်ခုမှာလည်း ကျောင်းသား ၂၃ ဦးရှိသည့်အနက် ၂၁ ဦးကကျောင်းမတက်နိုင်ကြဘူးလို့ စစ်ရှောင်ကော်မတီ တစ်ဦးကပြောပါတယ်။

“တချို့ကလေးက ကျောင်းမတက်ရလို့ဆိုပြီးငိုကြတာ အဲလိုမျိုးရှိတာပေါ့နော။ ကျောင်းတက်ချင်လွန်းလို့ ကျောင်းမတက်ရတဲ့ခါကျတော့ မိဘကိုပူဆာပြီး ကျောင်းပေးတက်ဖို့ မိဘကိုတောင်းဆိုကြတာပေါ့နော။” လို့ စစ်ရှောင်ကော်မတီ တစ်ဦးကပြောပါတယ်။

စစ်ရေးအခြေအနေမကောင်းတဲ့ ကာလလည်းဖြစ်လို့ မိဘတွေက သားသမီးကို ကျောင်းထားဖို့ အဝေးကို မပို့ရက်တာကြောင့်လည်း ကလေးတွေကျောင်း မတက်နိုင်ကြတော့တာ လို့ သူကဆက်ပြောပါတယ်။

တနေ့လုပ်တနေ့စားရင်း အသက်မွေးဝမ်းကျောင်းပြုခဲ့ရတဲ့ မိုးဗြဲစစ်ရှောင်တွေမှာ စားဝတ်နေရေးကြပ်တည်းလာပြီး ဝင်‌ငွေလည်း ကြပ်တည်းလာလို့ ကလေးကို ကျောင်းထားဖို့ခက်ခဲနေတယ်လို့ မိုးဗြဲစစ်ရှောင် အမျိုးသမီးတစ်ဦးက အခုလိုပြောပါတယ်။

“အရင်နှစ်ကတော့ ဟိုး မိုးဗြဲမှာနေတဲ့ချိန်တုန်းကဆို တက်ရတယ်။ သူများတစ်လဆို နည်းနည်းပဲတောင်းတယ်။ တစ်လ ၅၀၀၀ အဲလောက်ပဲတောင်းတယ်။ အခုကျတော့ တစ်နှစ်ဆို သူများ အများကြီးတောင်းတယ်။ တစ်နှစ် ၂ သိန်းကျော်ကျော် တောင်းတယ်။ ပြီးတော့လည်း တစ်လ တစ်လ စာလည်းရှိသေးတယ်။အဲလောက်တောင်းတော့ မနိုင်ဘူး” လို့ အဆိုပါ စစ်ရှောင်အမျိုးသမီး ကပြောပါတယ်။

၎င်းကိစ္စနဲ့ ပတ်သတ်ပြီး ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ (IEC) အထွေထွေအတွင်းရေးမှူး ဦးဗညား ကတော့ စစ်ရှောင်ပညာရေးနဲ့ ပတ်သက်ပြီး မကြာမီအချိန်အတွင်း အကောင်ထည်ဖော်ဆောင်ရွက်သွားဖို့ ရှိနေကြောင်းပြောပါတယ်။

“ကျတော်တို့မျှော်လင့်ထားတဲ့ ကနဦး အတိုင်းဆိုရင်တော့ ကျတော်တို့ မကြာခင်မှာ IEC ကလည်းပညာ‌ရေးဆိုင်ရာ အထောက်အကူပြုပေါ့နော စာရေးကိရိယာတွေ ၊ ဆရာ ဆရာမတွေရဲ့ ( allowance ပဲပြောပြော stipend ပဲပြောပြော) ထောက်ပံ့ကြေးငွေ ပေါ့နော ကျတော်တို့ပေးနိုင်မှာပါ။ မကြာတော့ပါဘူး ဒီလပိုင်းဆိုရင်တော့ ကျတော်တို့ စပြီးတော့မှ အကောင်ထည်ဖော်သွားဖို့ရှိပါတယ်။” လို့ပြောပါတယ်။

ရှမ်း- ကရင်နီ နယ်စပ်က မိုးဗြဲမြို့မှာ ဖေဖော်ဝါရီလ ကစလို့တိုက်ပွဲပြင်းထန်ခဲ့ပြီး တိုက်ပွဲတွေဆက်နေခဲ့ပါတယ်။ စစ်ရှောင်ကူညီသူရဲ့ စာရင်းအရ မိုးဗြဲမြို့မှာ လူဦးရေ သုံး‌သောင်းနီးပါး ရှိပြီး ၅၀ ရာခိုင်နှုန်းဟာ စစ်ရှောင်နေရပါတယ်။

spot_img
spot_img
spot_img

Recent posts