မူဖိလစ်စတာ / ကန္တာရဝတီတိုင်း (မ်)
တောင်သူဦးကြီးတွေရဲ့စပါးနဲ့ သီးနှံစိုက်ခင်းတွေကို ရာဂီ မုန်တိုင်းအရှိန်နဲ့ အတူပါလာတဲ့ မိုးရေ၊ တောင်ကျချောင်းရေတွေက ဖျက်ဆီးလိုက်ပြီးနောက် ကရင်နီနဲ့ ရှမ်း-ကရင်နီနယ်စပ်မှာ လာမဲ့နှစ်အတွက် စားနပ်ရိက္ခာ ပြတ်လပ်လာနိုင်ခြေရှိတယ်လို့ ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ IEC က ပြောပါတယ်။
“ဒီဆန်စပါးတွေကို ကျနော်တို့ အဆင်ပြေသလို ရောင်းဝယ်ဖောက်ကားပြီးရင် အခြားသောပြည်နယ်၊ အခြားဒေသတွေကို ဆေးလိုဝါးလို သယ်ဆောင်ရောင်းဝယ်တာမျိုးတွေလုပ်ရင် အဲဒီ လူဦးရေ အများပြားဆုံးဖြစ်တဲ့ လွိုင်ကော်၊ ဖယ်ခုံ၊ မိုးဗြဲ၊ နန်းမယ်ခုံ၊ လွိုင်နန်းဖ၊ ဒီးဘောင်းခူ၊ ဒီးမော့ဆိုရှေ့ ၊ နောက် ဒီဖက်ပိုင်းတွေပေါ့နော။ ဒါ လူထုတွေ အခြေခံစားနပ်ရိက္ခာတွေ ပြတ်လပ်သွားနိုင်တယ်” လို့ IEC အထွေထွေအတွင်းရေးမှူး ခူပလုရယ်က ပြောပါတယ်။
ဒီးမော့ဆို၊ နန်းမယ်ခုံ၊ ဟိုယာ၊ လွိုင်ကော်၊ ရှားတော၊ မိုးဗြဲ၊ ဖယ်ခုံမြို့တွေမှာ စပါး နဲ့ အခြားသီးနှံ စိုက်ခင်းဧက ၁၀၈၆၇.၄၁ ဧက ပျက်စီးသွားတာကြောင့် လာမဲ့နှစ်မှာ စားနပ်ရိက္ခာ ပြတ်လပ်မှုမဖြစ်အောင် ကြိုတင်ပြင်ဆင်ကြဖို့ လိုတယ်လို့ ပြောပါတယ်။
တောင်တရုတ်ပင်လယ်မှာဖြစ်ပေါ်နေတဲ့ ပြင်းအားကြီးမုန်တိုင်း ‘ရာဂီ’ မုန်တိုင်းအရှိန်က စက်တင်ဘာ ၁၀ရက်နေ့မှာ မြန်မာနိုင်ငံကိုဖြတ်ကျော်ဝင်ရောက်လာခဲ့ပြီး ကရင်နီပြည်၊ နေပြည်တော်ကောင်စီနယ်မြေ၊ ပဲခူးတိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ဧရာဝတီတိုင်းတို့ရှိ မြို့နယ် ၅၄ မြို့မှာ ရေကြီးရေလျှံမှုဖြစ်ခဲ့တဲ့အပြင် တောင်သူတွေရဲ့ စပါးအပါအဝင် တခြားသီးနှံစိုက်ခင်း ဧက ၇ သိန်းခွဲနီးပါး ရေမြှုပ်ပျက်စီးခဲ့တယ်လို့ စစ်ကောင်စီက ထုတ်ဖော်ပြောထားပါတယ်။
ရာဂီမုန်တိုင်းအရှိန်က မြေပြန့်ဒေသ၊ မြစ်ဝကျွန်းပေါ်ဒေသတွေ သာမကပဲ ကုန်းမြင့်ဒေသတွေမှာပါ ရေကြီးရေလျှံမှုဖြစ်ပွားစေခဲ့ပါတယ်။ ကရင်နီပြည်ဟာ ကုန်းမြင့်လွင်ပြင်ဒေသဖြစ်ပြီး ပင်လယ်ရေမျက်နှာပြင်အထက် ပေ ၉၈၅ ကနေ ပေ ၆၀၀၀ အထိ အမြင့်ရှိတယ်လို့ စစ်ကောင်စီရဲ့ website စာမျက်နှာမှာ ဖော်ပြထားပါတယ်။
