spot_imgspot_imgspot_imgspot_img
Wednesday, March 12, 2025
spot_imgspot_imgspot_imgspot_img

ရှမ်း-ကရင်နီနယ်စပ် မိုးဗြဲမြို့မှာ စစ်ကောင်စီ နေ့စဉ်နဲ့အမျှ လက်နက်ကြီးပစ်ခတ် ၊ ဒေသခံတွေ စိုးရိမ်ထိတ်လန့်

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ရှမ်း-ကရင်နီနယ်စပ်က မိုးဗြဲမြို့နဲ့ အနီးအနားကျေးရွာတွေကို စစ်ကောင်စီတပ်က နေ့စဥ်နဲ့အမျှ လက်နက်ကြီးပစ်ခတ်မှုတွေ လုပ်ဆောင်နေတယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ဒေသခံတွေက ပြောပါတယ်။

မိုးဗြဲမြို့မှာ တော်လှန်ရေးတပ်ဖွဲ့နဲ့ စစ်ကောင်စီတပ်တို့ ဒီဇင်ဘာလအတွင်း တိုက်ပွဲကြီးကြီးမားမားဖြစ်ပွားတာမရှိပေမယ့် အနည်းငယ်ထိတွေ့မှုရှိတယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) သတင်းနဲ့ပြန်ကြားရေးတာအယ်စိုးက ကန္တာရဝတီတိုင်း ( မ် ) ကိုပြောပါတယ်။

“မိုးဗြဲဘက်မှာတော့ လက်နက်ကြီးတွေ နေ့တိုင်းပစ်နေပါတယ်။ ထိတွေ့မှုတွေ က အနည်းအကျဥ်းဘဲ ဖြစ်ပွားပါတယ် မိုးဗြဲဘက်မှာတော့။ မိုးဗြဲဆည် အရှေ့ဘက်ကမ်းက ရွာတွေကို လက်နက်ကြီးတွေနဲ့ နေ့တိုင်းပစ်နေပါတယ်။”လို့ တာအယ်စိုးက ဆိုပါတယ်။

ဒီကနေ့ ဒီဇင်ဘာ ၁၇ ရက်နေ့ မနက်ပိုင်းမှာလည်း စစ်ကောင်စီရဲ့ လွိုင်ကော်အခြေစိုက်တပ်ရင်းကနေ မိုးဗြဲမြို့ဖက်ကို ဦးတည်ပြီး လက်နက်ကြီးပစ်ခတ်မှုတွေ ပြုလုပ်နေတာကြောင့် အရပ်သားထိခိုက်မှုရှိမှာကို ဒေသခံတွေက စိုးရိမ်နေကြတာပါ။

“မိုးဗြဲဖက်မှာတော့ လက်နက်ကြီး အမြဲတမ်းလိုလို ပစ်လာတယ်။ တိုက်ပွဲဖြစ်ဖြစ်မဖြစ်ဖြစ်။အထူးသဖြင့် ဖယ်ခုံ၊ လွိုင်ကော်၊ လွိုင်လင်လေးဖက်ကနေ ပစ်ကူလာတာ လုပ်နေတယ်။ ဒီရက်ကောပဲ တိုက်ပွဲ ဖြစ်နေတယ်။ လက်နက်ကြီးကော ပစ်လာနေတယ်။”လို့ ဒေသခံအမျိုးသားတစ်ဦးက ဆိုပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၄ရက်နေ့မှာလည်း မိုးဗြဲမြို့က စစ်ရှောင်စခန်းတစ်နေရာကို စစ်ကောင်စီက ရည်ရွယ်ချက်ရှိရှိ ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ပြည်သူ ၃ဦးသေဆုံးပြီး ၃ဦးဒဏ်ရာရခဲ့တဲ့ ဖြစ်စဥ်ရှိခဲ့ပါတယ်။ စစ်ကောင်စီဟာ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ပြည်သူတွေ ရှိတဲ့နေရာတွေကို လက်နက်ကြီး ပစ်ခတ်မှု ဒရုန်းဗုံးကြဲမှုတွေ မကြာခဏ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။ ယခု ဒီဇင်ဘာလအတွင်းမှာလည်း မိုးဗြဲမြို့နဲ့ အနီးအနားကို စစ်ကောင်စီက ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်တဲ့အခါ အဆိပ်ငွေ့ပြားကို အသုံးပြုလာတာကြောင့် လူထုတွေအနေနဲ့ သတိပြုကြဖို့ တော်လှန်ရေးတပ်ဖွဲ့တွေက တိုက်တွန်းထားပါတယ်။

တစ်နှစ်ကျော်ကြာ တော်လှန်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ မိုးဗြဲမြို့ကို ပြန်လည်ရရှိဖို့ စစ်ကောင်စီက ကြိုးစားနေပြီး နိုဝင်ဘာလ ဒုတိယပတ်ကစလို့ တစ်ကျော့ပြန် နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားနေတာပါ။

spot_img
spot_img
spot_img

Recent posts