spot_imgspot_imgspot_imgspot_img
Wednesday, April 30, 2025
spot_imgspot_imgspot_imgspot_img

မိုးရာသီအမီ ကျောင်းဆောင်အမိုးပြုပြင်ဖို့ ရောင်နီဦးကျောင်းမှ အရေးပေါ် အကူအညီလိုအပ်

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်အတွင်းမှာ ဖွင့်လှစ်ထားတဲ့ ရောင်နီဦးကျောင်း (PreGED) အတွက် မိုးရာသီအမီ စာသင်ကျောင်းဆောင် အမိုးပြုပြင်နိုင်ဖို့ အကူအညီလိုအပ်နေတယ်လို့ ကျောင်းတာဝန်ရှိသူတစ်ဦးက ကန္တာရဝတီတိုင်း(မ်) ကို ပြောပါတယ်။

ကျောင်းသားတွေဟာ ကျောင်းအတွင်းမှာ ကျောင်းအိပ်၊ကျောင်းစားအဖြစ် နေထိုင်ပြီး စာသင်ယူနေကြတာကြောင့် စာသင်ယူဖို့ ခက်ခဲတဲ့အပြင် နေထိုင်စားသောက်ဖို့လည်း အခက်အခဲရှိတယ်လို့ ဆိုပါတယ်။

“အခုကျောင်းက ကျောင်းသားတွေက ကျောင်းနေကျောင်းစားကျောင်းအိပ်ဖြစ်တော့ အမိုးအဆင်မပြေတော့ အခက်ခဲတအားဖြစ်တာပေါ့နော်။ မိုးရာသီက မရောက်သေးပေမဲ့ အခုက ဒီဖက်မှာ မိုးစောတာ ကြုံနေရတော့ နေဖို့၊ အိပ်ဖို့ကအစ စာသင်ယူဖို့ကော ကျောင်းက အမိုးမလုံဘူး။ သက်ကယ်နဲ့မိုးထားတော့ ကြာလာတော့ ဆွေးလာပြီး ပျက်စီးလာတာတွေ ဖြစ်သွားတာပေါ့နော်။ အဲ့တာ မိုးရာသီ မတိုင်ခင်အမိုးကောင်းကောင်း ပြန်မိုးချင်တယ်။ ပြန်မိုးဖို့လိုတယ်ပေါ့။” လို့ ကျောင်းတာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။

ရောင်နီဦး (Pre GED ) ကျောင်းဟာ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဩဂုတ်လအတွင်းမှာ အပတ်စဥ် (၁) စတင်ဖွင့်လှစ်ခဲ့ပြီး ကျောင်းသူ/သားပေါင်း ၃၅ ဦးကို ဆရာ/မ ၆ ဦးနဲ့ ကျောင်းချိန် ၆ လကြာ စတင်ခဲ့ကြကာ လက်ရှိမှာတော့ အပတ်စဥ်(၂) ဖွင့်လှစ်သင်ကြားနေပြီဖြစ်ပြီး ကျောင်းသူ/သားပေါင်း ၄၅ ဦး တက်ရောက်နေတယ်လို့ ဆိုပါတယ်။

အပတ်စဥ်(၁) ကို ၆လကြာ ဖွင့်လှစ်ခဲ့ပေမယ့် ကျောင်းသားတွေရဲ့ အခြေအနေပေါ်မူတည်ပြီး လက်ရှိအပတ်စဥ်(၂) ကိုတော့ ၁၀ လကြာ ဖွင့်လှစ်သွားမှာဖြစ်တယ်လို့ သိရပါတယ်။ အပတ်စဥ်(၂) ကို ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလအတွင်းမှာ ဖွင့်လှစ်ခဲ့ပါတယ်။

အပတ်စဥ်(၁) ပြီးမြောက်သွားတဲ့ ကျောင်းသားတွေထဲက အချို့မှာတော့ တခြားကျောင်းတွေမှာ ဆက်ပြီး ပညာသင်ယူနေကြသလို အချို့မှာတော့ GED ဖြေဆိုဖို့ လက်ရှိ အပတ်စဥ်(၂) ကိုပဲ ဆက်လက် သင်ယူနေတယ်လို့ သိရပါတယ်။

အဆိုပါ ကျောင်းဆောင်အမိုးအတွက် လိုအပ်ချက်ဟာ ခန့်မှန်းခြေ မြန်မာငွေ ကျပ်သိန်းပေါင်း ၅၀ ဝန်းကျင် လိုအပ်နေတယ်လို့လည်း ကျောင်းတာဝန်ရှိသူက ဖြည့်စွက်ပြောဆိုထားပါတယ်။

spot_img
spot_img
spot_img

Recent posts