မူဖိလစ်စတာ/ကန္တာရဝတီတိုင်း (မ်)
ရှမ်း-ကရင်နီနယ်စပ် ဖယ်ခုံမြို့နယ်၊ သိကျိတ်ကျေးရွာအုပ်စုမှာရှိတဲ့ မြင်းမထိတောင်မှာ ခဲ၊သတ္တု တူးဖော်မယ့်စီမံကိန်းကို ဒေသတွင်းမှာရှိတဲ့ ပရာဒေါင်းဆွေမျိုးစုနဲ့အတူ ဒေသခံတွေက ပြင်းပြင်းထန်ထန် ကန့်ကွက်သွားမယ်လို့ ဒေသခံတွေက ပြောပါတယ်။
မြင်းမထိတောင် သတ္တုတွင်းကို တရုတ်ကုမ္ပဏီတစ်ခုဖြစ်တဲ့ မစ္စတာဝမ် ကုမ္ပဏီက လာရောက်တူးဖော်မှာဖြစ်ပြီး တူးဖော်မှုကိုလက်မခံနိုင်ကြောင်း မြင်းမထိဒေသအတွင်းမှာ နေထိုင်တဲ့ ပရာဒေါင်းဆွေမျိုးစု ဥက္ကဌ ခွန်းအောင်နိုင်စိုးက ပြောပါတယ်။
“သူတို့က စာချုပ်မချုပ်ခင်မှာ မဝင်ခင်မှာ လူထုတွေနဲ့ အရင်ဆုံး တွေ့ဆုံဆွေးနွေးပြီးမှ သဘောတူ ညီချက်တွေ အရင်ဆုံးယူပြီးမှ လာရမယ့်ဟာကို အခုက အရင်ဆုံးဝင်လာ၊ စက်ယန္တရားတွေ အရင်ဆုံး ပို့ပြီးတော့မှ လူထုကို ပြန်လည်ညှိနှိုင်းမယ် ဆိုတဲ့ပုံစံမျိုးပေါ့။ ဒါကိုကျနော်တို့ လက်မခံနိုင်ဘူး” လို့ ပရာဒေါင်းဆွေမျိုးစု ဥက္ကဌ ခွန်းအောင်နိုင်စိုးက ပြောပါတယ်။
အခု ၂၀၂၅ ခုနှစ်မှာ ဝင်ရောက်လာမယ့် မစ္စတာဝမ် တရုတ်ကုမ္ပဏီက လက်ရှိမှာ သတ္တုတူးဖော်ရေးအတွက် လိုအပ်တဲ့ စက်ယန္တရား အမြောက်အမြားကို ချထားနေပြီဖြစ်တယ်လို့ ဆိုပါတယ်။
တူးဖော်ရေးအတွက် စက်ယန္တာရားကြီးတွေကို တပ်ဆင်ပြီး အကြီးစားတူးဖော်မှုတွေ ပြုလုပ်သွားမှာ ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မြင်းမထိတောင်မှာ သတ္တုတူးဖော်တဲ့လုပ်ငန်းကို ဒေသခံတွေက အင်္ဂလိပ်ခေတ် ကတည်းက လုပ်ကိုင်လာခဲ့ကြတာဖြစ်တယ်လို့ ပြောပါတယ်။ ဒါပေမဲ့ စတင်တူးဖော်တဲ့ ခုနှစ်သက္ကရာဇ်ကိုတော့ မသိရပါဘူး။ တပိုင်တနိုင်လုပ်ကွက်တွေနဲ့ တူးဖော်နေကြတာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ၂၀၀၆ ခုနှစ်မှာတော့ ဦးသန်းစိုးနိုင် ဦးဆောင်တဲ့ ကြယ်လေးပွင့်ကုမ္ပဏီက အစိုးရထံ ပါမစ်လျှောက်ထားခဲ့ပြီး လုပ်ကွက်တွေစတင်ခဲ့တယ်လို့ ယူဆရကြောင်း ခွန်းအောင်နိုင်စိုးက ပြောပါတယ်။
