spot_imgspot_imgspot_imgspot_img
Sunday, December 22, 2024
spot_imgspot_imgspot_imgspot_img

ရာသီအကူးအပြောင်းကြောင့် စစ်ဘေးရှောင်တွေ ဖျားနာမှုများနေ၊ ဆေးဝါးနဲ့ စောင်၊ အနွေးထည်တွေလိုအပ်

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်မှာရှိတဲ့စစ်ရှောင်စခန်းက စစ်ဘေးရှောင်အများစုဟာ ရာသီအကူးအပြောင်းကြောင့် ဖျားနာမှု အဖြစ်များနေကြတယ်လို့ စစ်ရှောင်ကူညီဆောင်ရွက်သူဆီကနေ သိရပါတယ်။

ဒီးမော့ဆိုအနောက်ဖက်ခြမ်းတွေမှာ အဖြစ်များနေတာတွေ့ရပြီး ဒီးမော့ဆိုအရှေ့ခြမ်းနဲ့ လွိုင်ကော်အရှေ့ဖက်ခြမ်းက စစ်ရှောင်တချို့တွေမှာလည်း ဖျားနာမှုအဖြစ်များနေကြတယ်လို့ စစ်ရှောင်အရေးကူညီဆောင်ရွက်တဲ့ Jobs For Kayah အသင်းဝင်တစ်ဦးက ကန္တာရဝတီတိုင်း(မ်) ကိုပြောပါတယ်။

“ရောဂါဖြစ်ပွားနေတာက ဒီးမော့ဆိုအနောက်ခြမ်းမှာရှိတဲ့ စစ်ဘေးရှောင်စခန်းတွေမှာ ပိုဖြစ်ကြတယ်။ တချို့ စခန်းဆို စခန်းတစ်ခုလုံးဖြစ်ကြတယ်။ ရာသီအကူးအပြောင်းကြောင့်လို့ ပြောလို့ရပါတယ်။ ဒီးမော့ဆိုအရှေ့ခြမ်း ၊လွိုင်ကော်အရှေ့ဖက်ခြမ်းတွေလည်းဖြစ်တယ်။”လို့ အဆိုပါ အသင်းဝင်တစ်ဦးက ဆိုပါတယ်။

ဆောင်းအဝင် ရာသီဥတုအေးစိမ့်လာတာကြောင့် အမိုးအကာ၊ စောင်၊ ခြင်ထောင် နဲ့ ဆေးဝါး မလုံလောက်တာတွေကြောင့် ကလေးငယ်အပါအဝင် သက်ကြီးရွယ်အိုတွေလည်း ကူးစက်ဖျားနာကြပြီး တစ်ပတ်ကျော်ကြာမြှင့်နေပြီလို့ သူက ဆက်ပြောပါတယ်။

အဆိုပါ ဖျားနာသူတွေဟာ တကိုယ်လုံးကိုက်ခဲ နာကျင်တာ ၊ ခေါင်းမူးတာ ၊ နှားစေးချောင်းဆိုးတာ ၊ လည်ချောင်းနာတာ စတဲ့လက္ခဏာတွေကို ခံစားနေကြတာဖြစ်ပါတယ်။

ဒီးမော့ဆိုအနောက်ဖက်ခြမ်းမှာတော့ နှစ်စဥ်နှစ်တိုင်းရာသီအကူးအပြောင်းကာလမှာ ဖျားနာလေ့ရှိတယ်လို့ စစ်ရှောင်အမျိုးသမီးတစ်ဦးက အခုလိုပြောပါတယ်။

“စခန်းဘယ်နှစ်ခုလောက်ဖြစ်နေကြလဲမသိဘူးပေ့ါ။ ဒါပေမဲ့ ဖြစ်ကြတာရှိမှာပဲ။ ရာသီကူးပြောင်းဆို နှစ်တိုင်းလိုလိုဖြစ်နေကြတာရှိတယ်။ အခုကျမကိုယ်တိုင်တောင် စဖြစ်ချင်နေပြီ။”လို့ စစ်ရှောင်အမျိုးသမီးတစ်ဦးက ပြောပါတယ်။

ဒီးမော့ဆိုအရှေ့ဖက်ခြမ်းက စစ်ရှောင်တွေလည်း ဖျားနာမှုတွေရှိတယ်လို့ ဒေသခံအမျိုးသားတစ်ဦးက ပြောဆိုထားပါတယ်။

“ဖျားကြတာတော့ တချို့တော့ရှိတယ်။ ပြင်းပြင်းထန်ထန်ဖြစ်နေကြတာတော့ မတွေ့ရသေးဘူး။ ခုကာလက ရာသီအကူးအပြောင်းကြောင့် ဖျားတာပဲထင်တယ်။ ချောင်းဆိုး၊နှာစေးကြတာတော့ရှိတယ်။”လို့ ဒီးမော့ဆိုအရှေ့ခြမ်းက ဒေသခံအမျိုးသားတစ်ဦးက ဆိုပါတယ်။

ဖျားနာသူတွေဟာ ဆေးဝါးတွေကိုတော့ နီးစပ်ရာ ဆေးပေးခန်းတွေမှာ သွားရောက်ပြသ ရယူကြပြီး ဆေးဝါးတင်သွင်းမှု ခက်ခဲကြတာကြောင့်လည်း ဆေးဝါး မလုံလောက်တာတွေ ကြုံတွေ့နေကြတယ်လို့ စစ်ရှောင်ကူညီသူတွေက ပြောပါတယ်။ စစ်ရှောင်စခန်းအများစုမှာတော့ စောင်၊အနွေးထည်တွေ လိုအပ်ချက်ရှိနေကြသလို ဖျားနာကြသူတွေအတွက် ဆေးဝါးတွေ လိုအပ်နေကြပါတယ်။

spot_img
spot_img
spot_img

Recent posts