spot_imgspot_imgspot_imgspot_img
Sunday, September 8, 2024
spot_imgspot_imgspot_imgspot_img

မြို့နယ် သုံး မြို့ က အိမ်ထောင်သည်အမျိုးသမီး(၂၀၀)ဦး အတွက် ငါးနှစ်ခံသားဆက်ခြားနည်း အသုံးပြုနိုင်ဖို့ ဝန်ဆောင်မှုပေးနိုင်ခဲ့

Author

Date

Category

ကန္တာရဝတီတိုင်း ( မ် )

ကရင်နီပြည် ၊ ဒီးမော့ဆို ၊ ဖရူဆို နဲ့ ဖယ်ခုံ စတဲ့ မြို့နယ်တွေမှာ ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ ( IEC ) ကျန်းမာရေးဌာန ရဲ့ ကူညီထောက်ပံ့မှုနဲ့ အိမ်ထောင်သည် အမျိုးသမီးဦးရေ (၂၀၀) ကို ငါးနှစ်ခံ သားဆက်ခြားနည်း ဖြစ်တဲ့ အမျိုးသမီးလက်မောင်းတွင်း ပစ္စည်းထည့်ခြင်း (implant) ကိရိယာကို ကျန်းမာရေးဝန်ဆောင်မှု ပေးနိိုင်ခဲ့တယ်လို့ ကရင်နီသားဖွားဆရာမများအသင်း(KMS) ရဲ့ တာဝန်ရှိသူ မဗေဒါ က ပြောပါတယ်။

“အဓိကအနေနဲ့ သားဆက်ခြားခိုင်းစေချင်တာပေါ့နော။ အိမ်ထောင်သည်အမျိုးသမီးတစ်ယောက်အနေနဲ့ ကလေးတယောက်နဲ့တစ်ယောက်ကြားမှာ အနည်းဆုံး ( ၂ )နှစ် ခြားရမှာပေါ့နော်။ အဲ့လိုမျိုး ပုံမှန် ( ၂ )နှစ် ခြားမှပဲ အမေနဲ့ ကလေးကော ကျန်းမာရေးအဆင်ပြေမယ်ပေါ့နော။ အဲ့လိုမဟုတ်ပဲနဲ့ တချို့ အိမ်ထောင်သည်အမျိုးသမီးတွေက သားဆက်ခြားတာမျိုးမရှိပဲ တစ်နှစ်ကို တစ်ယောက်နှုန်း မွေးနေကြတော့ သူတို့တွက် ကျန်းမာရေးအရကော မကောင်းဘူး ၊ကလေးအတွက်ကျန်းမာရေးအရကော မကောင်းဘူး။ လက်ရှိနိုင်ငံရေး၊ စစ်ရေးအခြေအနေ အရလည်း စီးပွားရေးအတွက်လည်း အတားဆီး အနှောင့်ယှက်တွေဖြစ်စေနိုင်တယ်ပေါ့နော။ အဲ့ဒါကြောင့် သားဆက်ခြားတာက အရေးကြီးတယ်ပေါ့”လို့ သူက ပြောပါတယ်။

အဆိုပါ IEC ကျန်းမာရေးဌာန မှ ထောက်ပံ့တဲ့ ငါးနှစ်ခံ သားဆက်ခြားနည်း (implant) ပစ္စည်းကိရိယာကို ကရင်နီသားဖွားဆရာမများအသင်း (KMS) ရဲ့ လွှမ်းခြုံနိုင်တဲ့ မြို့နယ်တွေဖြစ်တဲ့ ဒီးမော့ဆိုမြို့၊ ဖရူဆိုမြို့ နဲ့ ဖယ်ခုံမြို့နယ်‌ထဲက ကျန်းမာရေးဝန်ထမ်းတွေကို အကြောင်းကြားပြီး သားဆက်ခြားလိုတဲ့ အိမ်ထောင်သည်အမျိုးသမီးများ စာရင်းကို ပြုစုခဲ့တယ်လို့ဆိုပါတယ်။ အဆိုပါ သားဆက်ခြားနည်းကို ထည့်သင့်သူ ၊ မထည့်သင့်သူတွေကို စီစစ်ရွေးချယ်ပြီးမှသာ ငါးနှစ်ခံ သားဆက်ခြားနည်း (implant )ကို ထည့်ပေးတယ်လို့ ပြောပါတယ်။

