စောအယ်ကညော / ကန္တာရဝတီတိုင်း ( မ် )
မတ်လ ၁၈ ရက်နေ့မှာ ကျနော့်ရဲ့ မွေးရပ်၊ ချက်ကြွေ ဇာတိမြို့လေးဖြစ်တဲ့ ဖားဆောင်းမြို့လေးကို တော်လှန်ရေးရဲဘော်တွေက ကာဗာ(အကာအကွယ်) ပေးလို့ ကံကောင်းစွာပဲ မြို့ထဲကို ဝင်ခွင့်ရခဲ့ပါတယ်။
ပထမဆုံး မြင်တွေ့လိုက်ရတာကတော့ ချုံတွေထူပြီး မပေါ်တပေါ်လေးဖြစ်နေတဲ့ “ဖားဆောင်းမြို့ မှ ကြိုဆိုပါ၏” ဆိုတဲ့ ဆိုင်းပုဒ်လေးကိုဖြစ်ပါတယ်။

အဲ့ဒီနောက် ဆက်သွားကြည့်လိုက်တော့ လမ်းမကြီးတလျှောက် သစ်ရွက်တွေကြွေကျကာ ချုံနွယ် ပိတ်ပေါင်းထူထပ်နေတဲ့ ဖားဆောင်းမြို့ရဲ့ မြို့နယ်ဆေးရုံကို တွေ့မိလိုက်တဲ့အခါ စိတ်ထဲ စိုးရိမ်မှုတွေ ဖြစ်လာပါတယ်။
မြို့လယ်လမ်းတလျှောက် ကားနဲ့ ဆက်လာလိုက်တာ မြို့ လယ်ခေါင် အဝင်ကစပြီး မြင်တွေ့ရတာက မြို့ခံဖြစ်တဲ့ စာရေးသူ ကျနော့်အတွက် သွေးပျက် ခြောက်ခြားစရာပါ။
ပြည်သူ့နေအိမ် မီးလောင်တာတွေ၊ လက်နက်ကြီးထိမှန်တာတွေနဲ့အတူ လူသူကင်းမဲ့ရုံတင်မက တိရစ္ဆာန်ပင် တကောင်မှ မတွေ့ရဘဲ ရုပ်ရှင်ဇာတ်ကားထဲက မြို့ပျက်ကြီးထဲရောက်သွားတဲ့ ခံစားချက် ပြည့်နှက်လို့လာပါတယ်။
ကျနော့် ဇာတိမြို့ဖြစ်တဲ့ ဖားဆောင်းမြို့မှာ ၂၀၂၄ခုနှစ် ဖေဖော်ဝါရီလ ၂၉ ရက်နေ့မှာ တိုက်ပွဲ စတင်ဖြစ်ပွားခဲ့တာဖြစ်ပြီး၊ အဲ့ဒီချိန်ကစလို့ ဖားဆောင်းမြို့သိမ်းတိုက်ပွဲဟာ အခုဆိုရင်တော့ တနှစ်ကျော်ရှိလာပါပြီ။ ဒါပေမဲ့ ဖားဆောင်းမြို့ ကို အပြီးသတ် မသိမ်းယူနိုင်သေးပါဘူး။
ဖားဆောင်းမြို့ရဲ့ မြို့ဧရိယာက စတုရန်းမိုင် ပေါင်း ၀.၄၆၇ သာ အကျယ်အဝန်းရှိတာပါ။ စစ်ကောင်စီရဲ့ ခလရ ၁၃၄၊ ၁၃၅ ကလည်း မြို့တွင်းမှာရှိနေတာကြောင့် တိုက်ပွဲတွေကြား ဖားဆောင်းမြို့က အပျက်အစီးများပါတယ်။ အဲ့ဒီထဲမှာ မြို့ခံတွေရဲ့ နေအိမ်တွေ၊ ဘာသာရေးအဆောက်အဦးတွေဟာ စစ်ပွဲကြားမှာ ကြေမွပျက်စီးသွားခဲ့ပါတယ်။
ဖားဆောင်းမြို့တွင်းမှာတော့ တောင်ပိုင်း၊ မြောက်ပိုင်း၊ ကွက်သစ်နဲ့ တောင်ပေါ်ဆိုပြီး ရပ်ကွက်လေးခုရှိပါတယ်။

