spot_imgspot_imgspot_imgspot_img
Friday, March 14, 2025
spot_imgspot_imgspot_imgspot_img

ယာယီအပစ်ရပ်နေစဉ် အကြမ်းဖက်စစ်ကောင်စီတပ်မှ နယ်မြေစိုးမိုးမှုအသာစီးယူနေ

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်နယ်ရှိ ကျေးရွာအများအပြားမှာ ယာယီအပစ်ခတ်ရပ်စဲထားတဲ့ အတောအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်မှ စစ်အင်အားဖြည့်တင်းနေမှုက နယ်မြေစိုးမိုးမှုမှာ အသာစီးယူနေတဲ့ ဗျူဟာဖြစ်တယ်လို့ ကရင်နီအရပ်ဖက်အဖွဲ့အစည်းကွန်ယက်မှ Coordinator ခူးကိုရယ်က သုံးသပ်ပြောဆိုပါတယ်။

“အပစ်ရပ်တယ်ဆိုတဲ့ဟာပေါ့ တကယ်တမ်းတော့ သမိုင်းကြောင်းအရ ပြန်ကြည့်မယ်ဆိုရင်လည်း စာရွက်အဖြူအပေါ်မှာပဲ ရှိတယ်လေနော လက်တွေ့မှာဆိုရင် သူတို့ဖက်က အသာစီးချင်တဲ့ သဘောမှာရှိတယ်။ အပစ်ရပ်တယ်ဆိုပြီးတော့ သူတို့လူတွေကို စစ်အင်အားထပ်ပြီးမှ ဖြည့်လာတာရှိတယ် စစ်အင်အား လက်နက်အင်အား ရိက္ခာတွေလည်း အခွင့်ကောင်းယူပြီးမှ သူတို့ ကျတော်တို့ရဲ့ နယ်မြေစိုမိုးမှုတွေကို အသာစီးသွားနိုင်တယ်တဲ့ ဗျူဟာပေါ့။ ဒါကို သူတို့တွက်ပြီးမှ အပစ်ရပ်တယ်လို့ပဲ ပြောတာပဲရှိတယ်။ တကယ်ကျတော့ သူတို့ဖက်ကလည်း အပစ်ရပ်တယ်ဆိုတဲ့ဟာ ထုတ်ပြန်ထားတာမရှိဘူးလေ စစ်ကောင်စီက။” လို့ ခူးကိုရယ်က ပြောပါတယ်။

ဇွန်လ ၁၅ ရက်နေ့မှာ ကရင်နီအမျိုးသားကာကွယ်ရေးတပ်(KNDF)မှ အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ ယာယီအပစ်ခတ်ရပ်စဲတယ်လို့ ကြေညာထားပြီးနောက် စစ်ကောင်စီတပ်မှ ဒီးမော့ဆိုမြို့နယ် အရှေ့ဖက်ခြမ်းမှာ အင်အားတိုးချဲ့မှု ပိုမိုလုပ်ဆောင်နေပြီး ကျေးရွာအတွင်း တပ်စွဲထားတယ်လို့ သိရပါတယ်။

“သူတို့က နေ့စဉ်နဲ့အမျှ အင်အားတွေဖြည့်တင်းနေတာပဲ အခုကျတော်တို့ဖက်မှ တနေ့ကဆို ၁၀၀ အခုဆိုရင် ၁၀၀ကျော်သွားပြီလေ အဲ့လိုမျိုးဖြစ်နေတယ်။ အခု ပြည်သူတွေလိုချင်တာက ငြိမ်းငြိမ်းချမ်းချမ်း အိမ်မှာပဲ လုပ်ကိုင်စားသောက်ချင်တယ်ပေါ့။အခုလိုမျိုး အင်အားတွေ ထပ်ဖြည့်တင်းခါကျတော့ တိုက်ပွဲဖြစ်လာမှာ အရမ်းစိုးရိမ်ကြတယ်လေ တိုက်ပွဲဖြစ်လို့ရှိရင် ပြည်သူတွေကလည်း ဘားမှအပြစ်မရှိဘဲနဲ့ ကြားကနေ မြေစာပင် ဖြစ်ကုန်တယ် အလကားသေကုန်ကြတယ် အဲ့လိုမျိုးဖြစ်တယ်ပေါ့နော။ အများကြီးစိုးရိမ်ပူပန်နေရတယ်။” လို့ ဒီးမော့ဆိုမြို့ နယ် အရှေ့ဖက်ခြမ်းမှ စစ်ရှောင်ဒေသခံတစ်ဦးက ပြောပါတယ်။

