spot_imgspot_imgspot_imgspot_img
Wednesday, October 16, 2024
spot_imgspot_imgspot_imgspot_img

မီးလောင်သေဆုံးသွားတဲ့ ကျောင်းဆရာမလေး အမှုကို စုံစမ်းစစ်ဆေးမှု ဘယ်အခြေအနေထိရောက်ပြီလဲ? (အင်တာဗျူး)

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၃ ရက်နေ့မှာ ကျောင်းဆရာမ တစ်ဦးဟာ မီးလောင်သေဆုံးမှု ဖြစ်ပွားခဲ့ပါတယ်။ သူမဟာ ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်အနောက်ဘက်ခြမ်းမှာနေထိုင်ပြီး သူမ တာဝန်ကျတဲ့ ကျေးရွာဟာ ရှမ်း-ကရင်ပြည် နယ်စပ် ဆီးဘူးဒေသအတွင်းက ကျေးရွာတရွာဖြစ်တယ်လို့ သိရပါတယ်။

စက်တင်ဘာလ ၂၃ ရက်နေ့ ည အချိန်မှာ ဆရာမဖြစ်သူနေထိုင်တဲ့နေအိမ် မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ပြီး သေဆုံးခဲ့ရတယ်လို့ ဆိုပါတယ်။ သေဆုံးသူရဲ့ ရုပ်အလောင်းကို သယ်ယူဖို့ မိသားစုဝင်တွေ ရောက်သွားချိန်မှာ ရုပ်အလောင်းဟာ တစစီကြေမွနေတယ်လို့ မိခင်ဖြစ်သူက ကန္တာရဝတီတိုင်း(မ်) ကို ပြောပါတယ်။

အဆိုပါ ကျောင်းဆရာမ ဟာ ကယန်းအမျိုးသားပညာရေးကော်မတီ KNEC မှ စေလွတ်ထားတဲ့ ဝန်ထမ်းတစ်ဦးဖြစ်တယ်လို့ သိရပါတယ်။ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး KNEC အနေနဲ့ စုံစမ်းစစ်ဆေးမှုပြုလုပ်သွားမယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

လက်ရှိမှာ စုံစမ်းစစ်ဆေးမှု အခြေအနေ ဘယ်အဆင့်ထိ ရောက်ရှိနေပြီလဲဆိုတာနဲ့ ပတ်သက်ပြီး ကန္တာရဝတီတိုင်း(မ်) KNEC ရဲ့ ဒု-ဒါရိုက်တာ ခွန်းနေဇာ ကို ဆက်သွယ်မေးမြန်းထားပါတယ်။

မေး ။ ။ သေဆုံးသွားတဲ့ ကျောင်းဆရာမလေး ရဲ့ ဖြစ်စဉ်ကို ပြောပြပေးပါရှင့်။ သေဆုံးမှုက မတော်တဆမှုလား၊ ဘယ်လိုကြောင့် ဖြစ်ခဲ့တာလဲ။ သေဆုံးမှုမှာ မိသားစုဝင်တွေရဲ့ ပြောပြချက်အရ ခန္ဓာကိုယ် အစိတ်အပိုင်းတွေပြန့်ကျဲနေတာ ဘာကြောင့်ပါလဲရှင့်။

ဖြေ ။ ။ သူ့ရဲ့ ဖြစ်စဉ်အရဆို မတော်တဆ အိမ်မီးလောင်တာဖြစ်တယ်ပေါ့နော်။ လူသတ်မှုဆိုတဲ့ကိစ္စမှာကတော့ ကျနော့်အနေနဲ့ကတော့ လောလောဆယ်တော့ တပ်အပ်ပြောလို့ မရပါဘူး။ ဘာဖြစ်လို့လဲဆို ဒီဘက်မှာက သူတို့မိရိုးဖလာ အလုပ်လုပ်တဲ့အရဆို ဖာလာစိုက်ပျိုးကြတယ်ပေါ့နော်။ ဆိုတော့ အခုကာလက အဲ့ဒီဘက်ဒေသမှာပေါ့နော် အခင်းဖြစ်ပွားတဲ့ ဒေသဘက်မှာဆိုရင် ဖာလာစိုက်ခင်းတွေ အများကြီး ရှိကြသလို ဖာလာတွေ လှန်းကြတယ်။ လှန်းတဲ့အခါမှာ မိုးတွင်းဖြစ်တဲ့အတွက် မီးကိုဘဲ အားကိုးပြီးတော့မှ လှန်းကြတယ်။ ဒီသေဆုံးမှာက မီးက ဘယ်ကစလောင်တယ်ဆိုတဲ့ ကိစ္စကိုတော့ မဖော်ထုတ်နိုင်သေးတာဘဲဖြစ်တယ်။