ဖားဆောင်းမြို့တွင်းက ပြည်သူ့နေအိမ်၊ အဆောက်အဦးတွေနဲ့ ဘာသာရေးအဆောက်အဦးတွေ ပျက်စီးမှုအခြေအနေ
ဖားဆောင်းမြို့သိမ်းတိုက်ပွဲ စတင်ခဲ့တဲ့ ၂၀၂၄ခုနှစ် ဖေဖော်ဝါရီလ ၂၉ ရက်နေ့မှာ စစ်ကောင်စီက ဖားဆောင်းမြို့ မြောက်ပိုင်းရပ်ကွက်ကို မီးလောင်ဗုံးတွေနဲ့ စတင် ကြဲချခဲ့တာဖြစ်ပါတယ်။ အဲ့ဒီ မီးလောင်ဗုံးတွေဟာ မြောက်ပိုင်းရပ်ကွက်မှ စတင်လောင်ကျွမ်း ပြီး တောင်ပိုင်း ရပ်ကွက်က နှစ်ခြင်းခရစ်ယာန် ဘုရားရှိခိုးကျောင်းဝန်းထိ လမ်းဘေး ဝဲဘက်နဲ့ ယာဘက် နှစ်ဘက်စလုံးကို မီးကူးစက်လောင်ကျွမ်းခဲ့တာပါ။


အဆိုပါ မီးလောင်ကျွမ်းမှုဟာ ဖားဆောင်းမြို့ရဲ့ ၆၀ ရာခိုင်နှုန်းနီးပါးသော ပြည်သူ့နေအိမ်၊ အဆောက်အအုံတွေကို ပျက်စီးစေခဲ့ပါတယ်။
ဒါတွေတင်မကသေးပါဘူး။ တော်လှန်ရေးတပ်ဖွဲ့နဲ့ စစ်ကောင်စီကြား တိုက်ပွဲပြင်းထန်လာတဲ့ နောက်ပိုင်းမှာ စစ်ကောင်စီက မြို့တွင်းကို လေယာဉ်နဲ့ ဗုံးကြဲတာ၊ (၆၀)မမ၊ (၁၂၀)မမ စတဲ့ လက်နက်ကြီးတွေနဲ့ ရမ်းသန်းပစ်ခတ်လာပါတယ်။ အဲ့ဒီလို ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် မီးမလောင်ကျွမ်းသေးတဲ့ ပြည်သူတွေရဲ့ နေအိမ်၊ ခြံဝန်းတွေ ထပ်မံ ထိခိုက်ပျက်စီးခဲ့ပါတယ်။ ဒါ့အပြင် ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးနဲ့ ဗုံးကြဲမှုတွေဟာ လမ်းမကြီး တွေမှာ ကျရောက်ပေါက်ကွဲခဲ့တာကြောင့် လည်း လမ်းတွေပါ ထိခိုက်ပျက်စီးခဲ့ပါတယ်။
တော်လှန်ရေးတပ်ဖွဲ့ဝင်များ၏ ထိန်းချုပ်မှု

ဖားဆောင်းမြို့တွင်းမှာ စစ်ကောင်စီရဲ့ ခလရ (၁၃၄)အောက်တပ်နဲ့ ခလရ (၁၃၅)အပေါ်တပ်ဆိုပြီး တပ်နှစ်တပ်အခြေစိုက်ပါတယ်။ ခလရ (၁၃၅)ဟာ ဖားဆောင်းမြို့ရဲ့ ကွက်သစ်ရပ်ကွက်မှာ ရှိပြီး၊ ခလရ (၁၃၄)မှာတော့ ဖားဆောင်းမြို့ရဲ့ တောင်ပေါ်ရပ်ကွက်မှာ တည်ရှိပါတယ်။
ယခုလက်ရှိ ဖားဆောင်းမြို့ရဲ့ အဝင်အထွက်တွေအပြင် မြို့တွင်းနေရာ အများစုကို တော်လှန်ရေး အင်အားစုနဲ့ EROs တွေက ထိန်းချုပ်ထားပြီးဖြစ်ပါတယ်။
ယခုလက်ရှိ ဖားဆောင်းမြို့ရဲ့ မြို့အဝင်မှစ မြို့အဆုံးထိတိုင် လမ်းမကြီးရဲ့ လက်ဝဲ လက်ယာနှစ်ဘက်စလုံးမှာ လက်နက်ကြီးနဲ့ လေယာဉ်ဗုံးထိပြီး မီးလောင်ပျက်စီးနေခဲ့တဲ့ ပြည်သူရဲ့နေအိမ်တွေ၊ မော်တော်ယာဉ်တွေ နဲ့ ချုံနွယ်ထူထပ်နေတဲ့ ဘာသာရေး အဆောက်အုံတွေကိုမြင်တွေ့နေရပါတယ်။
ကားခေတ္တ ခဏရပ်တော့ ရဲဘော်တယောက်နဲ့အတူ မိသားစု စုံစုံလင်လင်ရှိခဲ့တဲ့ ကျနော့်နေအိမ်ကို ပြန်သွားကြည့်ခဲ့ပါတယ်။
ကျနော့်အိမ်ဟာ စစ်ကောင်စီ လက်နက်ကြီးပစ်ခတ်တာတွေကြောင့် အိမ်ခေါင်း အပေါက်ဖြစ်ကာ ပြန့်ကျဲနေတဲ့ ကျနော့်အဝတ်အစားတွေ၊ စာအုပ်တွေနဲ့အတူ ကွဲနေတဲ့ မှန်တွေ၊ ပြုတ်ကျနေတဲ့ မိသားစု ဓာတ်ပုံလေးတွေ ကို စိတ်မကောင်းစွာ တွေ့လိုက်ရပါတယ်။

