ကန္တာရဝတီတိုင်း(မ်)
ကရင်နီပြည် ၊ ဖားဆောင်းမြို့နယ်၊ မော်ချီးဒေသမှာ ဧပြီလ ၇ ရက်နေ့ ည ၁၀ နာရီဝန်းကျင်အချိန်မှာ မိုးသည်းထန်စွာ ရွာသွန်းခဲ့တာကြောင့် မော်ချီး ၊ လိုခါးလိုရပ်ကွက်က ( ဒေသအခေါ် ) ပေါင်မုန့်တောင် မှာ ကျောက်တွေ ပြိုကျ ခဲ့ပါတယ်။
“ည (၁၀) နာရီ မိနစ် နှစ်ဆယ်မှာလေ အသံကျယ်ကြီးပဲ။ ငါထင်တာ ငါ့ဆိုင်ခေါင်မိုးမှာ ကျလာပြီထင်နေတာ။ ငါထပြေးလိုက်တာ၊ သူများတွေလည်း ထပြေးကုန်တယ်လေ။” လို့ ပေါင်မုန့်တောင် အနီးမှာ နေထိုင်တဲ့ ဒေသခံ တစ်ဦးက ပြောပါတယ်။

ဒေသခံတွေက ပေါင်မုန့်တောင် လို့ခေါ်တဲ့ ကျောက်တောင်ကြီးပေါ်မှာ ပေါင်မုန့်သဏ္ဍာန် ကျောက်တုံးကြီးရှိပြီး ပြိုကျနိုင်တဲ့ အန္တရာယ်ရှိနေတာပါ။ လက်ရှိမှာတော့ အဆိုပါ ပေါင်မုန့် သဏ္ဍာန်ကျောက်တုံးကြီးအောက်ခြေက ကျောက်ခဲတွေ အနည်းငယ်သာ ပဲ့ကျခဲ့တာဖြစ်ပြီး လူအထိအခိုက်တော့ မရှိဘူးလို့ ဒေသခံတစ်ဦးကပြောပါတယ်။
“ပေါင်မုန့်တုံးက မကျသေးဘူး။ ပေါင်မုန့်တုံးရဲ့ ဘေးနားက ကျောက်တွေပဲ ကျလာသေးတာ။ အဲ့ပေါင်မုန့်တုံးကျရင်တော့ အကုန်သေကုန်မှာပေါ့။ ပေါင်မုန့်တုံး သူ့ ဘေးနားက ကျောက်စတွေပဲ ပြိုကျတာပြီးတော့ ပေါင်မုန့်တုံးတစ်ခုပဲကျန်တော့တယ်။ အဲ့ပေါင်မုန့်တုံးကျရင်တော့ လူထိတယ်။ မကျသေးလို့” လို့ သူက ဆိုပါတယ်။
ပြီးခဲ့ မတ်လ ၂၈ ရက်နေ့က ငလျင်လှုပ်ပြီးနောက် အဆိုပါ ပေါင်မုန့်တောင်ဟာ အက်ကြောင်းတွေ ပေါ်လာပြီး မြေသားနဲ့ ကျောက်တုံးငယ်တွေ အနည်းငယ်ထပ်ပြိုကျလာတာဖြစ်ပါတယ်။