spot_imgspot_imgspot_imgspot_img
Sunday, September 8, 2024
spot_imgspot_imgspot_imgspot_img

မြေပဲစျေး မမှန်တာကြောင့် ဆန်နဲ့ လဲလှယ်စားသုံးရတဲ့ တောင်သူတချို့ အခက်တွေ့

Author

Date

Category

CJ / ကန္တာရဝတီတိုင်း(မ်)

ယခုနှစ် ရာသီ သီးနှံပေါ်ချိန်မှာ ကရင်နီပြည်၊ ဖရူဆိုမြို့နယ် တောင်ဘက်ခြမ်းရှိ ကျေးရွာတချို့မှာ ဆန်ဝယ်ယူဖို့ ငွေကြေးမတတ်နိုင်တဲ့ဒေသခံတွေဟာ စိုက်ပျိုးထားတဲ့ မြေပဲနဲ့ ဆန်ကို လဲလှယ်နေကြပါတယ်။ ဒါပေမဲ့ မြေပဲဈေးနှုန်း ပုံမှန်မရှိတာကြောင့် လဲလှယ်ကြတဲ့ တောင်သူတချို့ဟာ အခက်တွေ့နေကြတယ်လို့ ဆိုပါတယ်။

” ကျနော့် အိမ်မှာ ဆန်နဲ့ မြေပဲ လာလဲလှယ်တဲ့ သူတွေ ရှိပါတယ်။ ဆန်တစ်အိတ်က မြေပဲ (၄) ပုံး ချုပ်ပိတ် တစ်အိတ်ပေါ့။ မြေပဲစျေးကတော့ အတက်အကျ ရှိနေတာပေါ့နော၊ ပုံမှန်တော့ မရှိဘူး။”လို့ ဆန်နဲ့ မြေပဲ လဲလှယ်ပေးသူက ပြောပါတယ်။

ဖရူဆိုမြို့နယ် အရှေ့တောင်ဘက်ခြမ်းရှိ ဒေသမှာတော့ တောင်သူတွေအတွက် မြေပဲက ပထမ ဦးစားပေး စိုက်ပျိုးသီးနှံ တစ်ခု ဖြစ်ပါတယ်။ အဲဒီ ဒေသတွေမှာတော့ နှစ်စဥ် ဆန်စပါး အထွက်နှုန်းနည်းတာကြောင့် မြေပဲ စိုက်ပျိုးခြင်းကို အားထားပြီး ရလာတဲ့သီးနှံတွေကို ရောင်းပြီး ဆန်ဝယ်ကြရသလို၊ ဆန်စပါးနဲ့ လဲလှယ်ကြတယ်လို့ သိရပါတယ်။

“အခုက ဆန်တစ်အိတ်၊ မြေပဲ တစ်အိတ်ပေါ့၊ တချို့ဆို မြေပဲတစ်အိတ်နဲ့ တစ်ဝက်ပါပေးရတာလည်း ရှိတာပေါ့။ ဒီတစ်နှစ်က ဆန်နဲ့မြေပဲ ပိုလဲကြတာပေါ့၊ ဘာဖြစ်လဲဆိုတော့ ရာသီဥတု မမှန်တာ၊ ပြီးတော့ အကြောင်းမျိုးမျိုးကြောင့် စပါးခင်း မရှင်းလင်းနိုင်တော့ တချို့က စပါးနဲ့ လဲ တာလည်းရှိတယ်၊ စပါးနဲ့ လဲတော့ ထားလို့ ပို အဆင်ပြေတာပေါ့။ ဆန်နဲ့ များများ လဲထားရင် ဆန်က ချဥ်သွားတာတွေ ဖြစ်နိုင်တော့ စပါးနဲ့ တချို့လဲတာရှိတယ်။”လို့ ဒေသခံ တောင်သူတစ်ဦးက ပြောပါတယ်။

လက်ရှိမှာတော့ ဖရူဆို အရှေ့တောင်ဘက်ခြမ်းမှာ ပုလဲသွယ်ရိုးရိုး ဆန်တစ်အိတ်ကို ၈ သောင်းကျော်ရှိနေပြီး၊ မြေပဲ (၄) ပုံး ချုပ်ပိတ် တစ်အိတ်ကို ၈ သောင်းကျပ်မှ တစ်သိန်းကျပ်အထိ ရှိတယ်လို့ သိရပါတယ်။ မြေပဲအရည်အသွေးကို ကြည့်ပြီး ဈေးဖြတ်တဲ့အတွက် တစ်ပိဿာကို ၃၇၀၀ မှ ၄၀၀၀ ကျပ်ဝန်းကျင် ရှိနေပါတယ်။

ဆန်နဲ့ မြေပဲ လဲလှယ်ပေးသူတွေဟာ နှစ်စဥ် ရှိနေပေမယ့် ယခုနှစ် ပိုမိုများလာပြီး မြေပဲစျေးနှုန်းပုံမှန်မရှိတဲ့အတွက် လဲလှယ်တဲ့နေရာမှာ အခက်တွေ့နေကြတယ်လို့ ဆိုပါတယ်။

spot_img
spot_img

Recent posts