spot_imgspot_imgspot_imgspot_img
Sunday, September 8, 2024
spot_imgspot_imgspot_imgspot_img

မြို့ပေါ်တိုက်ပွဲကနေ ထွက်ပြေးတိမ်းရှောင်နေကြတဲ့ ရှားတောမြို့ခံတွေအတွက် အမိုးအကာနဲ့ ကျန်းမာရေး စောင့်ရှောက်မှုတွေ လိုအပ်နေ

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်၊ ရှားတောမြို့မှာ မြို့တွင်းဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကနေ ထွက်ပြေးတိမ်းရှောင်နေကြတဲ့ မြို့ခံ တွေအတွက် အမိုးအကာနဲ့ ကျန်းမာရေး စောင့်ရှောက်မှုတွေ လိုအပ်နေတယ်လို့ သိရပါတယ်။

အဆိုပါရှားတောမြို့ခံတွေဟာ နီးစပ်ရာ တောတောင်တွေထဲကို ထွက်ပြေး တိမ်းရှောင် နေကြတာဖြစ်ပြီး
မိုးကာ အစုတ်တွေ၊ သစ်ရွက်တွေနဲ့ ယာယီတဲတွေဆောက်လုပ်နေရတယ်လို့ အသက် ၇၅ နစ်အရွယ် ဒေသခံ စစ်ရှောင် အမျိုးသမီးတစ်ဦးက ပြောပါတယ်။

“ဟိုမှာ အဝတ်စုတ်ပဲ။ မိုးကာလည်း မရှိဘူး။ ဒီတိုင်းပဲ မိုးပြီးတော့ သစ်ရွက်နဲ့ ပြန်အုပ်ထားတယ်။ ကြောက်တယ်ကော။ အဲ့လိုမျိုးပဲ နေကြတာပဲ။ ဟိုမနေ့တစ်နေ့ကလည်း မိုးရွာတော့ ယိုတယ်လေ။ ယိုလည်းမတတ်နိုင်ဘူးလေ။ ရှိမှမရှိတာကော” လို့ အသက် ၇၅ နစ်အရွယ် ဒေသခံ စစ်ရှောင် အမျိုးသမီးတစ်ဦးက ပြောပါတယ်။

တောတောင်ထဲရောက်နေတဲ့ မြို့ခံတွေမှာ တချို့မိသားစုတွေလောက်သာ မိုးကာတွေ ရှိနေကြတယ် လို့လည်းသိရပါတယ်။

စစ်ရှောင်တာ အချိန်ပိုကြာလာတာနဲ့အမျှ သူတို့ရဲ့ ကျန်းမာရေး ၊ စားဝတ်နေရေး၊ အမိုးအကာ စတဲ့ အခက်အခဲတွေဟာ ပိုမိုကြပ်တည်းလာတယ်လို့ စစ်ရှောင်တွေကို လိုက်ကြည့်ပေးနေတဲ့ လူမှုဖူလုံရေးနှင့် ပြန်လည်နေရာချထားရေး တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။

“ကျန်းမာရေးပိုင်းဆို တော်တော်လေး အခက်အခဲ ပြသနာကြုံတွေ့နေရတယ်။ အခုဆို ဆေးဝါးက သူတို့ဆီမှာ မရှိဘူး။ အိပ်ဆောင်တွေပဲ ပါလာကြတယ်။ အိပ်ဆောင်တွေ ကုန်သွားရင် သူတို့ဆီမာ ထပ်ရလာမယ့် ဆေးက မရှိတော့ဘူး။” လို့ လူမှုဖူလုံရေးနှင့် ပြန်လည်နေရာချထားရေး တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။

ရှားတောမြို့ခံတွေအနေနဲ့ တောတောင်အတွင်းမှာ စစ်ရှောင်နေတာ ၁လကျော် ရှိနေပြီဖြစ်ပြီး
တချို့မိသားစုတွေမှာ ရိက္ခာပြတ်လပ်တာတွေရှိလာတယ်လို့ သိရပါတယ်။

တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်နေကြတဲ့ ရှားတောမြို့နယ် ဒေသခံများ။

ဆောင်းရာသီဖြစ်တာမို့ စောင်အလုံအလောက် မရှိတာတွေ၊ ကလေးတွေ ဖျားနာမှုဖြစ်ပွားတာလည်းရှိတယ်လို့ စစ်ရှောင်နေတဲ့ အသက် ၅၀ အရွယ် ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။

“ဟုတ်တယ်အခုက ကျနော်တို့ အရမ်းခက်တယ်။ အိပ်တာလည်း အေးတာပေါ့နော်။ ကလေးတွေကော လူကြီးတွေကော ဖျားနာတာတွေရှိတယ်။ ဝမ်းပျက်ဝမ်းလျောလည်း အဖြစ်များကြတယ်။ ကြက်၊ဝက်တွေ ယူသွားလည်း သေကုန်တာတွေ ရှိတယ်။ ” လို့ အသက် ၅၀ အရွယ် ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။

မြို့တွင်းမှာ တိုက်ပွဲဖြစ်ပွားနေတာကြောင့်လည်း အခြေခံစားသုံးကုန်ဖြစ်တဲ့ ဆန်၊ဆီ၊ဆား၊ငရုတ် စတာတွေကို ဘယ်နေရာမှ ဝယ်လို့ မရတော့ဘူးလို့ အသက် ၄၀ အရွယ် ဒေသခံစစ်ရှောင်အမျိုးသမီးတစ်ဦးက ပြောပါတယ်။

“ဘယ်မှမရှိဘူး။ဘယ်နေရာမှမရှိတော့ဘူး။ ပိုက်ဆံလည်း မရှိခါကျတော့ တအားခက်ခဲတယ်” လို့ သူကဆိုပါတယ်။

ရှားတော မြို့ခံ ပြည်သူတွေဟာ တိုက်ပွဲ စတင်မဖြစ်ပွားမီ ၂၀၂၃ ဒီဇင်ဘာလ ကတည်းက ကြိုတင်တိမ်းရှောင်နေကြရတဲ့ မိသားစုတွေ ရှိသလို သေနတ်သံကြားမှ ထွက်ပြေးတိမ်းရှောင်ကြတဲ့ မိသားစုတွေလည်း ရှိတယ်လို့ သိရပါတယ်။

လက်ရှိမှာ စစ်ရှောင်စခန်း ၄ ခုမှာ နေထိုင်ကြရပြီး တချို့ကတော့ နီးစပ်ရာ ဆွေမျိုးရှိတဲ့ ကျေးရွာတွေမှာ ခိုလှုံကြတာတွေလည်း ရှိတယ်လို့ ဆိုပါတယ်။ ရှားတောမြို့မှာ အိမ်ခြေ သုံးရာကျော်ရှိပြီး လူဦးရေအားဖြင့် ၄၀၀၀ကျော် ရှိတယ်လို့ သိရပါတယ်။

တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်နေကြတဲ့ ရှားတောမြို့နယ် ဒေသခံများ။
spot_img
spot_img

Recent posts