ဘာကြောင့်လောင်တယ်။ ပြီးတော့ သေဆုံးသူနဲ့ပတ်သက်ပြီးတော့မှ အသေးစိတ်ကို သက်ဆိုင်ရာ အဖွဲ့အစည်းတွေအနေနဲ့လည်း စုံစမ်းနေတယ်။ နှစ်ဖက်ကိုယ်စားလှယ် ကံယံကံရှင် သေဆုံးသူ မိသားစုဝင်တွေကနေပြီးတော့မှ ကိုယ်စားလှယ်တွေကို ရွေးချယ်ပြီးတော့မှ သက်ဆိုင်ရာ အဖွဲ့အစည်းကနေပြီးတော့မှ စိစစ်ရေးကော်မတီကို ဖြည့်စွက်ပြီးတော့မှ ဆောင်ရွက်လျက်ရှိတယ်။ ဆိုတော့ အဲ့ဒီအဖြစ်မှန် ပေါ်ပေါက်ရေးရယ်၊ အမှုမှန်ပေါ်ပေါက်ရေးအတွက် ဆက်လက်သွားနေပါတယ် ဆိုလောက်ဘဲ ပြောနိုင်သေးတယ်။ အသေးစိတ်ကိုတော့ မကြာခင် ဖော်ထုတ်နိုင်မယ်လို့လည်း ထင်ပါတယ်။

မေး ။ ။ အမှုနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေက ဘယ်အဆင့်ထိရောက်ပြီလဲ၊ ဘယ်သူတွေ ဘယ်အဖွဲ့ အစည်းတွေ စုံစမ်းစစ်ဆေးမှုတွေလုပ်နေကြသလဲရှင်။ စုံစမ်းစစ်ဆေးမှုရလဒ်တွေ ဘာတွေရှိပါသလဲရှင့် အသေးစိတ်ပြောပြပေးနိုင်မလားရှင့်။

ဖြေ ။ ။ ဒီစုံစမ်းစစ်ဆေးမှုအဆင့်အနေနဲ့ကတော့ ဒုတိယအဆင့်ကို ရောက်နေပြီလို့ ပြောလို့ရပါတယ်။ ပထမ အဆင့်အနေနဲ့ကတော့ ရပ်ကျေးအဆင့်ပေါ့။ ပြီးတော့မှ ကယန်းဒေသရဲ့ အဖွဲ့အစည်းရဲ့ ပြည်သူ့အုပ်ချုပ်ရေး မြို့နယ်အဆင့်ပေါ့နော်။ အဲ့လိုမျိုး စီစစ်မှုတွေ လုပ်တာရှိပါတယ်။ အခုတဖန် နှစ်ဖက် ကိုယ်စားလှယ်တွေ ပါဝင်တဲ့ စုံစမ်းစစ်ဆေးရေး အစီအစဉ်တွေနဲ့ ရှေ့ဆက်ဆောင်ရွက်သွားဖို့ ရှိပါတယ်။ အဲ့ဒီရလဒ်အနေနဲ့ကတော့ အချက်အလက်တွေ ပိုပြီးတော့မှ စုဆောင်းနိုင်တာ တွေ့ရတယ်။ ပြီးတော့မှ ကျနော်တို့ဖက်မှာလည်း စနစ်တကျ အမှုလိုက်တဲ့ကိစ္စတွေတော့ သိပ်မရှိဖူးဘူးပေါ့နော်။ အများအားဖြင့်လည်း ဒီလိုဖြစ်စဉ်မျိုးကလည်း ဖြစ်တောင့်ဖြစ်ခဲပါဘဲ။ ဆိုတော့ စုံစမ်းစစ်ဆေးမှုရလဒ်ကတော့ လောလောဆယ်မှာကတော့ ပိုပြီးတော့ ရရှိမှုရှိတယ်လို့ ပြောလို့ရတယ်။ ဒါပေမယ့် နောက်ဆုံးရလဒ်အထိတော့ မရရှိသေးဘူးပေါ့နော်။ ဒီလိုမျိုးရှိပါတယ်။

