CJ/ ကန္တာရဝတီတိုင်း(မ်)
ကရင်နီပြည် ရှားတောမြို့နယ်မှာ ၁၀ နှစ်တစ်ကြိမ် ကျင်းပပြုလုပ်လေ့ရှိတဲ့ နတ်တောင် ပူဇော်ပွဲကို ယမန်နေ့ (မေလ ၁၄) မှာ ပြုလုပ်ခဲ့ပါတယ်။ “ဆိုဖု” လို့ခေါ်တဲ့ နတ်တောင်ကို ဒေသခံတွေက ကျွဲထီးတကောင်ဖြင့် ပူဇော်ပသခဲ့တယ်လို့ သိရပါတယ်။
အဆိုပါနတ်တောင်ကို ပူဇော်ပသရတဲ့ အကြောင်းရင်းကတော့ ကရင်နီပြည်ကို ဘေးအန္တရယ်ကျရောက်မယ့်ဘေးကနေ ကာကွယ်ပေးဖို့ အပြင် စိုက်ပျိုးသီးနှံတွေ ဖြစ်ထွန်းဖို့၊ မိုးခေါင်ရေရှားတဲ့ ဘေးနဲ့ ကပ်ဘေးတွေကနေ လွတ်မြောက်ဖို့အတွက် ရည်ရွယ်ပြီး ပြုလုပ်ကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။
“၁၀ နှစ်မှတစ်ကြိမ်ကျင်းပတဲ့ပွဲမှာ ဘယ်လိုအခြေနေဖြစ်ဖြစ် ကျနော်တို့ကတော့ ရောက်အောင်လာမှာပဲ ဒီနတ်တောင်တွေက နတ်ကြီးတော့ ဆုတောင်းပြည့်မယ်လို့ ကျနော်ယူဆတယ်။ ယုံကြည်မှုကြောင့်လဲ ဒီအထိလာပြီးဆုတောင်းတယ်။ ကျနော့ဆုတောင်းပြည့်မယ်လို့လဲ ကျနောယုံကြည်တယ်။” လို့ ဒေါတခြားကျေးရွာခံ ဦးဘူးရယ်က ပြောပါတယ်။
ရှားတောမြို့နယ်အတွင်းမှာ ဒေသခံတွေ အထွတ်အမြတ်ထားတဲ့ နတ်တောင် ၃ တောင်ရှိပြီး ဒေသခံတွေကတော့ ဆိုဖရေးဆို၊ ဆိုမို၊ နဲ့ ဆိုဖု လို့ ခေါ်ဝေါ်သမုတ်ကြပါတယ်။
ဆိုဖုတောင် ကို ပူဇော်ပသကြတဲ့အပြင် ကျန်တဲ့ နတ်တောင် ၂တောင်ကိုလည်း ရက်ခြားပြီး ပူဇော်ပသမှုတွေကို ပြုလုပ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
“ကျမတို့ ပြည်နယ်အမြန်ဆုံး အေးချမ်းနေချင်ပြီ။ အိမ်ပြန်နေခွင့်ရတဲ့ နေ့လေးတွေကို ညတိုင်းအိမ်မက်တစ်ခုလို မြင်မိနေတယ်။ တောထဲတောင်ထဲနေရတာက တောင်ယာလုပ်တဲ့အချိန် လောက်ပဲကောင်းတာ အခုက နှစ်နဲ့ချီပြီးနေနေရတော့ ပြောမပြနိုင်လောက်တဲ့ ပြသာနာတွေ အများကြီးပဲ။” လို့ ဒေါခရော်အော့ ကျေးရွာခံ ဒေါ်ထွားမယ်က ပြောပါတယ်။
အဆိုပါနတ်တောင် ပူဇော်ပွဲကို ဒေါလဲဒူကျေးရွာက ဦးဆောင်ပြုလုပ်သွားတာဖြစ်ပြီး အနီးနားက ကျေးရွာဒေသခံတွေလည်း ပူဇော်ပွဲကို လာရောက်ကြပါတယ်။ လူဦးရေအားဖြင့် ၆၀၀ ဝန်းကျင် လာရောက်ပါဝင်ခဲ့ကြတယ်လို့လည်း သိရပါတယ်။