၂၀၂၄ ခုနှစ်မှာရိုက်ခတ်လာတဲ့ ရာဂီမုန်တိုင်းဒဏ်ကြောင့် ပင်လယ်ရေမျက်နှာပြင်အထက် ပေ ၄၃၀၀ ကျော်မြင့်တဲ့ ရှမ်းပြည်တောင်ပိုင်း ကလောဒေသမှာတောင်မှ ရေကြီးရေလျှံမှုဖြစ်ပွားခဲ့ပြီး ကရင်နီပြည်တွင်းရှိ တောင်ပေါ်ဒေသတွေမှာလည်း တောင်ကျရေမြှင့်တက်မှုတွေ၊ ရေလွမ်းမိုးမှုတွေဟာ ဆိုးဆိုးဝါးဝါးဖြစ်ခဲ့ပါတယ်။
“ရေမြှုပ်တာအရမ်းကြာတော့ အနှံတောင်မထွက်နိုင်တော့ဘူး။ အဲဒီဟာကတော့ ဘယ်လိုမှမဖြစ်နိုင်တော့ဘူး” လို့ တောင်ပေါ်ဒေသမှာ တောင်ကျရေကြောင့် စပါးခင်းပျက်စီးသွားပုံကို ဒီးမော့ဆိုမြို့နယ်အတွင်းက ဒေါရောက်ခူကျေးရွာခံတစ်ဦးက ပြောပြတာပါ။
မြန်မာနိုင်ငံမှာ ၂၀၀၈ ခုနှစ်၊ မေလ ၂ရက်နေ့တုန်းက ပြင်းအားကြီး နာဂစ်ဆိုင်ကလုန်မုန်တိုင်း တိုက်ခတ်ခဲ့ပါသေးတယ်။ မြစ်ဝကျွန်းပေါ်ဒေသက သိန်းနဲ့ချီလူတွေကိုသေဆုံးစေခဲ့တဲ့ နာဂစ်မုန်တိုင်းက ကုန်းမြင့်ဒေသတွေမှာတော့ တိုက်ရိုက်သက်ရောက်မှုမရှိခဲ့ပါဘူး။
နာဂစ်မုန်တိုင်းတိုက်ခတ်ပြီး ၁၆ နှစ်အကြာ နာဂစ်ဘေးနဲ့မတူတဲ့ ရာဂီမုန်တိုင်းအရှိန်ကြောင့် ကြီးမားတဲ့ရေလွှမ်းမိုးမှုဒဏ်ကို မြန်မာနိုင်ငံတစ်ဝှမ်း မြစ်ဝကျွန်းပေါ်ဒေသတွေသာမက ကုန်းမြင့်ဒေသတွေမှာပါ ကြုံခဲ့ရပါတယ်။
ဒါက နှစ်ပေါင်း ၅၀ အတွင်း အဆိုးရွားဆုံးသဘာဝဘေးတစ်ခုဖြစ်တယ်လို့ စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က စက်တင်ဘာလ ၁၇ ရက်နေ့က နေပြည်တော်မှာပြုလုပ်တဲ့ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာအစည်းဝေးမှာ ပြောကြားခဲ့ပါတယ်။
ကရင်နီပြည်၊ ဆိုမိုဖေစိုးလေး (ရှားတော) မြို့နယ်မှာ ယခုနှစ် တောင်ကျရေကြောင့် နှမ်းခင်း အပါအဝင် တခြးသီးနှံ ဧက ၈၀၀ ကျော်ပျက်စီးခဲ့ရပါတယ်။ အသက် ၇၀အရွယ် ဒေသခံတစ်ဦးကလည်း အခုလို ရေဘေးဆိုးဝါးတဲ့ဒဏ်ကို သူ့ရဲ့ ဘဝမှာ ပထမဆုံး ကြုံဖူးရခြင်းဖြစ်တယ်လို့ ပြောပါတယ်။
ရှမ်း-ကရင်နီနယ်စပ်က ဖယ်ခုံမြို့နယ်၊ မိုးဗြဲမြို့အတွင်းရှိ လယ်ဧက ၁၀၀၀ ကျော်လည်း ၃လနီးပါးကြာ ရေနှစ် မြှုပ်ခဲ့လို့ စပါးခင်းတွေ ရိတ်သိမ်းလို့မရတော့ပါဘူး။
