spot_imgspot_imgspot_imgspot_img
Sunday, September 8, 2024
spot_imgspot_imgspot_imgspot_img

ရေပြန်ကျပေမဲ့ စပါးခင်းအားလုံး ပြန်မရိတ်သိမ်းနိုင်၊ လာမယ့်နှစ် စားဝတ်နေရေးအတွက် စိုးရိမ်နေရ

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ရှမ်း-ကရင်နီနယ်စပ် မိုးဗြဲမြို့ဧရိယာနဲ့ လွိုင်ကော်မြို့နယ်အတွင်းက ရေမြုပ်သွားတဲ့ ဧက ထောင်ချီတဲ့ စပါးခင်းတွေဟာ လက်ရှိမှာ ရေပြန်ကျနေပြီဖြစ်ပေမဲ့ စပါးခင်းတွေရဲ့ ၃ပုံ ၁ ပုံကိုသာ ရိတ်သိမ်းနိုင်တယ်လို့ ဒေသခံတွေက ပြောဆိုကြပါတယ်။

“ရေက ပြန်ကျနေပြီပေါ့နော။ အရင်ကထက်ပေါ့ ရေပြန်ကျတော့ တချို့ကျန်တဲ့စပါးတွေတော့ ရပါသေးတယ် ကျန်တဲ့ သိပ်မမြှုပ်တဲ့စပါးတွေ။ ဒါပေမဲ့ ရေမြှုပ်ထားတော့ အရင်တလောမြှုပ်တဲ့ဟာတော့ ရိတ်သိမ်းလို့မရတော့ဘူးပေါ့နော အကုန်လုံးပျက်စီးသွားတာပေါ့။ အချိုးအစားနဲ့ပြောရရင်တော့ သုံးပုံတစ်ပုံလောက်ပဲ ရိတ်သိမ်းလို့ရမှာပေါ့။ ကျန်တဲ့ဟာတွေတော့ ရေထဲပါတာပေါ့ ရေမြှုပ်တာပေါ့။” လို့ မိုးဗြဲ ဒေသခံတစ်ဦးက ပြောပါတယ်။

အောက်တိုဘာလ ဒုတိယပတ်ကတည်းက မိုးဗြဲရေကာတာကနေ ဖြည်းဖြည်းချင်း ရေလွှတ်ချတာဖြစ်ပြီး ဘီးလူးချောင်းအနီးတဝိုက်က ရိတ်သိမ်းခါနီး စပါးခင်းတွေနဲ့ အနှံစထွက်တဲ့စပါးခင်းတွေ ရေမြှုပ်သွားခဲ့တာဖြစ်ပါတယ်။

ဒေသခံတောင်သူတွေဟာ လယ်ယာစပါးကိုသာ အဓိကအားထား လုပ်ကိုင်ကြရသူတွေဖြစ်တာကြောင့် လာမယ့်နှစ် စားဝတ်နေရေးအတွက် စိုးရိမ်ပူပန်နေကြရပါတယ်။ တစ်ဖက်မှာလည်း မိုးဗြဲမြို့က စစ်ရှောင်တချို့ဟာ မိမိတို့ရဲ့ လယ်ကွင်းအနီးအနားမှာ တဲထိုးနေထိုင်ကြတာရှိပြီး ရေမြင့်တက်မှုကြောင့် စပါးခင်း ပျက်စီးသွားတာရှိသလို စစ်ရှောင်တွေဟာလည်း တခြားနေရာကို ထပ်မံရွှေ့ပြောင်းနေထိုင်ခဲ့ရပါတယ်။

“အဓိကအားဖြင့် လယ်စပါးကို တော်တော်အားကိုးရတာပေါ့နော။အထူးသဖြင့် ဒီစစ်ရှောင်တဲ့ကာလပေါ့နော တိုက်ပွဲဖြစ်တဲ့ကာလကြားမှာဆိုရင် စားနပ်ရိက္ခာ ဖူလုံမှုမရှိကြဘူး။ အဓိက ဆန်စပါးပေါ့ အရင်နှစ်တွေတုန်းက ဆန်စပါးတွေက ကိုယ့်ဟာနဲ့ကိုယ်လုပ်နိုင်တော့ ဟင်းမရှိရင်လည်း စားဖို့ ထမင်းရှိနေသေးတယ်လို့ ပြောလို့ရသေးတယ်ပေါ့။ ဒီနှစ်ခါကျတော့ ရေတအားတက်တဲ့နှစ်ဖြစ်နေတယ်။ လယ်တစ်ဧကကို အနည်းဆုံး ၇သိန်း ကနေ ၉သိန်းကြားမှာရှိတယ်။ တချို့က မြေဩဇာ တော်တော်ထည့်လိုက်ရတယ်။ နောက် မြေဩဇာဈေးနဲ့ပေါ့နော တစ်ဧကကို ၇သိန်းကနေ ၉သိန်းကြားမှာ ဆုံးရှုံးလိုက်ရတာပေါ့နော။”လို့ မိုးဗြဲဒေသခံတစ်ဦးက ဆက်ပြောပါတယ်။

လယ်တစ်ဧကကို ကုန်ကျစရိတ် ၁၀သိန်းဝန်းကျင်ရှိပြီး ပြန်ရရှိတဲ့ စပါးအိတ် ၇၀ ရရှိတာကြောင့် တစ်နှစ်စာဖူလုံမှုရှိတယ်လို့ ဆိုပါတယ်။ ဒေသခံ တောင်သူ၊ လယ်သမားတွေဟာ ရာမွှေး၊ ရွှေအပ်၊ တရုတ်မွှေး စတဲ့ ဆန်စပါးအမျိုးအစားကို အများဆုံး စိုက်ပျိုးကြတယ်လို့ သိရပါတယ်။

spot_img
spot_img

Recent posts