ကန္တာရဝတီတိုင်း(မ်)
ကရင်နီပြည် ဖားဆောင်းမြို့နယ် မော်ချီးဒေသရှိ တောင်ပေါ် ရတနာအောင်မြေရပ်ကွက်၊ ၁၅ရပ်ကွက်တွေမှာ ဩဂုတ်လ ၂၁ရက်နေ့ ညပိုင်းက မိုးသည်းထန်စွာရွာသွန်းမှုကြောင့် နေအိမ်အချို့၊ လမ်းမကြီးပျက်စီးခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
“မြေကတော့ ၂၁ ရက်နေ့ပေါ့နော် ၂နာရီကျော်၃နာရီလောက်ပေါ့နော်။ ဒီလိုပဲပေါ့ မိုးအကြီးအကျယ်ရွာတယ်ပေါ့နော် မိုးကတော့။ မိုးရွာတယ်ဆို ရေကလဲပါနှုန်းကောင်းတယ်ပေါ့နော်။ အဲ့နေ့ညမှာ ကျွန်တော်တို့ည ဘယ်နှစ်နှာရီဖြစ်မလဲဆိုတော့ ၉နာရီကျော်လောက်ဖြစ်မယ်။ အဲ့ချိန်မှာ ဟိုဟာဖြစ်တော့ အိမ်တစ်လုံးပါသွားတယ် ဆိုပြီး ကျွန်တော်တို့သတင်းကြားရတယ်။ ကျွန်တော်တို့အောက်ရပ်ကွက်ကသတင်းကြားရတယ်။ ခလေးနှစ်ယောက်ပါသွားတယ်လို့လဲကြားတယ်။ ဒါပေမဲ့ ကလေးနှစ်ယောက် ဒဏ်ရာရရုံပါပဲ အသက်အန္တရယ်တော့မစိုးရိမ်ရဘူးပေါ့။ ဆေးရုံတင်ထားရတယ် “လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
မြေပြိုတဲ့အနီးတစ်ဝိုက်က နေအိမ် ၆လုံး နဲ့ လမ်းမကြီးပျက်စီးခဲ့ရပြီး ကလေးနှစ်ဦး မစိုးရိမ်ရတဲ့ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
“ပြိုတာက ၂၂ဖြစ်စဉ်မှာက ၄လုံး၊ ၂၁ရက်နေ့မှာက ၂လုံး အားလုံး၆လုံးပြိုတာပေါ့” လို့ ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦးက ပြောပါတယ်။ မြေပြိုတဲ့အနီးတစ်ဝိုက်က နေအိမ် ၇လုံးကိုတော့ မော်ချီးတောင်ပေါ် ၁၅ရပ်ကွက် အခြေခံပညာမူလတန်းကျောင်းကို ရွေ့ထားလိုက်တယ်လို့ ဆိုပါတယ်။
ခဲသတ္တုတူးဖော်တဲ့လုပ်ငန်းကို အဓိကအားထားလုပ်ကိုင်နေတဲ့ မော်ချီးဒေသမှာ နှစ်စဉ်မိုးရာသီကာလအတွင်း မြေပြိုမှုဖြစ်ပွားနေတာဖြစ်ပါတယ်။ မော်ချီးဒေသမှာ လက်ရှိအချိန်ထိ ကြီးမားတဲ့ မြေပြိုမှု ၃ ကြိမ်ဖြစ်ပွားခဲ့ပြီး ၁၉၈၅ခုနှစ် မှာ ပထမအကြိမ်၊ ၁၉၈၈ခုနှစ်မှာ ဒုတိယအကြိမ် နဲ့ ၂၀၁၅ခုနှစ်မှာ တတိယအကြိမ် မြေပြိုမှုဖြစ်ပွားခဲ့ပြီး လူသေဆုံးမှုနဲ့ လူနေအိမ်များ ပျက်ဆီးခဲ့ပါတယ်။
နှစ်စဉ် မြေပြိုမှုဖြစ်ပွားနေတာကြောင့် မိုးတွင်းကာလမှာဆိုရင် ခဲသတ္တုလုပ်ကိုင်ကြတဲ့ အန္တာရာယ်ဇုန်အနီးတစ်ဝိုက်မှာ နေထိုင်ကြတဲ့ ဒေသခံအချို့ဟာ မိမိနေအိမ်မှာမနေထိုင်ကြတော့ဘဲ တခြား ဆွေမျိုးအိမ်တွေမှာ သွားရောက်နေထိုင်ကြပြီး ပွင့်လင်းရာသီရောက်ရင် အဲဒီမှာပြန်လာနေပြီး ခဲလုပ်ငန်းတွေကို ပြန်လည် လုပ်ကိုင်ကြတာလည်းရှိပါတယ်။