အဲဒီအချိန်ကလည်း ဒေသခံလူထုတွေရဲ့ သဘောတူညီချက် ရ မရ၊ သတ္တုတွင်း မြေဂရမ် ဧရိယာ၊ စာချုပ်သက်တမ်း ဘယ်လောက်ရှိကြောင်းတို့ကိုလည်း မသိရဘူးလို့ ပရာဒေါင်းဆွေမျိုးစု ဥက္ကဌ ခွန်းအောင်နိုင်စိုးက ပြောပါတယ်။
လက်ရှိမှာ ဦးသန်းစိုးနိုင်ဦးဆောင်တဲ့ ကြယ်လေးပွင့်ကုမ္ပဏီက တရုတ် မစ္စတာဝမ် ကုမ္ပဏီနဲ့ သတ္တုတူးဖော်ရေး ၅ နှစ် စာချုပ် ချုပ်ဆိုထားကြတာကိုလည်း ဆီးဘူးကျေးရွာမှာ နေထိုင်တဲ့ ဦးသန်းစိုးနိုင်နဲ့ တွေ့ဆုံခဲ့တဲ့ မတ်လ ၁၀ ရက်နေ့မှာမှ သိရတယ်လို့ ပရာဒေါင်းဆွေမျိုးစုဥက္ကဌ ခွန်းအောင်နိုင်စိုး က ပြောပါတယ်။
သတ္တုတူးဖော်ရေးနဲ့ ပတ်သက်လို့ မြင်းမထိတောင်မှာ မြေဂရမ်ဝယ်ထားတဲ့ ကြယ်လေးပွင့်ကုမ္ပဏီ ဥက္ကဌ ဦးသန်းစိုးနိုင်ကို မေးမြန်းဖို့ ကန္တာရဝတီတိုင်း(မ်) က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ ပြန်လည်ဖြေကြားခြင်း မရှိပါဘူး။
လက်ရှိမှာ ဦးသန်းစိုးနိုင်က မြင်းမထိဒေသအတွင်းမှာ လူမှုဖွံ့ဖြိုးရေးအဖွဲ့ တစ်ခုကို ပရာဒေါင်းဆွေးမျိုးစုတွမပါပဲ ဖွဲ့စည်းဖို့ ကြိုးစားနေပြီး ဒီဖွဲ့စည်းမှုကို လက်မခံကြောင်း ခွန်းအောင်နိုင်စိုးက ပြောပါတယ်။
“ဒီဒေသမှာ ပရာဒေါင်း လူမျိုးစုကော်မတီ ဆိုတာရှိတယ်။ အဲတာကိုသူတို့ ဂရုမစိုက်ဘူး။ လူထု ကိုယ်စားလှယ်ပါဆိုတဲ့ သီးသန့်အဖွဲ့ကို သူတို့ဖွဲ့မယ်။ အဲ့အဖွဲ့ကို လက်မှတ်ထိုးခိုင်းမယ့် ပုံစံပေါ့။ အကယ်၍သာ အဲ့အဖွဲ့က တရုတ်ဝင်မဲ့ ကိစ္စကို လက်မှတ်ထိုးပြီဆိုရင် တရုတ်ဝင်မဲ့ကိစ္စက တရားဝင်ဖြစ်ပြီပေါ့” လို့ ခွန်းအောင်နိုင်စိုးက ပြောပါတယ်။
မစ္စတာဝမ်ကုမ္ပဏီ သတ္တုတူးဖော်မှုကို အကောင်ထည်ဖော်လာခဲ့ရင် မြင်းမထိတောင်ပေါ်မှာ ရှိနေတဲ့ အိမ်ခြေ ၃၀ ကျော်ရှိတဲ့ စခန်းကြီးရွာဟောင်းက ဒေသခံတွေ ရွာလုံးကျွတ် ရွေ့ပြောင်းနေထိုင်ပေးရမဲ့ အနေထားမှာရှိတယ်လို့ ဆိုပါတယ်။
ဒ့ါအပြင် အိမ်ခြေ ၆၀ ကျော်ရှိတဲ့ စခန်းကြီးရွာသစ်၊ အိမ်ခြေ ၃၀ ခန့်ရှိတဲ့ ကုန်းဆုံကျေးရွာ နဲ့ အိမ်ခြေ ၄၀၀ ခန့်ရှိတဲ့ သိကျိတ်ကျေးရွာတို့ကိုလည်း ဘေးဥပါဒ် ဖြစ်စေနိုင်တယ်လို့ ဆိုပါတယ်။
