spot_imgspot_imgspot_imgspot_img
Friday, July 5, 2024
spot_imgspot_imgspot_imgspot_img

ရှားတောမြို့မှာ ဌက်ဖျား‌ရောဂါဖြစ်ပွားမှု များလာ

Author

Date

Category

ကန္တာရဝတီတိုင်း( မ် )

ကရင်နီပြည်၊ ရှားတောမြို့က ကျေးရွာနဲ့ စစ်ရှောင်စခန်းတွေမှာ မိုးရာသီကာလအတွင်း ဌက်ဖျားရောဂါ အဖြစ်များလာတယ်လို့ ရှားတောမြို့ ဒေသခံတွေဆီကနေ သိရပါတယ်။

လက်ရှိမှာတော့ စစ်ရှောင်စခန်းတွေမှာ ပိုမိုအဖြစ်များနေပြီး ဆေးစစ်ချက်အရ ၁၀ ယောက်မှာ ၈ ယောက်ဟာ ဌက်ဖျားရောဂါဖြစ်နေတယ်လို့ ရှားတောမြို့မှာ စစ်ရှောင်အရေးစစ်ရှောင်ကူညီသူတစ်ဦးက ပြောပြပါတယ်။

“၁၀ ဦးစစ်တယ်ဆိုလို့ရှိရင် ၈ ဦးလောက်က ပိုးတွေ့ရတယ်ဆိုတဲ့ပုံစံမျိုး ဖြစ်နေတယ်ပေါ့နော။ အခုလောလောဆယ် ရှားတောက အဲဒီတော့ ဒါတောင်မှ အကုန်မစစ်ဘူးပေါ့နော။ ဘာဖြစ်လို့လဲဆိုတော့ စစ်တဲ့ ပစ္စည်းက အစုံမရှိဘူး။ အဲဒီလိုဖြစ်နေခါကျတော့ ရှိတဲ့ပစ္စည်းနဲ့ ကျမတို့ စစ်ပေးလိုက်တဲ့အချိန်မှာ ဒီလိုမျိုးတွေ တွေ့ရတယ်။” လို့ သူက ပြောပါတယ်။

တောတောင်တွေထဲ စစ်ရှောင်နေကြတာကြောင့် မိုးရာသီမှာ ခြင်ပေါက်ဖွားမှုနှုန်းမြင့်ပြီး ဖျားနာသူ ပိုများတာဖြစ်တယ်လို့လည်း သိရပါတယ်။ လက်ရှိအချိန်အထိ ပြင်းထန်ရောဂါ ဖြစ်ပွားတာမျိုးမရှိသေးပေမယ့် ငှက်ဖျားရောဂါဖြစ်ပွားနေတဲ့သူတွေအတွက်တော့ ဆေးဝါးတွေ လိုအပ်နေဆဲဖြစ်တယ်လို့ ဆိုပါတယ်။

“ရှားတောက ပထမ စစ်အာဏာသိမ်းတဲ့အချိန်မှာဆိုရင် သူတို့ ကျန်းမာရေးစောင့်ရှောက်မှု လုံးဝမရဘူး။ နည်းနည်းအလှူရှင်တွေ ပြန်ရလာတဲ့အချိန်မှာ နည်းနည်းပါးပါးပြန်ရလာတယ်ပြောပြီးတော့မှ ဒီလွိုင်ကော်စစ်ဆင်ရေးလည်း ပြန်စရော သူတို့ ကျန်းမာရေးစောင့်ရှောက်မှုက ပြန်ပြီးတော့ ဆုံးရှုံးတယ် အဲဒီလိုမျိုးပေါ့နော။ အခုထိ ဆုံးရှုံးနေရတဲ့ ပုံစံမျိုးဖြစ်နေတယ်။ ဒါပေမယ့် ရှိတဲ့ အဖွဲ့အစည်းတွေကတော့ အတတ်နိုင်ဆုံးကြိုးစားနေကြတယ်။ ဒါပေမယ့် ဒီရှားတော လူထုအခြေအနေအရခါကျတော့ မလုံလောက်နိုင်ဘူး။ အဲဒီလိုမျိုး ပုံစံဖြစ်နေတယ်ပေါ့နော။” လို့ ရှားတောမြို့ စစ်ရှောင်ကူညီသူတစ်ဦးက ဆက်ပြောပါတယ်။

စစ်ဘေးရှောင်ကာလအတွင်း ဝင်ငွေမရှိတာကြောင့် ငှက်ဖျားရောဂါကာကွယ်နိုင်ဖို့အတွက် ခြင်ထောင်၊ ခြင်လိမ်းဆေး၊ ခြင်ဆေးခွေ နဲ့ ဆေးဝါး ဝယ်ယူဖို့လည်း အခက်အခဲဖြစ်နေတယ်လို့ ရှားတောမြို့ စစ်ရှောင်အမျိုးသားတစ်ဦးက ပြောပါတယ်။

“ကလေးဖျားတာမျိုးဆိုရင် ပါရာပဲ ပေးသောက်တယ်။ ပါရာမရှိဘူးဆိုရင် ရှိတဲ့လူဆီဌားပြီးတော့ ကလေးတွေကို ပေးသောက်ရတာမျိုးတွေ ရှိတယ်ပေါ့နော။ ပြီးတော့ ကလေးတွေ ညဘက် အဖျားတက်တာမျိုးတွေဆိုလို့ရှိရင် ဆေးခန်းသွားမမှီတာမျိုးတွေဆိုလို့ရှိရင် သူတို့ ကိုယ်ပူတဲ့အချိန်မှာ အဝတ်စုတ်ယူပြီးတော့မှ ရေနဲ့စိမ်ပြီး လက်ဖျားတွေ ခြေဖျားတွေနဲ့ သုတ်ပေးတယ်ပေါ့နော။ နောက်ပြီးတော့ ခြင်တွေမကိုက်အောင် အဖျားတွေ ထပ်မဖြစ်အောင် ဆိုပြီးတော့ ပတ်ဝန်းကျင်တွေ သန့်ရှင်းရေးပြန်လုပ်တာတွေ ညအိပ်တဲ့အချိန်တွေမှာဆိုရင် ခြင်ထောင်တွေ ဘာတွေ ထောင်အိပ်ရတာပေါ့။” လို့ ရှားတောမြို့ စစ်ရှောင်အမျိုးသားတစ်ဦးက ပြောပါတယ်။

ရှားတောမြို့မှာ ဌက်ဖျားရောဂါအပြင် ကလေးငယ်တွေမှာ ယားနာ၊ အနာစိမ်းပေါက်တာမျိုးလည်း ဖြစ်နေတယ်လို့ သိရပါတယ်။ လက်ရှိရှားတောစစ်ဘေးရှောင်စခန်းတွေမှာ နေရပ်မပြန်နိုင်သေးတဲ့ စစ်ဘေးရှောင် ၁၈၀၀ ကျော်ရှိနေပါတယ်။

spot_img
spot_img

Recent posts