ကန္တာရဝတီတိုင်း(မ်)
ကရင်နီပြည် ဒီးမော့ဆိုအရှေ့ခြမ်းက စစ်ရှောင်ပြည်သူတွေက ကိုယ်ရောက်ရှိခိုလှုံနေတဲ့ ကျေးရွာဒေသတွေမှာ တစ်နိုင်တစ်ပိုင် စားဝတ်နေရေးဖူလုံရေးအတွက် တောင်ယာငှားစိုက်ကြပြီး ကိုယ်တိုင်ခုတ်စိုက်တာတွေ ပြုလုပ်နေကြပါတယ်။
စစ်ရှောင်ကာလ တစ်နှစ်ကျော်ကြာမြှင့်နေပြီး အလှူရှင်လှူဒါန်းမှုကိုသာ အားထား မှီခိုနေရတာကြောင့် ရေရှည်စားသောက်ရေးအတွက် တောင်ယာငှားစိုက်ပြီး ဝမ်းရေးဖြေရှင်းနေကြတယ်လို့ ဆိုပါတယ်။
တောင်ယာခုတ်စိုက်ပျိုးသူတစ်ဦးဖြစ်တဲ့ ဦးဌေးရယ်က “ဒီတောင်ယာလုပ်တာက ညှိနှိုင်းပေးတဲ့သူက ကျနော့်ယောက်ဖပါပဲ။ သူ့မိန်းမက ဒီရွာဒီဒေသခံပေါ့။ သူကပြောတယ် ယောက်ဖ ဒီမှာ တောင်ယာလုပ်စား နောက်နှစ်မလုပ်ဘူးဆို ဘာစားတော့မတုန်း သူက ကျနော့်ကိုလာပြောတယ် ဒါကြောင့် တောင်ယာလုပ်ဖြစ်တယ်။ ဒီတောင်ယာစိုက်ရဖို့အရေးက သူတို့ရွာခံတွေ ရွာမိရွာဖတို့ ကျေးရွာအုပ်ချုပ်ရေးမှူး ဥက္ကဌတို့ ညှိနိုင်းပြီးတော့ ကျနော်လုပ်ခွင့်ရလားဆိုတော့ ရတယ် လုပ်လို့ရတယ် စစ်ဘေးရှောင်တွေလုပ်လို့ရတယ်ပြောခါကျတော့။ နောက် နင်တို့စစ်ဘေးရှောင်တွေ ရွာပြန်နေတဲ့အချိန် အဲ့တောင်ယာကိုချန်ထားရမှာပဲ သယ်ပြန်လို့မှမရတာ လုပ်လို့ရတယ် သူတို့ပြောတယ်။” လို့ ပြောပါတယ်။
အလှူရှင်တွေကိုသာ မှီခိုနေတာထက် ကိုယ်တိုင်စိုက်ပျိုးနေကြတာက ဂုဏ်သိက္ခာရှိစွာ လူသားဆန်မှုကို သက်သေပြနေတာ ဖြစ်တယ်လို့ လူ့အခွင့်အရေးအဖွဲ့မှ ဒါရိုက်တာ ဦးဗညားက သုံးသပ်ပြောပါတယ်။
“ကျနော်တို့ဒေသမှာ တောင်ယာမှာဆိုရင် ဘယ်လောက်စိုက်စိုက် ထွက်နိုင်မယ့်ဆန်စပါးနှုန်းကို သိထားပြီးသားဖြစ်ပါတယ်။ သိပ်ပြီးတော့မှ ရမယ့်ဟာမဟုတ်ဘူးပေါ့နော။ ဒါပေမယ့် အနည်းဆုံး တစ်နှစ်ပတ်လုံး သူများထောက်ပံ့မှုကို မှီခိုမယ့်အစား ကိုယ့်ဟာကို သုံးလစိုက်စားတယ်ဆိုတာက လူ့စိတ်ဓတ်ပိုင်းဆိုင်ရာ သို့မဟုတ် လူသားဆန်မှု လူသားဖြစ်မှုကို သူတို့ပြသနေတာပဲ။” လို့ ဦးဗညားက ပြောပါတယ်။
စစ်ရှောင်ပြည်သူတွေ အခုလို စိုက်ပျိုးနိုင်ဖို့ စစ်ဘေးရှောင်စခန်းရှိတဲ့ နေရာတွေဆီကို သွားရောက်ပြီး ဒေသခံတွေအနေနဲ့ မြေကွက်အလွတ်တွေရှိရင် မျှဝေစိုက်ပျိုးပေးကြဖို့လည်း ဦးဗညားက ဆက်ပြောပါတယ်။
စစ်ဘေးရှောင်တွေအတွက် အလှူရှင်တွေ လာရောက်လှူဒါန်းပေမယ့် မလောက်ငှတာကြောင့် အခုလို တောင်ယာပေးလုပ်ရခြင်းဖြစ်တယ်လို့ ကျေးရွာဥက္ကဌတစ်ဦးဖြစ်တဲ့ ဦးဆော်ရယ်က ပြောပါတယ်။
“သူတို့အတွက် ဘာလို့တောင်ယာပေးလုပ်လဲဆိုရင်တော့ သူတို့စားဝတ်နေရေးလည်း လိုတယ်။ နောက်ပြီးတော့ သူတို့အခု စပါးလုပ်တာက စပါးကောင်းရင်တော့ သူတို့အတွက် စိတ်ပျော်ပေးတာပေါ့။”လို့ ဦးဆော်ရယ်က ပြောပါတယ်။
အဲ့ဒီဒေသမှာ စစ်ရှောင်နေတဲ့ စစ်ရှောင်အများစုက ကိုယ်တိုင်တောင်ယာခုတ်ပြီး စိုက်ပျိုးနေကြတာပါ။ စပါးကို အဓိကထားပြီး စိုက်ပျိုးထားကြပြီး ကိုယ့်ဝမ်းစာအတွက် နည်းလမ်းမျိုးစုံနဲ့ ရှာဖွေကြရပါတယ်။
စစ်ရှောင်ရှိတဲ့ ကျေးရွာဒေသခံတွေကလည်း မြေကွက်လွတ်တဲ့ နေရာတွေကို ငှားရမ်းစိုက်ပျိုးပေးတာမျိုးတွေ လုပ်ဆောင်ကြပါတယ်။ ဒါဟာ မြန်မာနိုင်ငံမှာရှိတဲ့ လူသားချင်းစာနာမှုတစ်ရပ်ကို ပြသနေတာ ဖြစ်တယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့မှ ဒါရိုက်တာ ဦးဗညားက မှတ်ချက်ပြုထားပါတယ်။