၂၀၀၆ ခုနှစ်လောက်မှာ စတင်ခဲ့တဲ့ ကြယ်လေးပွင့်ကုမ္ပဏီရဲ့ ခဲ၊သတ္တုလုပ်ကွက်မှာ စက်ယန္တာရား ကြီးကြီးကြီးမားမား သုံးစွဲတာမရှိသေးတဲ့အပြင် ဒေသခံတွေလည်း ဝင်ရောက်လုပ်ကိုင်နေကြတာပါ။
ဒါပေမယ့်လည်း မစ္စတာဝမ် ကုမ္ပဏီကနေလုပ်မယ့် တူးဖော်မှုမှာတော့ ဒေသခံနဲ့ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်ပျက်စီးနေနိုင်တဲ့အထိ ဖြစ်လာနိုင်တာကြောင့် ဒေသခံတွေက ကန့်ကွက်နေကြတာ ဖြစ်ပါတယ်။
လက်ရှိအချိန်ထိ မြင်းမထိတောင်သတ္တုတွင်းမှာ မြေဂရမ် ဝယ်ယူထားတာက ဦးသန်းစိုးနိုင်ဦးဆောင်တဲ့ ကြယ်လေးပွင့်ကုမ္ပဏီတစ်ခုသာ ရှိပါသေးတယ်။ အဲဒီသတ္တုတွင်းမှာ ကြယ်လေးပွင့်ကုမ္ပဏီရဲ့ လုပ်ကွက်တွေရှိသလို ဒေသခံတွေရဲ့ လုပ်ကွက်ကလည်း ၁၀ ခုမက ရှိတယ်လို့ ခွန်းအောင်နိုင်စိုးက ပြောပါတယ်။
ဒေသခံပရာဒေါင်းဆွေမျိုးစုတွေရဲ့ အဆိုအရ မြန်မာ့သက္ကရာဇ် ၁၀၀၅ ခုနှစ်၊ ခရစ်နှစ် ၁၆၄၄ ခုနှစ်ကတည်းက မြင်းမထိဒေသကို ပရာဒေါင်းဆွေမျိုးစုနယ်မြေဒေသအဖြစ် မိုးဗြဲစော်ဘွားကြီး သခင်ကျမိုင်းက အပ်နှင်းထားခဲ့တယ်လို့ ဆိုပါတယ်။
ပရာဒေါင်းဆွေမျိုးစုဟာ ကယန်းလူမျိုး၊ ကဲဒေါ့မျိုးနွယ်စုထဲက ဆွေမျိုးစု တစ်ခု ဖြစ်ကြပါတယ်။ ပရာဒေါင်းမျိုးနွယ်စုတွေရှိနေတဲ့ မြင်းမထိဒေသဟာ ကယန်းပြည်သစ်ရဲ့ ထိန်းချုပ်နယ်မြေအတွင်းမှာ ရှိနေတာပါ။
မြင်းမထိဒေသမှာ ယနေ့တိုင် ဒေသခံတွေက တောင်ယာလုပ်ငန်း လုပ်ကိုင်စားသောက်ကြသလို တစ်ပိုင်တစ်နိုင် ခဲ၊ သတ္တု တူးဖော်မှုလည်း လုပ်ကိုင်ကြတယ်လို့ ခွန်းအောင်နိုင်စိုးက ပြောပါတယ်။
ဒါ့ကြောင့် လယ်ယာမြေ၊ သတ္တုတူးဖော်မှုလုပ်ကွက်တွေအတွက် အပြီးအပိုင် ဝယ်ယူစေမှာမဟုတ်ဘဲ ငှားရမ်းမှုကိုသာ ပြုလုပ်စေမှာဖြစ်ပြီး သက်တမ်းကုန်ဆုံးတဲ့အခါ ၎င်းနယ်မြေက ပရာဒေါင်းဆွေမျိုးစုနဲ့သာ ပြန်လည်သက်ဆိုင်မှာဖြစ်တယ်လို့ ဆိုပါတယ်။
ပရာဒေါင်းဆွေမျိုးစုတွေနဲ့ သက်ဆိုင်မှာ မြေနေရာတွေမှာ မြေငှားရမ်း လုပ်ကိုင်မယ်ဆိုရင် အခွန်ပေးဆောင်ရမှာ ဖြစ်တယ်လို့ ပရာဒေါင်းဆွေမျိုးစုက ဇန်နဝါရီလ ၅ ရက်နေ့မှာ သဘောထား ထုတ်ပြန်ထားပါတယ်။