မေး ။ ။ နစ်နာသူရဲ့ မိသားစုဝင်တွေကိုကော ဘယ်လို ပြောပြ ဆက်သွယ်ထားပါသလဲရှင်။

ဖြေ ။ ။ နစ်နာသူရဲ့ မိသားစုဝင်တွေအနေနဲ့ကတော့ ကျနော်တို့ကိုယ်တိုင် သွားရောက်တွေ့ဆုံမှုတွေ လုပ်ထားပါတယ်။ ပြေပြေလည်လည်ပေါ့နော်။ ကျနော်တို့ KNEC အနေနဲ့ကလည်း ဒီဖြစ်စဉ်အပေါ်မှာ ကျနော်တို့ မိသားစုဝင်ကို သွားရောက်နှစ်သိမ့်ပေးတာတို့ တတ်နိုင်တဲ့ဘက်ကနေပြီး ကူညီပေးတာတွေ ရှိပါတယ်။ ကျနော်တို့ အမှုမှန်ပေါ်ပေါက်ရေးအတွက်လည်း ကျနော်တို့ သက်ဆိုင်ရာ အဖွဲ့အစည်းတွေကိုလည်း တောင်းဆိုပေးထားသလို ပူးပေါင်းဆောင်ရွက်ကူတာတွေလည်း ရှိပါတယ်။ အဓိကကတော့ ဒီလိုမျိုး ဖြစ်ရပ်တွေ နောက်ထပ်မဖြစ်အောင်ရယ် ပြီးတော့မှ ပိုပြီးတော့မှ သတိကြီးကြီးနဲ့ နေထိုင်ကြဖို့ သင်ခန်းစာယူကြဖို့အတွက်ကိုလည်း ရည်ရွယ်ပါတယ်။

မေး ။ ။ ဖြစ်စဉ်မှာ လွတ်မြောက်သွားတဲ့ ကျောင်းဆရာ လင်မယား နဲ့ကော အဆက်အသွယ်ရပါသလားရှင့်။ သူတို့ကျ လွတ်မြောက်သွားပြီး ကျောင်းဆရာမလေး အသက်ဆုံးရှုံးခဲ့ရတဲ့ အပေါ် ဘာပြောကြသလဲရှင့်။ သူတို့ အခု ဘယ်မှာရှိနေပါသလဲရှင့်။

ဖြေ ။ ။ ဒီဖြစ်စဉ်မှာ အနီးကပ်နေထိုင်ကြတဲ့ ကျောင်းဆရာ လင်မယားနဲ့လည်း အဆက်အသွယ် ရပါတယ်။ သူတို့ကိုယ်တိုင်လည်း ကျန်ရစ်သူမိသားစုတွေနဲ့ သွားရောက်တွေ့ဆုံတာတွေ ရှိပါတယ်။ သူတို့ရဲ့ ဒီဖြစ်စဉ်အပေါ်မှာ ဘယ်လိုဖြစ်ခဲ့လဲဆိုတဲ့ဟာလေးတွေ သူတို့တင်ပြဆွေးနွေးတာတွေ လုပ်ခဲ့ပါတယ်။ ဒါပေမယ့် ကျနော်တို့ သံသယကတော့ ရှိတယ်ပေါ့နော်။ အဓိကကတော့ အိမ်ရှင်မိသားစုဝင်တွေဖြစ်တဲ့ ကျောင်းဆရာ၊ ဆရာမ လင်မယားကတော့ သံသယ အရှိဆုံးထဲမှာတော့ ပါသွားတာပေါ့နော်။ အဲ့ဒီအပေါ်မှာလည်း သံသယကင်းကင်းဖြစ်အောင် ပြီးတော့မှ ဘယ်လိုပြောရမလဲ စုံစမ်းစစ်ဆေးမှုရလဒ် အဖြစ်မှန်ပေါ်ပေါက်ဖို့လည်း အခု စီစဉ်ဆောင်ရွက်နေတာဖြစ်တဲ့အတွက် မကြာခင်မှာ ဖြစ်ရပ်မှန်တွေ ပေါ်ပေါက်ပြီးတော့မှ ဒီအမှုကလည်း အမြန်ဆုံး ပြီးပြတ်နိုင်မယ်လို့လည်း ရည်ရွယ်ပါတယ် အဲ့လိုမျိုးလည်း ဖြစ်စေချင်ပါတယ်။

