ကန္တာရဝတီတိုင်း(မ်)
“ရာဂီ” လို့ခေါ်တဲ့ အားကောင်းတဲ့ တိုင်ဖွန်းမုန်တိုင်းနဲ့ အိန္ဒိယနိုင်ငံဘက်မှာ တိုက်ခတ်တဲ့ မုန်တိုင်းအရှိန်တွေ ကြောင့် စက်တင်ဘာလ ဒုတိယပတ်အတွင်း မြန်မာနိုင်ငံ၊နေရာအနှံ့အပြားမှာ မိုးသည်းထန်ရွာသွန်းတာ၊ လေပြင်းတိုက်ခတ်တာ၊ ရေကြီးရေလျှံ ရေနစ်မြုပ်တာတွေ ဖြစ်ပေါ်နေပါတယ်။
ကရင်နီနဲ့ ရှမ်း – ကရင်နီနယ်စပ် နေရာဒေသတွေမှာလည်း ရေဘေးပြဿနာကြုံတွေ့နေရပြီး ပျက်စီးဆုံးရှုံးမှုတွေ များပြားနေပါတယ်။
ရေလွှမ်းမိုးမှုဖြစ်ပွားပြီးနောက် ရေကျသွားတဲ့အခါ ဘေးကင်းလုံခြုံရေးအတွက် လတ်တလော ပြဿနာကို ကျော်လွှားလိုက်နိုင်ပြီဆိုပေမယ့် ရေလွှမ်းမိုးမှုကြောင့် ဖြစ်ပွားတဲ့ ညစ်ညမ်းမှုတွေကတဆင့် ကျန်းမာရေး ပြဿနာတွေ ဖြစ်ပေါ်လာနိုင်ပါတယ်။
ဒါကြောင့် ရေကြီးရေလျှံဖြစ်ပြီးနောက် ဖြစ်လာနိုင်တဲ့ ကျန်းမာရေးပြဿနာတွေနဲ့ လိုက်နာရမယ့် ကျန်းမာရေးဆိုင်ရာတွေကို မျှဝေပေးမှာဖြစ်ပါတယ်။
ရေကြီးပြီးတဲ့ နေရာတွေမှာ ဘယ်လိုနေထိုင်မလဲ
ရေကြီးပြီးနောက်မှာ ရေလွှမ်းမိုးမှုကြောင့်ပါလာတဲ့ ရေတွေနဲ့ ထိတွေ့မှုကို ရှောင်ကြဉ်သင့်ပါတယ်။ အဲဒီရေတွေထဲမှာ ညစ်ညမ်းမှု အမျိုးမျိုး ပါလာနိုင်တာကြောင့် အန္တရာယ်ရှိနိုင်ပါတယ်။
ရေကြီးခဲ့တဲ့နေရာတွေကို အရင်ဆုံး သန့်စင်အောင် သန့်ရှင်းရေးပြုလုပ်ရပါမယ်။ ရေကြီးစဉ်က ရေတွေနဲ့ ထိတွေ့ခဲ့တဲ့ ကြမ်းပြင်တွေ၊ နံရံတွေ၊ ပစ္စည်းကိရိယာတွေနဲ့ ပရိဘောဂတွေကို သန့်စင်ပြီး ဘက်တီးရီးယားရှိနိုင်တာကြောင် ပိုးသတ်ဆေးနဲ့ ဖြန်းသင့်ပါတယ်။
ညစ်ပေနေတဲ့ နေရာတွေ၊ ပစ္စည်းတွေကို သန့်စင်တဲ့အခါ လက်အိတ်၊ မျက်လုံးအကာအကွယ်တွေနဲ့ လည်ရှည်ဖိနပ်များ စီးထားပါ။ ပစ္စည်းတွေကို ဆပ်ပြာ နဲ့ သေချာဆေးကြောပြီး ပိုးသတ်ဆေးများ အသုံးပြုသင့်ပါတယ်။
ရေကြီးပြီးနောက်ပိုင်းမှာ စိုထိုင်းမှုတွေကြောင့် မှိုတက်တာကလည်း ရေရှည်တည်ရှိနိုင်တဲ့ သက်ရောက်မှုတခုလို ဖြစ်လာနိုင်ပါတယ်။
ရေဝင်ခဲ့တဲ့ အဆောက်အအုံအတွင်း အရာဝတ္ထုများအားလုံး အပြည့်အ၀ မခြောက်မချင်း နံရံတွေနဲ့ ကြမ်းပြင်တွေမှာ မှိုတက်တာတွေ ဖြစ်နိုင်တာကြောင့် အိမ်သုံးပိုးသတ်ဆေးရည်ဖြင့် ပက်ဖျန်းသင့်ပါတယ်။
အဆိုပါနေရာတွေကို လေဝင်လေထွက်ကောင်းအောင် ပြတင်းပေါက်၊ တံခါးစတာတွေကို ဖွင့်ထားပေး ရမှာဖြစ်ပါတယ်။
ရေကြီးရေလျှံနောက်ဆက်တွဲ ဖြစ်လာနိုင်တဲ့ ကျန်းမာရေးပြဿနာများ
မိုးသည်းထန်စွာရွာသွန်းမှု နဲ့ ရေကြီးမှုကြောင့် ရေမှတဆင့် တိုက်ဖွိုက်ရောဂါ၊ လက်ပတိုစပိုင်းရိုးစစ် ရောဂါတွေ အပြင် ရောဂါမျိုးသယ်ဆောင်တဲ့ ပိုးမွှားကောင်တွေကနေတဆင့် ငှက်ဖျားရောဂါ၊ သွေးလွန် တုပ်ကွေးရောဂါ၊ ဝမ်းပျက်ဝမ်းလျှောရောဂါ စတာတွေလည်း ဖြစ်ပွားနိုင်ခြေ များနိုင်ပါတယ်။
