spot_imgspot_imgspot_imgspot_img
Monday, February 24, 2025
spot_imgspot_imgspot_imgspot_img

ရေဘေးသင့် ကရင်နီလူထုအတွက် နိုင်ငံတကာအကူအညီတွေ မရသေး

Author

Date

Category

ကန္တာရဝတီတိုင်း ( မ် )

ရာဂီမုန်တိုင်း နောက်ဆက်တွဲအနေနဲ့ ရေဘေးသင့်ခဲ့တဲ့ ကရင်နီလူထုတွေ ပြန်လည်ထူထောင်ရေးအတွက် နိုင်ငံတကာအဖွဲ့အစည်းထံကနေ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ မရရှိသေးဘူးလို့ ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ IEC ရဲ့ အတွင်းရေးမှူး ၂ ဦးဗညားက ပြောပါတယ်။

“အကြမ်းအားဖြင့်ကတော့ လက်ရှိအချိန်ထိကတော့ နိုင်ငံတကာ အထူးသဖြင့် UN Agency တွေရဲ့ ရေဘေးသင့်အကူအညီကိုတော့ ဘာမှမလုပ်ပေးနိုင်သေးဘူးပေါ့နော်။ တကယ်လက်တွေ့ရေဘေးကိစ္စကတော့ ထိထိရောက်‌ရောက် ဘယ်အဖွဲ့မှမလုပ်သေးဘူးပေါ့။ မလုပ်နိုင်သေးဘူးလို့ ပြောလို့ရတာပေ့ါ။” လို့ ဦးဗညားက ပြောပါတယ်။

ရှမ်း-ကရင်နီ နယ်စပ်ဒေသနဲ့ ကရင်နီပြည်က ရေဘေးသင့် လူဦးရေသုံးသောင်း နီးပါးအတွက် ပြန်လည်ထူထောင်ရေး အကူအညီ လိုအပ်နေဆဲဖြစ်တယ်လို့ IEC က ထုတ်ပြန်ထားပါတယ်။

စက်တင်ဘာလအတွင်းက ရေကြီးရေလျှံမှုကြောင့် ရေဘေးသင့် ကျေးရွာ (၅၄) ရွာနဲ့ စစ်ဘေးရှောင်စခန်း (၁၆)ခု ရှိနေပါတယ်။

ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) ကတော့ မြန်မာနိုင်ငံက ရာဂီမုန်တိုင်းသင့် ပြည်သူတွေအတွက် အရေးပေါ်စားနပ်ရိက္ခာ ထောက်ပံ့ကူညီမှုကို ပေးသွားမယ်လို့ စက်တင်ဘာလ ၁၈ ရက်နေ့မှာ ထုတ်ပြန်ထားပေမယ့် ကရင်နီလူထုတွေကို ထောက်ပံ့မှုတော့ မတွေ့ရသေးပါဘူး။

တဖက်မှာလည်း နိုင်ငံတကာအဖွဲ့ အစည်းတွေအနေနဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးတဲ့အခါ မြေပြင်မှာ အမှန်တကယ်လုပ်ဆောင်နေတဲ့ အဖွဲ့အစည်းတွေနဲ့ ချိတ်ဆက်ပြီး ကူညီမှုပေးနိုင်မှ ထိရောက်မှာဖြစ်တယ်လို့ IEC လူသားချင်း စာနာထောက်ထားရေးနှင့် ပြန်လည်ထူထောင်ရေးဌာနမှူး ခွန်မာတီးယာက ပြောပါတယ်။

“ထိရောက်တဲ့ အကူအညီလို့ပြောတဲ့အခါမှာ အဓိကကတော့ နိုင်ငံတကာအဖွဲ့အစည်းပေါ့လေနော် ဒီကရင်နီပြည်‌ ဒေသအတွင်းမှာရှိတဲ့ သက်ဆိုင်ရာ လူသားချင်းစာနာ ထောက်ထားရေးအဖွဲ့တွေနဲ့ကော၊ သက်ဆိုင်ရာ ဒီ အစုအဖွဲ့အားလုံးနဲ့ သူ တွေ့ဆုံပြီးတော့မှ တိုက်ရိုက်ကူညီဆောင်ရွက်ပေးတဲ့ဟာတော့ ဒါထိရောက်တဲ့ နည်းလမ်း တစ်ခုဖြစ်တယ်။” လို့ ခွန်မာတီးယာက ပြောပါတယ်။

စစ်ကောင်စီကတော့ ၎င်းတို့ ထိန်းချုပ်မှုအောက်မှာ မရှိတဲ့ ပြည်သူတွေအတွက် လမ်းကြောင်းပိတ်ဆို့ပြီး ရရှိလာမယ့် အကူအညီတွေကို တားဆီးနေအုံးမှာဖြစ်တယ်လို့ ကရင်နီပြည်တွင်းက လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာ အကူအညီပေးနေတဲ့ အဖွဲ့အစည်းတွေက ပြောဆိုပါတယ်။

စစ်ရှောင်ကာလကြာလာတာနဲ့အမျှ အလှူရှင်တွေ ထောက်ပံ့ကူညီမှု အားနည်းလာသလို စစ်ရှောင်တွေကို ကူညီတဲ့နေရာမှာလည်း အခက်အခဲရှိတယ်လို့ ပြည်ကံ့ကော်စစ်ရှောင်ကူညီရေးအသင်းဝင် ကိုပြည့်စုံက အခုလိုပြောပါတယ်။

“မြေပြင်မှာက သိတဲ့အတိုင်းပဲလေနော်။ တခါတလေက လမ်းကြောင်းအခြေအနေကြောင့် ကုန်စည်တွေ ပြတ်လပ်တာ။ စျေးတက်တာတို့ဆိုတော့ စစ်ရှောင်တွေဆီ အရောက်နောက်ကျတာတွေ အလှူရှင်အားနည်းမှုကြောင့် စစ်ရှောင်စခန်းတိုင်း မရောက်နိုင်တာတွေ ကြုံနေတာတော့ ရှိသွားတာပေါ့။”လို့ ကိုပြည့်စုံက ပြောပါတယ်။

ရာဂီမုန်တိုင်းကြောင့် မြန်မာနိုင်ငံတစ်ဝန်းမှာ ရေဘေးသင့် ပြည်သူတစ်သန်းခန့်ရှိတယ်လို့ ကုလသမဂ္ဂလူသားချင်း စာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) က ထုတ်ပြန်ထားပါတယ်။ ရှမ်း-ကရင်နီနယ်စပ် နဲ့ ကရင်နီပြည်တွင်းမှာတော့ မုန်တိုင်းကြောင့် နေအိမ်ပေါင်း (၁၉၅၆) လုံး ပျက်စီးခဲ့ပြီး စပါး နဲ့ စိုက်ပျိုးသီးနှံဧကပေါင်း သောင်းနဲ့ချီ ဆုံးရှုံးခဲ့ပါတယ်။

spot_img
spot_img
spot_img

Recent posts