ဓါတ်ပုံ – Karenni Midwives Society-KMS

ငါးနှစ်ခံသားဆက်ခြားနည်း (implant) ကိရိယာထည့်သွင်းဖို့ သွားလာရေးမှာ လမ်းခရီးအခက်အခဲ နဲ့ အကြောင်းအမျိုးမျိုးကြောင့် အဆိုပါသားဆက်ခြားနည်းကို လာရောက်မပြုလုပ်သေးတဲ့ အိမ်ထောင်သည်အမျိုးသမီးတွေလည်း ရှိတယ်လို့ ကရင်နီသားဖွားဆရာမများအသင်း (KMS)မှ မဗေဒါ က ဆက်ပြောပါတယ်။

“အခုလိုလုပ်နေတဲ့ချိန်မှာ လိုအပ်ချက်တွေ အခက်အခဲတွေကတော့များကြီးရှိတယ်။ ဘာတွေလည်းဆိုတော့ အခြေအနေ အရပေါ့နော တမြို့နယ်နဲ့တမြို့နယ် သွားလာရတာတစ်ခုပေါ့၊နောက်ပြီးတော့ ဖုန်းလိုင်းတွေမမိ အချိတ်ဆက်တွေမရှိကြတော့ အိမ်ထောင်သည်အမျိုးသမီးတွေအနေနဲ့ အကုန်လုံးမသိနိုင်ဘူး။ တချို့တွေ ဆရာမတွေနဲ့နီးစပ်တဲ့ သူတွေလောက်ပဲသိတယ်။ တချို့တွေက လုံးဝ ဆက်သွယ်မရနိုင်တဲ့ အိမ်ထောင်သည်အမျိုးသမီးတွေလည်း ရှိတယ် ၊ အဆက်သွယ်မရတာကြောင့် ထည့်ချင်တဲ့သူတွေ ရှိရက်သားနဲ့ မထည့်လိုက်ရတာမျိုးရှိတယ်။ ကျမတို့ဒီအဖွဲ့အနေနဲ့ ပစ္စည်းကလူအယောက် ၂၀၀စာပဲ ထုပ်ပေးနိုင်တဲ့အခြေနေဆိုတော့ အယောက်၂၀၀စာလောက်ပဲ ထည့်ပေးနိုင်တယ်၊ မထည့်လိုက်ရတဲ့အိမ်ထောင်သည်တွေလည်း ရှိတယ်။ သူတို့တွေအနေနဲ့ ပစ္စည်းလေးတွေနောက်ထပ် လိုအပ်တယ်ပေါ့နော“ လို့ သူက ပြောပါတယ်။

ဆယ်ကျော်သက်အမျိုးသမီး ကျန်းမာရေး၊ အိမ်ထောင်သည်အမျိုးသမီး သားဆက်ခြားရေး၊ ကိုယ်ဝန်ဆောင်မိခင်ရဲ့ ကျန်းမာရေးစောင့်ရှောက်မှု၊ မွေးကင်းစကလေး ကျန်းမာရေးစောင့်ရှောက်မှု နဲ့ ငါးနှစ်အောက်ကလေးငယ် ကျန်းမာရေးစောင့်ရှောက်မှုတွေနဲ့ ပတ်သက်တဲ့ လုပ်ငန်းတွေ ဆက်လုပ်ဆောင်သွားဖို့ရှိတယ်လို့လည််း ဆိုပါတယ်။

ကရင်နီသားဖွားဆရာမများအသင်း(KMS)ဟာ ကိုယ်ဝန်ဆောင်မိခင် နဲ့ ငါးနှစ်အောက်ကလေးငယ်တွေရဲ့ ကျန်းမာရေးစောင့်ရှောက်မှုကို အဓိက ဆောင်ရွက်တဲ့ အဖွဲ့အစည်းဖြစ်ပြီး CDM ဆရာမတွေနဲ့ ကိုယ်ထူကိုယ်ထဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းတစ်ခုဖြစ်တာကြောင့် ကျန်းမာရေး စောင့်ရှောက်မှုပေးနိုင်ဖို့ အတွက် ဆေးဝါး ၊ ပစ္စည်းကိရိယာ ထောက်ပံ့မှုတွေ လိုအပ်နေတယ်လို့ ဆိုပါတယ်။

spot_img
spot_img

Recent posts