ကန္တာရဝတီတိုင်း(မ်)
ကရင်နီပြည် ဒီးမော့ဆိုမြို့နယ် ဒေါပိုးစီကျေးရွာအနီးမှာ ကရင်နီပူးပေါင်းတပ်နဲ့ အကြမ်းဖက်စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး တိုက်ပွဲအတွင်း KNDF တပ်ဖွဲ့ဝင်တစ်ဦး ကျဆုံးပြီး ထိခိုက်ဒဏ်ရာရသူ ရှိခဲ့တယ်လို့ ဒီကနေ့ စက်တင်ဘာလ (၂၀)ရက်နေ့မှာ KNDF သတင်းနှင့်ပြန်ကြားရေးဌာနက ထုတ်ပြန်ပါတယ်။
“ကျဆုံးသွားတဲ့ရဲဘော်အတွက်လည်း ကျနော်တို့အနေနဲ့ကတော့ ဂုဏ်ယူအမှတ်ရနေမှာပဲပေါ့လေ။ ဘာကြောင့်လဲဆိုတော့ ကျနော်တို့တွေက စစ်ကောင်စီကို တစ်ပူးတစ်တွဲထဲ တော်လှန်နေကြတဲ့သူတွေ ဖြစ်တဲ့အတွက် ကျနော်တို့အနေနဲ့ကတော့ သူကတော့ စစ်ကောင်စီတော်လှန်တဲ့နေရာမှာ အများကြီး တာဝန်ကျေသွားပြီပေါ့လေ။ ကျန်တာတွေအားလုံးကတော့ ကျနော်တို့ KNDF အဖွဲ့တွေတစ်ဦးချင်းစီတိုင်းမှာ ပိုပြီးတော့ တာဝန်ကြီးလေးသွားပြီဆိုတာ ကျနော်ပြောချင်ပါတယ်။” လို့ KNDF မှ သတင်းနှင့်ပြန်ကြားရေး တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
ဒီကနေ့ တိုက်ပွဲမှာ နေ့ခင်း ၁၁ နာရီဝန်းကျင်မှာတစ်ကြိမ်၊ ညနေ ၄ နာရီမှာတစ်ကြိမ်ဖြစ်ပွားခဲ့ပြီး ညပိုင်း ၆နာရီဝန်းကျင်မှာလည်း စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ ဆက်တိုက်ပစ်ခတ်နေတယ်လို့ သိရပါတယ်။
ဒါ့အပြင် ဒီကနေ့ ညနေပိုင်းမှာ လွိုင်ကော်မှ ဒီမော့ဆိုမြို့နယ်ကို လေယာဉ်တစ်စင်း ဖြတ်သန်းသွားလာနေတာကြောင့် ပြည်သူတွေကို ခြောက်လှန့်နေတဲ့ သဘောမျိုး လုပ်ဆောင်နေတာဖြစ်နိုင်တယ်လို့ KNDFပြန်ကြားရေးတာဝန်ရှိသူတစ်ဦးက သုံးသပ်ပြောဆိုပါတယ်။
“ကျနော်တို့ထင်တာကတော့ စစ်ကောင်စီကတော့ ကျနော်တို့ကို ရင်မဆိုင်နိုင်တဲ့အချိန်မှာ အနည်းဆုံးတော့ နောက်ဆုံးအဆင့်မှာတော့ လေကြောင်းနဲ့ အသုံးပြုဖို့ပဲရှိပါတယ်။ ကျနော်တို့သိထားပြီးသားပေါ့လေ။ ဒီနေ့ကလည်း ခြောက်လှန့်တဲ့သဘာမျိုးနဲ့လား ဒါလည်းဖြစ်နိုင်ပါတယ်။ ဒီအပေါ်မှာတော့ ထူးထူးထွေထွေပြောစရာတော့မရှိပါဘူး။ ဒါ သူတို့ရဲ့ ပင်ကိုယ်စရိုက်ပေါ့။ စစ်ကောင်စီရဲ့ယုတ်မာမှုကြောင့်ပဲ ဒီလိုပဲလုပ်နေကြတယ်လို့ ယူဆပါတယ်။” လို့ သူက ဆက်ပြောပါတယ်။
အကြမ်းဖက်စစ်ကောင်စီတပ်တွေက အရပ်ဝတ်ဖြင့် ကျေးရွာများရှိ နေအိမ်အတွင်းတွေမှာ ပုန်းခိုနေကာ တိုက်ခိုက်မှုများပြုလုပ်ပြီး ပြည်သူတွေရဲ့အိုးအိမ်တွေကို ဖောက်ထွင်းဖျက်စီးခြင်းတွေ ပြုလုပ်ပြီး တိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်များမှ လက်နက်ကြီးတွေနဲ့ အဆက်မပြတ် ပစ်ခတ်ခဲ့သဖြင့် ကျေးရွာတွေမှာ လက်နက်ကြီးတွေ ကျရောက်ပေါက်ကွဲကာ လူနေအိမ်များ ပျက်စီးခဲ့တယ်လို့ ထုတ်ပြန်ပါရှိပါတယ်။
ကရင်နီပြည်နယ်မှာ တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ ဒေသခံပြည်သူတွေ သိန်းနဲ့ချီ ရှိနေဆဲဖြစ်ပြီး စားနပ်ရိက္ခာ၊ ဆေးဝါးများ လိုအပ်နေဆဲ ဖြစ်ပါတယ်။