မစ္စတာဝမ် တရုတ်ကုမ္ပဏီဝင်ရောက်မဲ့ ဖြစ်စဥ်နဲ့ပတ်သက်လို့ ဒေသခံရဲ့ ကျေးရွာရွေ့ပြောင်းရနိုင်ချေ၊ မြင်းမထိတောင်အောက်မှာ တည်ရှိနေတဲ့ ကျေးရွာတွေ နွံနစ်နိုင်ချေ၊ တောင်ယာမြေ နွံနစ်နိုင်ချေ၊ သဘာဝပတ်ဝန်းကျင် ပျက်စီးနိုင်ချေ တို့ကြောင့် ကန့်ကွက်ရခြင်းဖြစ်တယ်လို့လည်း ပရာဒေါင်း ဆွေမျိုးစုဥက္ကဌ ခွန်းအောင်နိုင်စိုးက ဆက်ပြောပါတယ်။

ဓာတ်ပုံ-Tun Aung Khine
တရုတ်ကုမ္ပဏီ ဝင်ရောက်မှုနဲ့ပတ်သက်လို့ စသိရတဲ့ ၂၀၂၅ ခုနှစ် မတ်လ ၁၀ ရက်နေ့ကစပြီး ယနေ့အချိန်တိုင် ကြယ်လေးပွင့်ကုမ္ပဏီရဲ့ ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံမှု တစ်ကြိမ်သာ ရှိခဲ့တယ်လို့ ပြောပါတယ်။
“မတ်လ၂၀ ရက်နေ့ တွေ့ဆုံမှုမှာလည်း ကျနော်တို့ ဘာသဘောတူညီမှုမှ မရဘူး။ ကျနော်တို့သိချင်တဲ့ အချက်အလက်တွေ ကျနော်တို့မေးမြန်းတဲ့ အချက်အလက်တွေ သူတို့မဖြေနိုင်ဘူး။ ဒီအချက်နဲ့ ပတ်သက်ပြီး ဥက္ကဌကြီး ဦးသန်းစိုးနိုင်တစ်ယောက်ပဲ သိတယ်ပေါ့နော်” လို့ ခွန်းအောင်နိုင်စိုးက ပြောပါတယ်။
ကြယ်လေးပွင့်ကုမ္ပဏီအနေနဲ့ သတ္တုတူးဖော်မှုကိစ္စနဲ့ စပ်လျဥ်းပြီး ပရာဒေါင်းဆွေမျိုးစု နေထိုင်ရာနယ်မြေအတွင်း လာရောက်တွေ့ဆုံမှသာ ပရာဒေါင်းဆွေမျိုးစုအနေနဲ့ လက်ခံတွေ့ဆုံမှာ ဖြစ်တယ်လို့ ဆွေမျိုးစုက မတ်လ ၂၁ ရက်နေ့မှာ သဘောထားတစ်ရပ် ထုတ်ပြန်ခဲ့ပါတယ်။
သတ္တုတူးဖော်ရေးမှာ မြင်းမထိဒေသအတွင်းမှာနေထိုင်တဲ့ ဒေသခံဆွေမျိုးစုနဲ့ ပွင့်လင်းမြင်သာစွာ ညှိနှိုင်းဆွေးနွေးမှုတွေ ပြုလုပ်ခြင်းမရှိပါက ဆက်လက်ပြီး ပြင်းပြင်းထန်ထန်ကန့်ကွက်မှာဖြစ်တယ်လို့ ခွန်းအောင်နိုင်စိုးက ပြောပါတယ်။
နိုင်ငံရေးအခြေအနေ တည်ငြိမ်မှုမရှိတဲ့ လက်ရှိအနေအထားအရ လူထုတွေကို အကာအကွယ်ပေးမယ့် ဥပဒေမရှိတာကြောင့်လည်း တရုတ်ကုမ္ပဏီ ဝင်ရောက်လာမှာကို စိုးရိမ်ရတယ်လို့ ဆိုပါတယ်။
လွန်ခဲ့တဲ့ ၂၀၁၉ ခုနှစ်ကလည်း မြင်းမထိသတ္တုတွင်းမှာ မစ္စတာဝမ် တရုတ်ကုမ္ပဏီက ဝင်ရောက်ဖို့ ကြိုးပမ်းမှုရှိခဲ့ပေမဲ့ ဆက်လက်လုပ်ကိုင်ခြင်း မရှိခဲ့ပါဘူး။ အဲ့ဒီနောက် ယခုနှစ် ၂၀၂၅ မှာ ဒုတိယအကြိမ် ပြန်လည်ဝင်ရောက်လာခြင်းဖြစ်တယ်လို့ သိရပါတယ်။