spot_imgspot_imgspot_imgspot_img
Sunday, September 8, 2024
spot_imgspot_imgspot_imgspot_img

မော်ချီး၊ တောင်ပေါ်ရပ်ကွက် နေရာတချို့မှာ မြေပြိုမှုဖြစ်ပွားနေ

Author

Date

Category

ကန္တာရဝတီတိုင်း (မ်)

ယခုဇူလိုင်လအတွင်း မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ကရင်နီပြည်၊ ဖားဆောင်းမြို့နယ်၊ မော်ချီးဒေသရဲ့ တောင်ပေါ်ရပ်ကွက် နေရာတချို့မှာ မြေပြိုမှု နှစ်ကြိမ် ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

လိုခါးလို ကနေ တောင်ပေါ်ရပ်ကွက်သွားတဲ့ လမ်းမှာလည်း မြေပြိုတာကြောင့် ကားလမ်းအသုံးပြုလို့မရတော့ဘူးလို့ ဆိုပါတယ်။ လတ်တလောမှာတော့ မြေပြိုတဲ့နေရာအနီးအနားက ဒေသခံတွေဟာ တခြားနေရာကို ရွေ့ပြောင်းနေထိုင်ကြရပါတယ်။

“မြေစပြိုတဲ့ရက်ကတော့ အတိအကျပြောရင် ဒီလ ၂၂ ရက်နေ့ပေါ့ စပြိုတယ်။ ပြိုတာကတော့ နေရာပေါင်းစုံပြိုတယ်။ နည်းနည်းချင်းစီ ပြိုတယ် အဲ့မျိုးပေါ့နော။ တောင်ပေါ်ကမ်းပါးလမ်းဆို ပြိုတယ်ပေါ့နော။ မနေ့က ၂၆ ရက်နေ့ဆိုလည်း တခါပြိုတယ်။ လူတော့အထိခိုက်မရှိပေမယ့် အကြီးကြီးပြိုတာတော့ရှိတယ်။” လို့ မော်ချီးဒေသခံတစ်ဦးက ပြောပါတယ်။

မြေပြိုမှုဖြစ်ပွားပေမယ့်လည်း ဒေသခံတွေနဲ့ နေအိမ် ထိခိုက်ပျက်စီးမှု မရှိဘူးလို့ သိရပါတယ်။ ယခုရက်ပိုင်းမှာလည်း မိုးအဆက်မပြတ်ရွာသွန်းနေတာကြောင့် စိုးရိမ်ပူပန်မှုတွေရှိတယ်လို့ ဒေသခံတွေက ပြောဆိုကြပါတယ်။

“ လမ်းကြီးပြိုကျတာကတော့ ဒီတောင်ပေါ်မှာဆို အဓိက မိန်းလမ်းမလည်းဖြစ်နေတော့ အဲ့နေရာ ကလည်း ကုန်သွားကုန်လာ လည်းလုပ်လို့ ရတဲ့နေရာမျိုးပေါ့။ အခုကျတော့ အဲ့နေရာ ပြိုသွားတော့ ကားလမ်းလည်းပိတ်သွားတယ်။ ကားလည်းတက်လာလို့မရဘူး။ ဆိုင်ကယ်လည်း တက်လာလို့မရဘူး။ လူသွားဖို့တောင်မှခက်ခဲတယ်ပေါ့နော။ တောင်ပေါ်ကမ်းပါး လမ်းကျတော့လည်း ပြိုတဲ့ချိန်မှာဆိုရင် သွားလို့တောင်မရတော့ဘူး ၁၃ ကုန်း နဲ့ တောင်ပေါ် သွားလာလို့မရတော့ဘူး။ ဘာလို့လဲဆိုရင် ပြိုတော့ အန္တရာယ်များတယ်လေ လမ်းတွေလည်း မရှိတော့တဲ့အတွက်ကြောင့်မလို့ ။ အဓိကကတော့ တောင်ပေါ်လမ်းမကြီးပြိုတဲ့အတွက်ကြောင့်မလို့ ပိုခက်ခဲတယ် ကုန်ပစ္စည်းသယ်တာတို့ ဘာတို့က အောက်ထိဆင်းရတယ်။”လို့ အဆိုပါ ဒေသခံတစ်ဦးက ဆက်ပြောပါတယ်။

ခဲသတ္တုတူးဖော်တဲ့လုပ်ငန်းကို အဓိကအားထားလုပ်ကိုင်နေတဲ့ မော်ချီးဒေသမှာ နှစ်စဉ် မိုးရာသီကာလအတွင်း မြေပြိုမှုတွေ ဖြစ်ပွားနေတာဖြစ်ပါတယ်။ ယခုနှစ်မှာလည်း မိုးအဆက်မပြတ်ရွာသွန်းနေတာကြောင့် အန္တရာယ်ဇုံအဖြစ်သတ်မှတ်ထားတဲ့ နေရာအနီးတွေမှာ နေထိုင်ကြတဲ့သူတွေကို တခြားနေရာတွေမှာ ရွေ့ပြောင်းနေထိုင်ကြဖို့ အသိပေးထားတယ်လို့ သိရပါတယ်။

ခဲကျင်းလုပ်ကိုင်ကြတဲ့သူတွေကတော့ မိုးရာသီကာလအတွင်းမှာ မိမိတို့ရဲ့လုပ်ငန်းကို ရပ်နားထားပြီး ပွင့်လင်းရာသီရောက်မှသာ ခဲလုပ်ငန်းကို ပြန်လည်လုပ်ကိုင်ကြသူလည်း ရှိပါတယ်။

“စိုးရိမ်တာပေါ့နော။ မြေပြိုတာဆိုတော့ မော်ချီးဆိုတာကလည်း အဓိက ကျင်းပဲလုပ်ကိုင်နေရတော့ အောက်ကနေ တူးတယ်။ တောင်ကြားထဲလည်း သွားတာရှိတော့ ကိုယ့်ရဲ့အိမ်အောက်မှာ ဘယ်ချိန် မိုးအရမ်းရွာလို့ရှိရင် ပြိုမှာစိုးရိမ်ရတယ်။ မိုးအရမ်းရွာတော့ ကျင်းမသွားရဲတော့ဘူး ဘာလို့လဲဆို ပြိုတာလည်းရှိနိုင်တော့ စိုးရိမ်မှုတော့များတယ်ပေါ့နော။ အထူးသဖြင့် ဒီလိုဖြစ်လာတော့ ခိုလှုံစရာအိမ် လိုက်ရှာရပြီ ဇရပ်တွေမှာလိုက်နေရပြီ ။ မိုးအရမ်းရွာရင်တော့ စိုးရိမ်စရာလည်းများတာပေါ့နော။ အခု မိုးက ရွာတာလည်း ဆယ်ရက်ကျော်လောက်ရှိနေပြီ ။ တချို့ဆိုရင် ကျင်းထဲလည်းမသွားတော့ဘူး အန္တရာယ်များလို့။”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃ခုနှစ်အတွင်းမှာလည်း ခဲကျင်းလုပ်ကိုင်တဲ့ နေရာအနီးအနားမှာ မြေပြိုမှုဖြစ်ပွားခဲ့ပါသေးတယ်။

spot_img
spot_img

Recent posts