ကျနော် မိသားစု ဓာတ်ပုံလေးကိုကောက်၊ ပါလာတဲ့ အိတ်လေးထဲထည့်ပြီး ဝဲလာတဲ့ မျက်ရည်ကို ခပ်သွက်သွက်သုတ်လိုက်ပြီး တိတ်တဆိတ်လေး အိမ်ကနေ လှည့်ထွက်လာခဲ့ပါတယ်။ တခြားသော အသိသူငယ်ချင်း အိမ်တွေကို သွားကြည့်တော့လည်း ကျနော့် အိမ်လိုပဲ အိမ်က အိမ်နဲ့ မတူတော့ဘဲ သရဲတစ္ဆေ ကွန့်မြူးနေတဲ့ သုဿန်လိုဖြစ်လို့။
ကားရပ်ထားတဲ့နေရာ၊ ကျနော်တို့ ပြန်စုမယ်လို့ ပြောထားတဲ့ လမ်းကို ပြန်နေချိန်မှာ လက်နက်ကြီး၊ လက်နက်ငယ်သံတွေ ပေါ်ထွက်လာပါတယ်။
ကျနော်နဲ့အတူ အဖော်ပါလာတဲ့ ရဲဘော်လေး တယောက်ဟာ နီးစပ်ရာမြောင်းထဲကို ဒိုင်ဗင်ထိုးဝင်ခဲ့ပါတယ်။
စစ်ကောင်စီရဲ့ ခလရ (၁၃၄) တောင်ပေါ်တပ်ကနေ လက်နက်ကြီးတွေနဲ့ မြို့ထဲကို ၂ မိနစ်ခန့် ဆက်တိုက်ပစ်ခတ်လာတာဖြစ်ပါတယ်။
ကျနော်ကြောက်လွန်းလို့ ခေါင်းမဖော်ဘဲ မြောင်းထဲမှာ ဝပ်နေတဲ့အတွက် လက်နက်ကြီး ဘယ်ကိုကျရောက် ပေါက်ကွဲတယ်ဆိုတာကို မသိခဲ့ပါဘူး။
ပူပြင်းလှတဲ့ ဖားဆောင်းမြို့ရဲ့ နွေအပူဟာ ရင် ထဲက စိုးရိမ်စိတ်၊ ဝမ်းနည်းစိတ် ၊ ပူပန်စိတ် အပူကိုတော့ မယှဥ်နိုင် တော့ပါဘူး။ ကံကောင်းစွာနဲ့ပဲ ကျနော်တို့ ဒီခြောက်ခြားစရာ၊ ဝမ်းနည်းစရာ၊ သွေးပျက်စရာ မြို့ပျက်ကြီးထဲကနေ အကောင်းဆုံး အန္တရာယ်ကင်းကင်းနဲ့ ပြန်ထွက်လာနိုင်ခဲ့ပါတယ်။
ယခင်က ဆိုင်ကယ်တွေ၊ ကားတွေ စည်စည်ကားကား နဲ့ ကုန်သွယ်ရောင်းဝယ်ခဲ့တဲ့ ကရင်နီပြည်ထဲက ပျော်ရွှင်စရာကောင်းခဲ့တဲ့ သံလွင်မြစ်နံဘေးက ဖားဆောင်းမြို့လေးဟာ ယခုချိန်မှာတော့ သုဿန်တစပြင်လို လူသူကင်းမဲ့ ခြောက်ခြားစရာမြို့ ကြီး အဖြစ်သာ တည်ရှိလို့နေပါတော့တယ်။