ငှက်ဖျားရောဂါအပါအဝင် သွေးလွန်တုပ်ကွေးစတဲ့ ရောဂါပိုးတွေကို သယ်ဆောင်တဲ့ ခြင်တွေဟာ ရေကြီးခြင်းကြောင့် ရေဝပ်ကျန်ခဲ့တဲ့နေရာတွေမှာ ခြင်ပေါက်ပွားဖို့ အကောင်းဆုံးအနေအထားကို ဖြစ်စေနိုင်ပါတယ်။
ဒါကြောင့် ခြင်မှတဆင့် ကူးစက်တဲ့ ရောဂါတွေကို ကာကွယ်နိုင်ဖို့ နေအိမ်နဲ့ အနီးတဝိုက်က ရေပြည့်နေတဲ့ အရာများအားလုံးကို ဖယ်ရှားပါ။ ဖယ်ရှားလို့မရတဲ့ ရေတွေကို ဆေးဖျန်းထားဖို့ လိုအပ်ပါတယ်။
ရေကြောင့်ဖြစ်လာနိုင်တဲ့ ရောဂါတွေကို ဘယ်လိုကာကွယ်မလဲ
ရေကြီးခြင်းဟာ ရေကနေတဆင့် ကူးစက်တတ်တဲ့ ရောဂါတွေကို ပိုမိုဖြစ်ပွားတတ်တာကြောင့် သောက်သုံးရေကို စိတ်ချရတဲ့ ရေအရင်းအမြစ်ကနေ ရယူသုံးစွဲရမှာ ဖြစ်ပါတယ်။ သန့်ရှင်းတဲ့ ရေအရင်းအမြစ်ကို မရရှိနိုင်ရင် ရေကို မသုံးစွဲမီ ကလိုရင်း (သို့မဟုတ်) ကျိုချက်ပြီးမှ သောက်သုံးပါ။
ချက်ပြုတ်တဲ့အခါ ကလိုရင်းခတ်ထားတဲ့ရေ (သို့မဟုတ် ) ကျိုချက်ထားတဲ့ ရေကိုသာ အသုံးပြုပါ။ ရေကြီးတဲ့ ရေနဲ့ ထိတွေ့ထားတဲ့ အစားအစာတွေကို မစားသုံးသင့်ပါဘူး။
ဒါတွေအပြင် ရေကြီးတဲ့ ရေနဲ့ ထိတွေ့ထားတဲ့ အစားအစာတွေကို မစားသုံးသင့်သလို ရေကြီးတဲ့ရေနဲ့ သုံးစွဲအသုံးပြုပြီး သောက်သုံးတာ၊ ချက်ပြုတ်စားသောက်တာ၊ မီးဖိုချောင်ပစ္စည်းတွေနဲ့ ဆေးကြောတာ၊ သွားတိုက်တာတွေကိုလည်း မပြုလုပ်သင့်ပါဘူး။
လက်တွေကို သန့်ရှင်းတဲ့ ရေ၊ ဆပ်ပြာစတာတွေနဲ့ ဆေးကြောရမှာဖြစ်ပြီး အစာမစားမီနဲ့ အိမ်သာအသုံးပြုပြီးတိုင်း လက်ကို သေချာဆေးကြောရမှာဖြစ်ပါတယ်။
အစားအစာတွေကို ကျက်အောင် ချက်ပြုတ်ပြီး စားသုံးသင့်သလို စားကြွင်းစားကျန်တွေကိုလည်း စနစ်တကျ စွန့်ပစ်ရမှာဖြစ်ပါတယ်။
အစားအစာညစ်ညမ်းတာကနေတဆင့် အစာအဆိပ်သင့်တာတွေ ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် ရေကြီးခြင်းကြောင့် ရောက်ရှိလာတဲ့ရေတွေနဲ့ ထိတွေ့ခဲ့တဲ့ စားနပ်ရိက္ခာတွေကို စွန့်ပစ်ရမှာ ဖြစ်ပါတယ်။
အစားအစာ စည်သွပ်ဘူးတွေကတော့ အဖုံးပွင့်နေတာ၊ သက်တမ်းလွန်နေတာ၊ ဖောင်းနေတာ (သို့မဟုတ်) ပျက်စီးတာတွေ မရှိသရွေ့ တော့ သိမ်းဆည်းထားနိုင်ပြီး စားသုံးနိုင်ပါတယ်။
ကလေးတွေကို ရေကြောင့်ဖြစ်တတ်တဲ့ ရောဂါတွေ မကူးစက်ဖို့ ရေကြီးနေတဲ့နေရာရှိ ရေထဲတွေမှာ ဆော့ကစားတာတွေကို တားမြစ်ရမှာဖြစ်ပါတယ်။
ရေကြီးနေတဲ့အချိန်မှာ မိသားစုအတွင်း တဦးဦး နာမကျန်းဖြစ်မယ်ဆိုရင် ဆရာဝန် (သို့မဟုတ်) ကျန်းမာရေးဝန်ထမ်းနှင့် ချက်ချင်းပြသဆွေးနွေးသင့်ပါတယ်။
ကြိုတင်ဆွေးနွေးခြင်းဖြင့် ဘေးလွတ်ရာကို ရွှေ့ပြောင်းနေထိုင်နေရသူတွေအကြား ရောဂါကူးစက် ပြန့်ပွားမှုကို ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။
ကိုးကား – NUG , MOH website