ကန္တာရဝတီတိုင်း(မ်)
လောပိတရေအားလျှပ်စစ်စီမံကိန်း အကောင်အထည်ဖေါ်စဉ် သိမ်းယူထားသော မြေယာများပေါ် သီးနှံများပြန်လည်စိုက်ပျိုးသည့် လောကထူးကျေးရွာသား ၅ ဦးကို စီမံကိန်းဝန်ထမ်းများ၏ မိသားစုဝင် ၄ ဦးက တရားစွဲဆိုထားကြောင်း သိရသည်။
လောကထူးကျေးရွာသားများက အဆိုပါ ၎င်းတို့၏ ဘိုးဘွားပိုင်မြေများကို ဝင်ရောက် စိုက်ပျိုးခဲ့ရာမှ စီမံကိန်းဝန်ထမ်းမိသားစု ၄ ဦးက ၎င်းတို့ စိုက်ပျိုမြေဟုဆိုကာ ပုဒ်မ ၄၄ရ ဖြင့် တရားစွဲဆိုလိုက်ခြင်း ဖြစ်သည်။
ဗဟုသုတနည်းပါသော ဒေသခံအချို့မှာ လယ်ယာမြေလုပ်ကိုင်ခွင့်ပုံစံများကို ပြုလုပ်ထားခြင်းမရှိခြင်း၊ အထောက်အထားအချို့မှာ ထိန်းသိမ်းခြင်းအားနည်းကာ ပျက်စီးသွားခဲ့ခြင်းကြောင့် တရားစွဲဆိုခံရရာတွင် အခက်အခဲများ တွေ့နေရသည်ဟု စွပ်စွဲခံရသူဖက်မှ လိုက်ပါဆောက်ရွက်ပေးနေသော အထက်တန်းရှေ့နေ ဦးမာတီးနိုက ပြောသည်။
“ဒေသခံတွေကို နံပါတ်တစ် စီမံကိန်းဝန်ထမ်းတွေက တရားစွဲထားတယ်ပေါ့နော ဘာဖြစ်လို့စွဲထားလဲဆိုတော့ သူတို့မှာ လက်ရှိမှာ ပုံစံ ရ ရှိတယ် အဲ့ဒါကြောင့် သူတို့ ဒီပုံစံ ရ အရပေါ့နော ဒီလုပ်ပိုင်ခွင့်ရှိတဲ့ မြေပေါ်မှာ သူတို့က ဒီရွာသားကို ပြန်တရားစွဲထားတယ်ပေါ့နော။”ဟု ဦးမာတီးနိုက ပြောသည်။
လောပိတရေအားလျှပ်စစ် စီမံကိန်း ဆောက်ရွက်ရန် ၁၉၈၃ ခုနှစ် ကတည်းက အဆိုပါ မြေယာများကို သိမ်းယူခဲ့သည်။ ထို့နောက် ၁၉၉၉ ခုုနှစ်အရောက်တွင် အာဏာပိုင်များမှ ပြန်လှည်စွန့်လွှတ်ခဲ့ရာ တောင်သူများက ဝင်ရောက်လုပ်ကိုင်လိုသော်လည်း ထိုစဉ်က ခွင့်မပြုခဲ့ကြောင်း သိရသည်။
၂၀၁၂ ခုနှစ် အရောက်တွင် ထပ်မံစွန့်လွှတ်ကြောင်း ကြားသိရပြီး ရွာသားများမှ ဝင်ရောက်လုပ်ကိုင်ရန် စီစဉ်ခဲ့သော်လည်း ဟန့်တားခံခဲ့ရကာ ယခုနှစ်အတွင်း လောကထူးရွာသားများမှ အလုံးအရင်းလိုက် ဝင်ရောက်လုပ်ကိုင်ရာမှ တရားစွဲခြင်း ခံလိုက်ရခြင်းဖြစ်ကြောင်း သိရသည်။
စီမံကိန်းမှ သိမ်းယူထားသော မြေနေရာများအနက် ဧက ၃ဝ နီးပါးရှိ အဆိုပါမြေယာများတွင် သီးနှံများ ဝင်ရောက်စိုက်ပျိုးခဲ့ရာမှ မိမိတို့က တရားစွဲဆိုခံလိုက်ရခြင်းဖြစ်သည်ဟု ဝင်ရောက်လုပ်ကိုင်ခဲ့သော လောကထူးရွာသားတစ်ဦးဖြစ်သူ ဦးလူရယ် ပြောသည်။
“အဲ့မြေကို ကျနော်တို့ ဘိုးဘွားပိုင်မြေအဖြစ် ကျနော်တို့ ပြန်လိုချင်ပါတယ်။” ဦးလူရယ် ပြောကြားလိုက်သည်။
ရာဇသတ်ကြီး ပုဒ်မ ၄၄ရ သည် ရာဇဝတ်မှုမကင်းသော ကျော်နင်းမှုအဖြစ် ထောင်ဒဏ်တစ်လနှင့် ငွေဒဏ်ငါးရာ ပြစ်ဒဏ်ချမှတ်နိုင်သည်။