CJ (ကန္တာရဝတီတိုင်း(မ်))
ကရင်နီပြည် ဖရူဆိုမြို့ ကေးလျားကျေးရွာ အနီး ခိုလီဆိုတောင်မှာ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ကမ်းပါးရေတိုက်စားခံရပြီး မြေပြိုကျခဲ့တဲ့အတွက် ဒေသခံတွေက အောက်တိုဘာလ ၇ရက်နေ့မှာ သွားရောက်ရှင်းလင်းခဲ့တယ်လို့ သိရပါတယ်။
“ဒီနေ့ လမ်းပြင်တာ မဟုတ်ဘူး၊ လမ်းဘေးက ချုံတွေပါရှင်းတာ၊ လမ်းသွားလမ်းလာ မြင်ရဖို့ပေါ့၊ အခု တစ်ရွာလုံး လုပ်အားပေးခေါ်ထားတာ ဘယ်လောက်အင်အားလည်းတော့ မသိဘူး၊ ဧည့်သည်တွေလည်းပါတယ်၊ စစ်ဘေးရှောင်တွေလည်း လာလုပ်ကူတာပေါ့၊ အခု မြေပြိုတာက မိုးထပ်ရွာရင် မြေထပ်ပြိုဖို့ရှိနေတယ်၊ နေပူရင်တော့ တစ်မျိုးပေါ့၊ ပြီးခဲ့တဲ့ ညက မိုးအရမ်းကြီးတော့ မြေပျော့လို့ ပြိုသွားတာ၊ အရင်နှစ်တွေဆို ဒီတောင်ထိပ်မှာ မပြိုဘူး၊ ဟိုဘက်နားမှာ ပြိုတာ။ ” လို့ ကေးလျားကျေးရွာမှ ကိုလော်ရယ်က ပြောပါတယ်။
အောက်တိုဘာလ ၄ ရက်နေ့ညပိုင်းက မိုးသည်းထန်စွာရွာသွန်းမှုဖြစ်ပြီး ပြိုကျခဲ့တာဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။ ခိုးလီဆိုတောင်ဟာ အမြင့်ပေ ၃၀၀ ကျော်အမြင့်ရှိပြီး နှစ်စဉ်ပြိုကျမှုဖြစ်ပွားနေတဲ့အတွက် ထပ်မံပြိုကျမှာကို ဒေသခံတွေက စိုးရိမ်နေကြပါတယ်။
“ဒေသခံများ အားထားသွားလာရတဲ့ လမ်းဖြစ်လို့ ခိုးလီဆိုတောင် ကမ်းပါးထပ်မံပြိုမကျအောင် ပြုလုပ်သွားမယ်၊ တောင်မမြင့်ပေမဲ့ ကမ်းပါးမြင့်တဲ့ အနေအထားတစ်ခုဖြစ်နေလို့ အန္တရာယ်မဖြစ်စေရေး ဆောင်ရွက်သွားမယ်” လို့ ရွာရပ်မိရပ်ဖ ဦးရှားရယ်က ဆိုပါတယ်။
အဆိုပါ ခိုးလီဆိုတောင်ထိပ် ကမ်းပါးထပ်မံ မပြိုကျအောင် လမ်းလွဲကနေ သွားလာနိုင်ရေး၊ သဲကျောက် ခင်းပေးခြင်း၊ ကမ်းပါး လက်ယားကာပေးခြင်းတွေကို ပြန်လည်ပြုပြင်ပေးခဲ့တယ်လို့ သိရပါတယ်။
အောက်တိုဘာလ ၄ ရက်နေ့ည ၁၀ နာရီ အချိန်မှာ မိုးစတင် ရွာသွန်းခဲ့ပြီး မြို့နယ်အတွင်း အချို့နေရာမှာ ရေကြီးခဲ့သလို အောက်တိုဘာလ ၅ ရက်နေ့ကစပြီး ဖရူဆိုမြို့နယ် အရှေ့ဘက်ခြမ်းမှာ ဆက်သွယ်ရေးဖုန်းလိုင်း ၃ ရက်ဆက်တိုက် ပြတ်တောက်ခဲ့တယ်လို့ ဒေသခံပြောပြချက်အရ သိရပါတယ်။
