ဒွေးအယ်ခူ၊ မော်ဦးမြာ
မနုမနောတိုင်းရင်းသားမျိုးနွယ်စုတွေ အများစုနေထိုင်ကြတဲ့ ဖရူဆိုမြို့နယ် တော်ခူကျေးရွာအုပ်စုအတွင်းက ဒေသခံများ၏ လိုအပ်ချက်များနှင့် အသက်မွေးဝမ်းကြောင်း ဆိုင်ရာ လိုအပ်ချက်များ၊ အခက်အခဲများကို ကန္တာရဝတီတိုင်း(မ်)က သွားရောက်မေးမြန်းချက်များကို တင်ပြအပ်ပါသည်။
ဒေါ်လူးလူ (ပလိုဒေးခိုရွာ)
ပြောရမယ်ဆိုရင် ခုက နွေလည်းရောက်ပြီပေါ့နော။ နွေလည်းရောက်တော့ အရမ်းလည်းပူပြင်းတယ်။ အဓိကကတော့ ရေပြဿနာကျေးရွာလည်းငယ်တော့ အဲလောက်တော့ မဆိုးဘူးပေါ့ ပြောရမယ်ဆိုရင်။ ပညာရေးဖက်ပြောရမယ်ဆိုရင် ကျမတို့ကအစိုးရက အသိအမှတ်ပြုထားတဲ့ ကျောင်း အမက ကျောင်းတော့ ဖြစ်နေပြီပေါ့နော။ ဒါပေမယ့် လောလောဆယ် အစိုးရကချပေးတဲ့ကျောင်းကမရှိသေးဘူး ကိုယ်ထူကိုယ်ထကျောင်းပဲ ရှိသေးတယ် ဆရာမကျတော့ အစိုးရပဲချပေးပါတယ်။ စိုက်ပျိုးသီးနှံခါကျတော့ အများအားဖြင့် ကျမတို့ တောင်ပေါ်ဒေသရွှေ့ပြောင်းတောင်ယာလည်း ဖြစ်တယ်။ အများအားဖြင့် စပါးပဲစိုက်တာပေါ့နော။ စပါးထဲမှာမှ ကြားညှပ်သီးနှံအနေနဲ့ ပြောင်းတို့ငရုတ်တို့ ပဲစားဖို့ပေါ့ တစ်နိုင်တစ်ပိုင် အဲဒါပဲစိုက်တယ်။ ခက်ခဲတာကတော့ ဘယ်လိုပြောရမလဲရာသီဥတုအခြေအနေကြောင့်လားပိုးဖျက်တာတွေ အပင်သန်ပြီးအသီးမထွက်တာတွေ အမျိုးမျိုးပေါ့နောအဲလိုပြဿနာတွေရှိတယ်။
ဦးရဲထက်ဦး (နားခွီးခိုကျေးရွာဥက္ကဌ)
အဓိကရေနဲ့ လမ်းပေါ့ ကျတော်တို့ဆီမှာခက်ခဲတာက။ မိုးတွင်းဆိုရေတွေက တအားစီးတော့ မြေသားလမ်းကျတော့ သွားလို့လာလို့ အဆင်မပြေဘူး။ တစ်ခါတစ်လေ မကျန်းမမာလူတွေရှိတယ်ဆိုရင် လူနဲ့ထမ်းသွားလို့ရတာပေါ့ ကားဝင်လို့ မရဘူး ဆိုင်ကယ်စီးလို့မရဘူးအဲကြောင့် လမ်းလိုတယ်။ ရေကကျတော်တို့မှာသောက်သုံးရေက မလုံလောက်ဘူး ဒီလိုမျိုးနွေရာသီဆိုတော့။တောင်ပေါ်ဒေသမှာနေတာဆိုတော့ ကျတော်တို့ကမပြည့်စုံဘူး
ဦးမိုးဇက် (ပလဲလယ်ကျေးရွာ အတွင်းရေးမှူး)
နွေချိန်ကျတော့ အခက်အခဲကရေတစ်ခုတော့ရှိတယ်။ ဘာဖြစ်လို့လဲဆိုရင် အခုလောလောဆယ် ရေကရှားတယ် ရှားတော့ ချောင်းမှာသွားသွယ်ရတာပေါ့။ သွားသွယ် ရခါကျတော့ ဝေးတယ်။ ဝေးလည်းဝေး တောင်လည်းတအားတက်ရတယ်။ တောင်တအားတက်ရတော့ ပိုက်ကတောင်တက်တဲ့နေရာမှာ ရေကတအားတွန်းတက်ခါကျတော့ ခနခဏ ပြုတ်ထွက်သွားတယ်။ တစ်ပတ်လာရင် တစ်ရက်နှစ်ရက် ပြန်ပျက်သွားလိုက် ပြန်လိုက်ပြင်လိုက်ပြင်လိုက်နဲ့ တချို့က ပြင်ချိန်စိတ်မရှိဘူးပေါ့။ တစ်ခါတစ်လေရေက ပြတ်နေတယ်။ ရေပြတ်ခါကျတော့ တစ်ခါတစ်လေစက်ငှားပြီးတော့ စက်ကိုရေနဲ့သွားခပ် အဲလိုမျိုးဝယ်ရတာပေါ့။ အဲဒီရေနဲ့ ရွာနဲ့ဆိုရင် ၃ဖာလုံလောက်ဝေးမယ်ထင်တယ်။ တစ်ဖက်ကအခြားရွာရဲ့ ဂွင်မှာသွားယူရခါကျတော့ သူများတွေလည်းကျတော်တို့ကို သိပ်ခွင့်မပြုချင်ဘူးပေါ့။ ကျန်းမာရေးဖက်က ကျတော်တို့ရွာမှာလည်းဆေးခန်းတော့ရှိတယ် ဒါပေမယ့် ဆရာမတွေကအမြဲမနေဘူးပေါ့။ သူတို့ကဝန်ထမ်းမလုံလောက်လို့လားသို့မဟုတ် ဘယ်လိုဖြစ်လဲမသိဘူး။ ရွာမှာအမြဲတမ်းမနေတော့ တစ်ခါတစ်လေအရေးပေါ်လူနာရှိရင် ဆရာမတွေကမရှိဘူး။ ဆရာမတွေရှိနေတဲ့အခါမှာဆိုရင် လူနာတွေမရှိတဲ့အချိန်မှာဆရာမတွေကရောက်ခါကျတော့ တစ်ခါတစ်လေအဲလိုဖြစ်တယ်။ ကျန်းမာရေးဖက်မှာဆရာမတွေ အမြဲတမ်းရှိပေးနိုင်ဖို့ တောင်းဆိုချင်တယ်။
ဒေါ်လူဒါဖော (ပလဲလယ် မူလွန်ကျောင်းအုပ်)
အခက်အခဲဆိုရင် ဒီပညာရေးနဲ့ပေါ့။ ကျမတို့ တစ်အုပ်စုလုံးဆရာ၊ ဆရာမတွေ စုပြီးဆွေးနွေးရမှာပေါ့နောလုပ်ငန်းတွေ တိုးတက်ဖို့။ ဒါပေမယ့် လမ်းပန်းဆက်သွယ်ရေးကတစ်ရွာနဲ့တစ်ရွာတအားဝေးခါကျ ကျမတို့မစုနိုင်ဘူး။ တိုးတက်သင့်သလောက်လည်းမတိုးတက်ဘူးလို့ထင်တယ်။ ဘာဖြစ်လို့ဆိုကျမတို့ ဒေသခံကသွားနိုင်တယ် ထားလိုက်တော့ တကယ့် အဝေးကလာတဲ့ဆရာဆရာမတွေါဆိုရင် မသွားနိုင်ဘူးလေကျမတို့ ဒေသကိုအဲဒါကြောင့်မို့လို့ လမ်းပန်းဆက်သွယ်ရေးကောင်းလို့ရှိရင် တစ်ရွာနဲ့တစ်ရွာအဆက်အသွယ်ရလို့ရှိရင် ကျမတို့ ပိုပြီးတိုးတက်မယ်လို့ထင်တယ်။ နောက်ပြီးတော့ ကျမတို့ရွာထက် တခြားကြီးတဲ့ရွာတွေရှိတယ် အဲဒါ မူလွန်ကျောင်းတွေ ထပ်ပြီးအဆင့်တိုးပေးရင် ကောင်းမယ်လို့ ကျမထင်တယ်။ နောက်ပြီးဘာသာစကားတစ်ခုနဲ့ပေါ့နော။ ဘာဖြစ်လို့လဲဆိုတော့ ဆရာဆရာမတွေကဒီဒေသက မနုမနောမဟုတ်ဘဲနဲ့ တခြားဆရာ၊ ဆရာမတွေခါကျတော့ ဘာသာစကားနည်းနည်းခက်ခဲတယ်။ ပလဲလယ်ဆိုရင် ဒီအုပ်စုထဲမှာအလယ်ဗဟိုလည်းကျတယ်။ အဲဒါ အလယ်တန်းတို့ အထက်တန်းတို့အထိအဆင့်ထပ်တိုးပေးဖို့ပေါ့။ တချို့ကလေးတွေဆိုရင် ကျောင်းထွက်သွားတာ ကျမတို့တောင်ပေါ်မှာအများကြီးရှိတယ်။ ဘာကြောင့်လဲဆိုရင် မိဘတွေ စားဝတ်နေရေးအဆင်မပြေတော့ မထားပေးနိုင်တာလည်းရှိတယ်။ တချို့ကလေးတွေလည်း အိမ်နဲ့မခွဲချင်တော့ ရွာမှာကျောင်းမရှိတော့ တခြားရွာမှာသွားတက် မြို့တွေမှာသွားတက်တော့ မပျော်ဘူးလေ။ ပြန်ပြေးလာတယ် အများကြီးပဲ။ ကိုယ့်ရွာမှာကျောင်းအဆင့်တွေ တိုးလို့ရှိရင် ကလေးတွေကသူ့အိမ် သူ့ရွာနဲ့ သူ့ကျောင်းနဲ့ သူတို့တက်လို့ရှိရင် ဆက်တက်မယ်လို့ မျှော်လင့်တာပေါ့နော။