“အပင်တွေက ပုတ်ကုန်တယ်။ မည်းကုန်တယ်ပေါ့နော။ ပြီးတော့ အနှံထွက်ပြီးသား အခင်းတွေဆို အကုန်လုံး လှဲ ကုန်တယ်။ အနှံမထွက်သေးတဲ့ အခင်းတွေဆိုအကုန်လုံးပုတ်ကုန်တယ်။ အမြစ်တောင်မှ မကျန်ဘူး” လို့ဒေသခံတစ်ဦးက ပြောပါတယ်။
ယခုနှစ် ဇူလိုင်လက မိုးဗြဲရေကာတာလွှတ်ချမှုကြောင့် မိုးဗြဲ၊ ဖယ်ခုံဒေသက ရေနစ်မြှုပ်ပြီးသား လယ်စပါးခင်းတွေဟာ ရာဂီမုန်တိုင်းအရှိန်ကြောင့် ရေလွှမ်းမိုးမှု ထပ်ဖြစ်ခဲ့တာပါ။
မြန်မာနိုင်ငံတစ်ဝှမ်း ရာဂီမုန်တိုင်းအရှိန်ကြောင့် စိုက်ပျိုးဧက သိန်းနဲ့ချီပျက်စီးသွားတဲ့အပေါ် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်က ပြန်လည်ထူထောင်ရေးအတွက် လိုအပ်တဲ့ ဆန်မျိုးစေ့၊ မြေသြဇာတွေကို ရန်ကုန်တိုင်းအတွင်းမှာ စတင် ကူညီဆောင်ရွက်နေပြီလို့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် အသင်းတာဝန်ရှိသူက ကန္တာရဝတီတိုင်း (မ်) ကိုပြောပါတယ်။
“လောလောဆယ်တော့ အနီးစပ်ဆုံးရန်ကုန်တိုင်း တစ်ခုထဲပဲလုပ်နိုင်သေးတယ်ဗျ။ ရန်ကုန်တိုင်း အတွင်းမှာ ရေကြီးနစ်မြှုပ်ပျက်စီးသွားတဲ့ ဧက လေးတွေအပေါ်မှာ တောင်သူတွေ ပြန်စိုက်ချင်တယ်ဆိုလို့ရှိရင် ကျနော်တို့ဖက်က ကူညီထောက်ပံ့ပေးတာမျိုးတွေ အကြမ်းဖျင်းလေးပဲ ရှိပါသေးတယ်။ ကျန်တဲ့ တိုင်းနဲ့ပြည်နယ်အသီးသီးကတော့ ကျနော်တို့လည်း ကြိုးစားဆဲ အဆင့်ပဲရှိပါသေးတယ်။” လို့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် အသင်းတာဝန်ရှိသူက ကန္တာရဝတီတိုင်း (မ်) ကိုပြောပါတယ်။
အာဏာသိမ်းပြီးနောက် ဒေသတွင်း တိုက်ပွဲဖြစ်ပွားနေဆဲဖြစ်တဲ့ ကရင်နီပြည်မှာတော့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က ကူညီထောက်ပံ့ပေးမှုကို ကရင်နီဒေသခံတွေ ရရှိမှာမဟုတ်ဘူးလို့ တောင်သူတွေက ပြောဆိုကြပါတယ်။ စစ်ကောင်စီထိန်းချုပ်တဲ့ လွိုင်ကော်မြို့တွင်းမှာတောင် ဒေသခံတွေဟာ တိုက်ပွဲတွေကြောင့် စိုက်လက်စ စပါးခင်းကို ချန်ထားရပြီး ထွက်ပြေးတိမ်းရှောင်နေရတဲ့ အခြေအနေမှာ ရှိနေပါတယ်။
