spot_imgspot_imgspot_imgspot_img
Thursday, December 26, 2024
spot_imgspot_imgspot_imgspot_img

ရှမ်းပြည်တောင်ပိုင်းဒေသ တည်ငြိမ်ရေးအတွက် RCSS က ကာကွယ်စောင့်ရှောက်မယ်လို့ ဆို

Author

Date

Category

ကန္တာရဝတီတိုင်း ( မ်)

တိုက်ပွဲဖြစ်ပွားနေတဲ့ ရှမ်းပြည်တောင်ပိုင်းမှာ ဒေသတည်ငြိမ်ရေးအတွက် ပြည်သူလူထုနဲ့ ပူးပေါင်းပြီး ကာကွယ်စောင့်ရှောက်သွားမယ်လို့ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA) က ဒီကနေ့ ဇူလိုင်လ ၂၉ ရက်နေ့မှာ ၆လပတ်အစည်းအဝေးအပြီး ထုတ်ပြန်ချက်မှာ ထည့်သွင်း ပြောဆိုလိုက်ပါတယ်။

ဒါ့အပြင် သက်ဆိုင်ရာအဖွဲ့အစည်းတွေအနေနဲ့ မျက်နှာချင်းဆိုင် တွေ့ဆုံဆွေးနွေးပြီး အပစ်အခတ်ရပ်စဲရေးဆောင်ရွက်နိုင်ကြဖို့ နဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးအတွက် တွေ့ဆုံဆွေးနွေးခြင်းဖြင့် ဖြေရှင်းဆောင်ရွက်သွားဖို့လည်း RSCC က တိုက်တွန်းပါတယ်။

အပစ်ခတ်ရပ်စဲရေးဆောင်ရွက်ကြဖို့ RCSS က ပြောဆိုမှုအပေါ် ရှမ်းတောင်အခြေစိုက် ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ (PNFC) ဥက္ကဌ ခွန်မြင့်ထွန်းက အခုလိုသုံးသပ်ပြောဆိုပါတယ်။

“ဒီကနေ့ခါမှာ စစ်ကောင်စီ နဲ့ စစ်အာဏာရှင်နဲ့ အပစ်ခတ်ရပ်စဲရေးဆိုတာက ဒီကာလမျိုးမှာ လုပ်ရမယ့်ကိစ္စမျိုးမဟုတ်ပါဘူး။ ဒီကာလမှာ စစ်အာဏာရှင်နဲ့ အပစ်ခတ်ရပ်စဲရေး သွားဆွေးနွေးမယ်ဆိုရင် ကျနော်တို့တော်လှန်ရေးက ဝေဝါးပြီးတော့ ပုံပျက်သွားမှာဖြစ်ပါတယ်။ ဒီကာလမှာ အပစ်ခတ်ရပ်စဲရေးတွေ ဆွေးနွေးကမ်းလှမ်းတာမျိုးကိုတော့ ကျနော်တို့ လူထုတော်လှန်ရေးက လက်ခံမှာမဟုတ်ပါဘူး” လို့ သူက ပြောပါတယ်။

သက်ဆိုင်ရာ အစုအဖွဲ့တွေရဲ့ ဆွေးနွေးမှုမှာလည်း စစ်အုပ်စုအနေနဲ့ နိုင်ငံရေးကနေ ထွက်သွားပြီး နိုင်ငံရေးမှာ မပါဝင်ဖို့ ဆိုတဲ့ အချက်ရှိမှသာ ဆွေးနွေးမှုက ဖြစ်ပေါ်လာမယ်လို့ ခွန်မြင့်ထွန်းက ဆက်လက်ပြောဆိုပါတယ်။

“ဒီကနေ့ကတော့ စစ်အုပ်စုအနေနဲ့က နိုင်ငံရေးကနေ ထွက်သွားဖို့ ၊ နိုင်ငံရေးမှာ မပါဝင်ဖို့ အဲ့ဒါ အဓိက ဖြစ်ပါတယ်။ ဒါကြောင့် တိုင်းပြည်မှာက တစ်ပြည်လုံးက တောင်တန်း ၊ မြေပြန့် မခွဲခြားတော့ဘဲနဲ့ တစ်ပြည်လုံးဆင်နွဲနေတာ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးဖြစ်ပါတယ်။ စစ်အာဏာရှင်စနစ်တည်မြဲရေး နဲ့ ဖက်ဒရယ်ပြည်ထောင်စုကို ချန်လှပ်ထားရေးမဟုတ်ပါဘူး။ ကျနော်တို့အနေနဲ့က ဆွေးနွေးတယ်ဆိုရင်လည်း စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းသွားဖို့ စစ်တပ်က နိုင်ငံရေးကထွက်သွားဖို့ ဆိုတဲ့ အခြေခံမျိုးမှာပဲ ဆွေးနွေးမှုတွေက ဖြစ်ပေါ်လာမယ်လို့ ထင်ပါတယ်။”လို့ ခွန်မြင့်ထွန်းက ပြောပါတယ်။

သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) ရဲ့ ၂၀၂၄ခုနှစ် ၊ ၆ လပတ်အစည်းအဝေးကို ဇူလိုင်လ ၂၆ ရက်နေ့ကနေ ၂၈ ရက်နေ့အထိ ဗဟိုဌာနချုပ် လွယ်တိုင်းလျဲန်း မှာ ပြုလုပ်သွားခဲ့တာဖြစ်ပါတယ်။

ထုတ်ပြန်ချက်ထဲ ရှမ်းပြည်မြောက်ပိုင်း အတွင်း တိုက်ပွဲတွေကြောင့် ပြည်သူလူထုတွေရဲ့ အိုးအိမ် တွေထိခိုက်ပျက်စီးတာ၊ သေဆုံးဒဏ်ရာရတာ၊ ကလေးငယ်တွေ၊ အမျိုးသမီးတွေ နဲ့ သက်ကြီးရွယ်အိုတွေ ဒုက္ခ ၊ အခက်အခဲတွေနဲ့ ကြုံတွေ့နေရတဲ့ အပေါ် စိတ်မကောင်းဖြစ်မိကြောင်းလည်း ဆိုထားပါတယ်။

စစ်ကောင်စီက နိုင်ငံအာဏာသိမ်းယူပြီး ၃ နှစ်ကျော်အတွင်း အကျိုးဆက်အနေနဲ့ တိုင်းပြည်အနှံ့မှာ တိုက်ပွဲဖြစ်ပွားနေပြီး စီးပွားရေး ကျဆင်းခြင်း ၊ လူ့အခွင့်အရေးချိုးဖောက်မှု များပြားလာခြင်း ၊ တရားဥပဒေစိုးမိုးမှုအားနည်းခြင်းတွေကြောင့် နေရာဒေသအသီးသီးမှာ လူဆိုးသူခိုးများလာပြီး လူထုတွေ အခက်အခဲ နဲ့ ကြုံတွေ့နေတယ်လို့ RCSS က ပြောပါတယ်။

RCSS အနေနဲ့ ဒေသလွတ်မြောက်ရေးအတွက် စစ်ရေးအရ ရှုံးနိမ့်နေတဲ့ စစ်ကောင်စီနဲ့ လက်တွဲတာထက်စာရင် ဒီအချိန်မှာ တော်လှန်ရေးအင်အားစုတွေ မဟာမိတ်တွေနဲ့ လက်တွဲဖို့ အချိန်ကောင်းဖြစ်တယ်လို့ ပအိုဝ်းလူငယ်အစည်းအရုံး (PYO) ဒုဥက္ကဌ ခွန်ဦးက ထုတ်ပြန်ချက်နဲ့ပတ်သက်ပြီး ပြောဆိုပါတယ်။

“RCSS ကိုယ်တိုင်ကလည်း ရှမ်းပြည်လွတ်မြောက်ရေးအတွက် ရှမ်းအမျိုးသား ၊ ရှမ်းပြည်သူပြည်သားတွေ လွတ်မြောက်ရေးနဲ့ အသက် စည်းစိမ်းကာကွယ်ဖို့ဆိုတဲ့ ရပ်တည်ချက်တွေလည်း ရှိမှာပါ။ ဒီအခြေအနေမှာတော့ စစ်ကောင်စီဖက်ကိုလည်း လှဲ ရမယ့် အချိန်ကာလမဟုတ်ဘူးလို့ မှတ်ချက်ပေးလိုပါတယ်။ တစ်ဖက်မှာ တော်လှန်ရေးအင်အားစုတွေနဲ့ တခြားမဟာမိတ်တွေနဲ့ လက်တွဲဖို့ အချိန်ကောင်းဖြစ်တယ်လို့ ကျနော့်အနေနဲ့ ရှုမြင်သုံးသပ်ပြီး အကြံပြုလိုပါတယ်။” လို့ ခွန်ဦးက ပြောပါတယ်။

ထုတ်ပြန်ချက်နဲ့ပတ်သက်ပြီး RCSS ရဲ့ တာဝန်ရှိသူတွေကို ကန္တာရဝတီတိုင်း ( မ်) က ဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေကြားခြင်းမရှိပါဘူး။

သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS / SSA ဟာ ယခင်စစ်အစိုးရလက်ထက်ကတည်းက ရှမ်းပြည်မှာ အပစ်ခတ်ရပ်စဲရေးယူထားတဲ့ အဖွဲ့အစည်းဖြစ်ပြီး အာဏာသိမ်းပြီးနောက်ပိုင်းလည်း စစ်ခေါင်းဆောင် နဲ့ တွေ့ဆုံဆွေးနွေးမှု ရှိခဲ့ပါတယ်။

spot_img
spot_img
spot_img

Recent posts