ကန္တာရဝတီတိုင်း(မ်)
ရှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် အင်းလေးဒေသက ရေပူကျေးရွာအနီးမှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တို့ နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ပြီး တိုက်ပွဲအတွင်း တော်လှန်ရေးတပ်ပေါင်းစုဖက်မှ PNO တပ်သား ၄ ဦး ဖမ်းမိခဲ့တယ်လို့ မနေ့က ဖေဖော်ဝါရီ ၁၇ ရက်နေ့မှာ အင်းလေးပြည်သူ့ကာကွယ်ရေးတပ်(IPDF) အမှတ်- ၁၀၀၉ က ထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ (၁၆) ရက် ညနေ နှစ်နာရီခွဲ ဝန်းကျင်မှာ PNO တပ်ရင်း (၁) နဲ့ တပ်ရင်း (၇)တို့ပူးပေါင်းပြီး အင်အား(၁၀၀)ကျော်နဲ့ ရေပူကျေးရွာအနီးကို ထိုးစစ်ဆင်လာခဲ့ပြီး နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့တာပါ။
ထိုးစစ်ဆင်လာတဲ့ PNO တပ်ဖွဲ့ကို အင်းလေးပြည်သူ့ကာကွယ်ရေးတပ် IPDF အမှတ် ၁၀၀၉ တပ်ရင်း နဲ့ မဟာမိတ်တပ်တွေဖြစ်တဲ့ ပျားစစ်ကြောင်း ၊ ဖယ်ခုံမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ရင်း-၂ PK-PDF-2 အမှတ် ၁၀၀၆ တပ်ရင်းနဲ့ အလယ်ပိုင်းတိုင်းအထူးစစ်ဆင်ရေးတပ်ဖွဲ့တို့ ပူးပေါင်းပြီး ( ၃ ) နာရီခွဲခန့်အကြာ နှစ်ဖက် ထိတွေ့မှု ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။
အဆိုပါ ဖြစ်ပွားခဲ့တဲ့ နှစ်ဖက်တိုက်ပွဲအတွင်းမှာတော့ PNO တပ်သား ၄ ဦး ဖမ်းမိသလို ၅ ဦးထက်မနည်းသေဆုံးခဲ့ပြီး ေသနတ် ( ၅ )လက်နဲ့ ကျည်အချို့ကိုလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ရေပူကျေးရွာမှာ နှစ်ဖက်တိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့ရက်တွေမှာလည်း စစ်ကောင်ဖက်က လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီး ပစ်ခတ်မှုတွေ မကြာခဏ လုပ်ဆောင်နေပြီး အရပ်သားထိခိုက်သေဆုံးမှုတွေရှိသလို နေအိမ်တွေလည်း အမြောက်အများ ထိခိုက်ပျက်စီးမှုတွေ ရှိနေပါတယ်။
အလားတူ ဖေဖော်ဝါရီ ၁၆ ရက်နဲ့ ၁၇ ရက်နေ့ နှစ်ရက်အတွင်းမှာလည်း စစ်ကောင်စီဖက်မှ ရေပူကျေးရွာအတွင်းကို လေကြောင်းကနေ ၅ ကြိမ် တိုက်ခိုက်ခဲ့ပြီး စာသင်ကျောင်းဆောင်အပါအဝင် လူနေအိမ် ထိခိုက်ပျက်စီးသွားခဲ့တယ်လို့ အင်းလေးဒေသလူ့အခွင့်အရေးလှုပ်ရှားရေးအဖွဲ့ဆီကနေ သိရပါတယ်။
“အဲ့ဒီ နှစ်ရက်အတွင်း ထိခိုက်ပျက်စီးမှုက နေအိမ်က ၄လုံး ပျက်သွားတယ်။ စာသင်ကျောင်းဆောင်က တစ်ဆောင်ပါ။ အခြားထိခိုက်မှုတွေတော့ မရှိပါဘူး။” လို့ အင်းလေးဒေသလူ့အခွင့်အရေး အဖွဲ့လှုပ်ရှားသူတစ်ဦးက ကန္တာရဝတီတိုင်း(မ်) ကိုပြောပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလ ( ၃၀ )ရက်နေ့မှာလည်း ညောင်ရွှေမြို့နယ်က ရန်ကင်းကျေးရွာ၊ ထီရီးကျေးရွာ နဲ့ ထမင်းချိုဓာတ်ဘုရား စခန်းကုန်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်နဲ့ PNA တပ်တို့ပူးပေါင်းပြီး အင်အား ၁၅၀ ဝန်းကျင်ဖြင့် စစ်ကြောင်းထိုးခဲ့တဲ့အတွက် တော်လှန်ရေးတပ်ပေါင်းစုမှ ဒရုန်းဖြင့် ပြန်လည်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ တပ်ကြပ်တစ်ဦးအပါအဝင် စုစုပေါင်း ( ၄ )ဦးသေဆုံးခဲ့ပါတယ်။
ရေပူကျေးရွာအနီးက တိုက်ပွဲအတွင်းမှာတော့ စစ်ကောင်စီဖက်က လေယာဉ်နဲ့ ၃ ကြိမ် ၊လက်နက်ကြီးနဲ့ အကြိမ်ရေ(၅၀)ခန့် ပစ်ခတ်ခဲ့ပြီး တော်လှန်ရေးတပ်ပေါင်းစုဖက်မှ အထိအခိုက်မရှိဘဲ အောင်မြင်စွာ ခုခံတိုက်ခိုက်နိုင်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။