လူဦးရေ ၅၄ သန်းရှိတဲ့ မြန်မာနိုင်ငံမှာ စစ်ရေးပဋိပက္ခကြောင့် လူဦးရေ ၁၃ ဒသမ ၂ သန်းက စားနပ်ရိက္ခာ မဖူလုံမှုတွေ ကြုံတွေ့နိုင်တယ်လို့ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဥ် WFPက ယခုနှစ် ဇွန်လအတွင်းမှာပဲ ပြောထားခဲ့ပြီးတဲ့နောက် ရေဘေးကြောင့် စိုက်ပျိုးဧကတွေ သိန်းနဲ့ချီ ပျက်စီးသွားခဲ့တာပါ။ ဒါ့ကြောင့် WFP ရဲ့ ခန့်မှန်းချက်ထက်အများကြီး ပိုပြီး စားနပ်ရိက္ခာ မဖူလုံမှုတွေကို ပြည်သူတွေ ကြုံတွေ့ရနိုင်ပါတယ်။
ကရင်နီပြည်မှာလည်း ရာဂီမုန်တိုင်း အလွန် ပြန်လည်ထူထောင်ရေးအတွက် လူဦးရေ ၃၀၀၀၀ နီးပါး အကူအညီလိုအပ်နေဆဲပဲလို့ IEC ကပြောထားပါတယ်။
ကရင်နီပြည်နဲ့ ရှမ်း-ကရင်နီနယ်စပ်ဒေသမှာ အသက်မွေးဝမ်းကြောင်းအတွက် စပါးကို အဓိက အားထားစိုက်ပျိုးကြပါတယ်။ ဒါ့အပြင် နှမ်း၊မြေပဲ၊ နေကြာ၊ ပြောင်းဖူး နဲ့အခြားသီးနှံတွေကိုလည်း စိုက်ပျိုးကြပါတယ်။
လူဦးရေ ၃သိန်းဝန်းကျင်သာရှိတဲ့ ကရင်နီပြည်တွင်းမှာတော့ စစ်တပ်အာဏာသိမ်းပြီးတဲ့နောက် လူဦးရေ နှစ်သိန်းကျော်က စစ်ဘေးရှောင်နေရတာပါ။ စိုက်ပျိုးရေးကိုလည်း ရာနှုန်းပြည့်မလုပ်နိုင်ကြတော့သလို စိုက်ပျိုးလို့ရသေးတဲ့ ဒေသက လူထုရဲ့စိုက်ခင်းတွေကိုလည်း ယခုနှစ် ရာဂီ ရေဘေးက ထပ်မံဖျက်ဆီးလိုက်ပါတယ်။
လာမယ့် ၂၀၂၅ ခုနှစ် စားနပ်ရိက္ခာအစီအမံအတွက် IEC ရဲ့ လူသားချင်းစာနာထောက်ထားရေးနဲ့ ပြန်လည်တည်ထောင်ရေးဌာနက ကရင်နီနဲ့ ရှမ်း-ကရင်နီနယ်စပ်ဒေသတွေမှာ ရေဘေးဒဏ်ခံရတဲ့ ဒေသအလိုက် တတ်အားသမျှဆောင်ရွက်သွားမယ်လို့လည်း ပြောပါတယ်။ ယခုလက်ရှိအချိန်မှာလည်း အစီအမံ စတင်နေပြီဖြစ်တယ်လို့ ဆိုပါတယ်။
“IEC က တစ်ယောက်ကို ငါးသောင်းခွဲပေါ့နော။ လယ်ပျက်တဲ့ မိသားစုတွေကို သူတို့တစ်အိမ်ထောင်စု ငါးသောင်းခွဲလာပေးတာတော့ရှိတယ်။” လို့ မိုးဗြဲဒေသခံတစ်ဦးကပြောပါတယ်။
၂၀၂၄ ခုနှစ်၊ စက်တင်ဘာလမှာ ဗီယက်နမ်နိုင်ငံကိုစတင်ဝင်ရောက်တိုက်ခဲ့တဲ့ ရာဂီမုန်တိုင်းကြောင့် ဗီယက်နမ်၊ မြန်မာ၊ ထိုင်း ၊ လာအို၊ တရုတ်၊ ဖိလစ်ပိုင် နိုင်ငံတွေမှာ လူပေါင်းသန်းနဲ့ချီပြီး ရေဘေးသင့်ခဲ့ရပါတယ်။
မုန်တိုင်းကြောင့် မြန်မာနိုင်ငံတဝန်း လူ ၁ သန်းနီးပါး ရေဘေးသင့်ခဲ့တယ်လို့ ကုလသမဂ္ဂ လူသားချင်း စာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး (UNOCHA) က စက်တင်ဘာ ၂၇ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။