ကန္တာရဝတီတိုင်း ( မ် )
မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA) ၊ တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) တို့ ဦးဆောင်တဲ့ တော်လှန်ရေးမဟာမိတ်တပ်ဖွဲ့ကနေ ရှမ်းပြည်မြောက်ပိုင်း၊ လားရှိုးမြို့မှာ အခြေစိုက်တဲ့ အရှေ့မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် (ရမခ) ကို သိမ်းပိုက်နိုင်တဲ့အတွက် ညီနောင်တော်လှန်ရေးအဖွဲ့အစည်းဖြစ်တဲ့ KNPP ၊ KNU ၊ CNF တို့မှ ဂုဏ်ယူကြောင်း ဒီကနေ့ ဩဂုတ်လ ၄ ရက်နေ့မှာ ပူးတွဲ ထုတ်ပြန်လိုက်ပါတယ်။
ဒီလိုသိမ်းပိုက်နိုင်တာဟာ ၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းရဲ့ အောင်မြင်မှုဖြစ်ပြီး ညီနောင်တော်လှန်ရေးအဖွဲ့တွေကလည်း ဟန်ချက်ညီစွာနဲ့ အာဏာသိမ်းစစ်တပ် ပြိုလဲသွားတဲ့အထိ ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ ဆိုထားပါတယ်။
ရမခ ကိုသိမ်းပိုက်နိုင်ခြင်းဟာ စစ်ကောင်စီပြိုလဲရေးအတွက် မှတ်တိုင်တခုဖြစ်ပြီး စစ်ရေးအောင်ပွဲမှတဆင့် စစ်အာဏာရှင်စနစ်အပါအဝင် မည်သည့်အာဏာရှင်စနစ်ကိုမဆို ဖယ်ရှားပြီး ဖက်ဒရယ်ပြည်ထောင်စု ထူထောင်ရေးအတွက် နိုင်ငံရေး၊ စစ်ရေး ဟန်ချက်ညီတဲ့လုပ်ငန်းစဉ် နဲ့ ပြည်သူလူထု လိုလားတောင်းတတဲ့ စနစ်သစ်ပြုပြင်ပြောင်းလဲရေးအတွက် အတူတကွတိုက်ပွဲဝင်ကြမှာဖြစ်ကြောင်းကိုလည်း သဘောထားထုတ်ပြန်ထားပါတယ်။
ရှမ်းမြောက်ရှိ လာရှိုးမြို့ကို ပြီးခဲ့တဲ့ ဇူလိုင်လ ၃ ရက်နေ့ကတည်းက MNDAA ဦးဆောင်တဲ့ မဟာမိတ်တပ်ဖွဲ့တွေကနေ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာဖြစ်ပြီး ဩဂုတ်လ ၃ ရက်နေ့မှာတော့ အရှေ့မြောက်ပိုင်း စစ်ဌာနချုပ် (ရမခ) ကို အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ပြီး မှတ်တမ်းဓါတ်ပုံများကိုလည်း MNDAA က ထုတ်ပြန်လာခဲ့ပါတယ်။
ဒါ့အပြင် လားရှိုးမြို့ ၊ ရမခ တပ်မတော်ဆေးရုံမှာ တက်ရောက်နေတဲ့ ဒဏ်ရာရသူတွေနဲ့ သူတို့ရဲ့မိသားစုဝင် စုစုပေါင်း ၄၇၀ ကျော်ကို တိုက်ပွဲပြင်းထန်တဲ့ကြားကနေ MNDAA ကနေ လူသားချင်းစာနာထောက်ထားမှု၊ စစ်သုံ့ပန်းများအား ကောင်းမွန်စွာစောင့်ရှောက် ဆက်ဆံသောမူဝါဒအရ ဒဏ်ရာရရှိသူတွေနဲ့ ၎င်းတို့၏ မိသားစုဝင်တွေကို လုံခြုံတဲ့နေရာကို ပြောင်းရွေ့ထားတယ်လို့ MNDAA က ပြောပါတယ်။