မေး ။ ။ ဖြစ်စဉ်ရဲ့ ဖြစ်ရပ်မှန်ပေါ်ပေါက်ဖို့ အချိန်ဘယ်လောက်ကြာနိုင်သလဲရှင့်။ KNEC အနေနဲ့ကရော ခုလိုဖြစ်စဉ်ဖြစ်ပွားတဲ့ အပေါ် ဘာဆက်လုပ်သွားမလဲရှင့်။

ဖြေ ။ ။ KNEC အနေနဲ့ကတော့ အခုလိုမျိုး ဖြစ်စဉ်တွေ ဖြစ်ပွားတဲ့အပေါ်မှာ ကျနော်တို့ သက်ဆိုင်ရာကျောင်းတွေကို ဒီထက်ပိုပြီးတော့မှ ဂရုတစိုက်ပေါ့နော်။ အထူးသဖြင့် ဒီလိုမျိုး မီးတွေကို အသုံးပြုပြီးတော့မှ ဖာလာတွေကို အခြောက်လှန်းတာတို့ ငရုတ်တွေကို အခြောက်လှန်းတာတို့ ဒီမှာက အဲ့လိုဓလေ့တွေ အများကြီး ရှိနေသေးတယ်ပေါ့နော်။ ပြီးတော့မှ အထူးသဖြင့် ဒီအောက်ပိုင်းက ကယန်းတွေကတော့ အိမ်ကလည်း ဝါးအိမ်တွေဖြစ်တဲ့အတွက် မီးလောင်ရင် အရမ်းမြန်ဆန်ပါတယ်ပေါ့နော်။ ပြီးတော့မှ သတိပေးအချက်အနေနဲ့ ကျနော်တို့ ထည့်သွင်း စဉ်းစားပြီးတော့မှ သက်ဆိုင်ရာကျောင်းတွေကို ကျနော်တို့အိမ်တွေရောပေါ့နော်၊ ဒီလိုမျိုး မီးလောင်မှုတွေအထူးသဖြင့် ကျနော်တို့ ဆရာ၊ ဆရာမတွေ နေထိုင်တဲ့အိမ်ဆိုရင် ပိုပြီးတော့မှ သတိကြီးကြီးနဲ့ နေထိုင်သွားကြဖို့ဆိုတဲ့ အစီအစဉ်မျိုးတွေပေါ့။ ဘယ်လိုပြောရမလဲ၊ ကာကွယ်ရေး အစီအစဉ်တွေကို သက်ဆိုင်ရာ ကျောင်းတွေကို ကျနော်တို့ သတိကြီးကြီးနဲ့ နေထိုင်လုပ်ကိုင်ဖို့ရယ်၊ မီးသတိပြုဖို့ပေါ့နော်၊ ပိုပြီးတော့ လမ်းညွန်သွားဖို့ ရှိပါတယ်။

ဒီဖြစ်စဉ်အပေါ်မှာလည်း ကျနော်တို့ KNEC အနေနဲ့လည်း စိတ်မကောင်းပါဘူး။ အဲ့တော့ သက်ဆိုင်ရာအဖွဲ့အစည်းကိုလည်း အကူအညီတောင်းထားတယ်။ သူတို့ကလည်း အတတ်နိုင်ဆုံး ကြိုးစားနေတယ်။ ဆိုတော့ ဒီအဖွဲ့အစည်းအပြင်ပေါ့နော် နစ်နာသူမိသားစုဝင်တွေ ပါဝင်တဲ့ ဒါမှမဟုတ် နစ်နာသူမိသားစုဝင်တွေကို ကိုယ်စားပြုတဲ့ အဖွဲ့ကလည်း ဆက်လက်ဆောင်ရွက်သွားဖို့ ရှိပါတယ်။ ဟုတ်ကဲ့ လောလောဆယ်တော့ အဲ့လောက်ဘဲ ဖြေနိုင်သေးပါတယ်ပေါ့နော်။ ကျနော်တို့ ဒီရလဒ်အားလုံးကို ထွက်ပေါ်လာတဲ့တချိန်ကျရင်တော့ အားလုံးလည်း သိရမှာပါပေါ့နော်။ အဲ့ဒီအချိန်ကျရင်လည်း ပြန်ပြီးတော့ ထုတ်ပြန်ချက်ထုတ်မှာပါ။ ကျေးဇူးတင်ပါတယ်။

spot_img
spot_img

Recent posts