ဇွန်လ ၁၅ ရက်နေ့မှာ ယာယီအပစ်ခတ်ရပ်စဲကြောင်း KNDF မှ ထုတ်ပြန်ပြီး ၂ရက်မြောက်နေ့မှာလည်း ဒီမော့ဆိုမြို့နယ်အတွင်း စစ်ကောင်စီဖက်မှ လက်နက်ကြီးပစ်ခတ်မှုတွေရှိခဲ့သလို ကျေးရွာ ရပ်ကွက်တွေမှာ အကြောင်းမဲ့ပစ်သတ်ခံရပြီး
ပုပ်ပွဆွေးမြှေ့နေပြီ ဖြစ်တဲ့အတွက် မည်သူမည်ဝါမှန်း မသိရှိတော့တဲ့ အလောင်း ၁၀ လောင်းထက်မနည်း တွေ့ရှိရတယ်လို့ ဒေသခံတွေက ပြောဆိုကြပါတယ်။

အကြမ်းဖက်စစ်ကောင်စီတပ်မှ စစ်အင်အားဖြည့်တင်းနေမှု၊ အရပ်သားပြည်သူနဲ့ စစ်ဘေးရှောင်ပြည်သူတွေကို ပစ်မှတ်ထားတိုက်ခိုက်မှု၊ လူသားချင်းစာနာထောက်ထားမှု အရေးပေါ်ပစ္စည်းတွေကို ဖျက်ဆီးခြင်း စတဲ့လုပ်ရပ်တွေက ကရင်နီပြည်သူအပေါ် စစ်ကောင်စီရဲ့ လူမျိုးတုံး သတ်ဖြတ်လိုခြင်းကို ပေါ်လွင်ထင်ရှားစေတယ်လို့ ကရင်နီအရပ်ဘက် အဖွဲ့အစည်းများကွန်ယက်က ပြောဆိုထားပါတယ်။

“ဒီတိုက်ပွဲကြားမှာ ခံနေတဲ့ပြည်သူတွေက တစ်နေ့ထက်တစ်နေ့ အသတ်ခံရတယ် နောက်ပြီးမှ ဖမ်းဆီးခံရတယ် ဒါက အကုန်လုံးပြေးလွှားရတယ်။ အရင်ကဆို သံလွင်အရှေ့ဖက်တစ်လျှောက် ပြေးကုန်ပြီ အဲ့ဒါ လူမျိုးတုံးသတ်ဖြတ်မှုလို့ပြောလို့ရတယ်။ အခုကလည်း မြို့နယ်တိုင်းလိုလိုက စစ်ပွဲမဖြစ်တဲ့မြို့နယ်တွေတောင်မှ ပြေးကုန်ပြီဆိုတော့ ဒါက လူမျိုးတုံးရှင်းလင်းမှုတစ်ခုပေါ့။” လို့ ခူးကိုရယ်က ဆက်ပြောပါတယ်။

စစ်ကောင်စီမှ KNDF နဲ့ ယာယီ အပစ်ခတ်ရပ်စဲရေးပြုလုပ်ခြင်းဟာ ခုခံကာကွယ်မှု အရှိန်လျော့ချရန်နဲ့ တစ်ဖက်မှာ နယ်မြေရှင်းလင်းရေးပြုလုပ်ပြီး အဓိကကျတဲ့နယ်မြေကို ပြန်လည်ရယူ ထိန်းချုပ်နိုင်ရန်အတွက် ပြုလုပ်တဲ့ စစ်ပရိယာယ်တစ်ခုသာဖြစ်တယ်လို့လည်း ခူးကိုရယ်က ဆိုပါတယ်။

ကရင်နီပြည်နယ်မှာ စစ်ကောင်စီမှ တပ်ရင်းပေါင်း ၁၈ရင်း၊ စစ်သားပေါင်း ၂၀၀၀ ခန့်ဖြင့် အခြေစိုက်တပ်စွဲထားပြီး ခြေမြန်တပ်မ ၅၅ နဲ့ ၆၆မှ စစ်အင်အား ခန့်မှန်းချေ ၆၀၀ ခန့်ကိုလည်း ပို့ဆောင်ကာ အင်အားဖြည့်ထားတယ်လို့ ကရင်နီအရပ်ဘက်အဖွဲ့အစည်းများကွန်ယက်မှ ကရင်နီပြည်နယ်၊ ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ်ဒေသအတွင်းဖြစ်ပွားနေတဲ့ ပဋိပက္ခနဲ့ပတ်သက်ပြီး ဇွန်လ ၂၁ရက်နေ့မှာ ထုတ်ပြန်ထားတဲ့ အစီရင်ခံချက်အကျဉ်းမှာ ဖော်ပြထားပါတယ်။

spot_img
spot_img
spot_img

Recent posts