spot_imgspot_imgspot_imgspot_img
Monday, February 24, 2025
spot_imgspot_imgspot_imgspot_img

လက်နက်ကြီးထိမှန်ပြီး ဆေးကုသမှုခံယူနေတဲ့ အရပ်သားတစ်ဦး သေဆုံး

Author

Date

Category

ကန္တာရဝတီတိုင်း( မ် )

စစ်ရှောင်စခန်းမှာ နေထိုင်ရင်း လက်နက်ကြီးထိမှန်ပြီး ဆေးကုသမှုခံယူနေတဲ့ ဦးနာတားလယ်ဟာ ယမန်နေ့ ( ဩဂုတ်လ ၄ ရက်နေ့ ) မှာ သေဆုံးသွားတယ်လို့ ဒီးမော့ဆိုအနောက်ဖက်ခြမ်း စစ်ရှောင်တစ်ဦးထံကနေ သိရပါတယ်။

“သူက ခေါင်းထိထားတာလေ။ သူတို့ မနေ့က ပြောတာ သူ့အမျိုးတစ်ယောက်ပြောတာကတော့ ပြန်ကောင်းတာတောင်မှ ပုံမှန်လူလို မဟုတ်တော့ဘူးထင်တယ် သူတို့ အဲ့ဒီလိုပြောကြတယ်ပေါ့နော။ အကယ်၍ ဒီမှာ ကုလို့ မရရင်တောင် သူတို့ မန္တလေးမှာ သွားကုကြမယ်ဆိုတဲ့ဟာကိုကျတော့ သူတို့ တိုင်ပင်ကြတယ်ပေါ့ မနေ့က သူတို့အဲ့ဒီလို ပြောကြတာ။ ဆုံးသွားပြီတဲ့ လာခေါ်တယ် ဟိုမှာသွားလုပ်ကူဖို့ပေါ့နော။” လို့ သူက ပြောပါတယ်။

သေဆုံးသွားသူဟာ အသက် ၄၉နှစ်အရွယ် ဦးနာတားလယ် ဖြစ်ပြီး ပြီးခဲ့တဲ့ ဇူလိုင်လ ၃၁ရက်နေ့ ညနေ ၅နာရီဝန်းကျင်လောက်က စစ်ကောင်စီပစ်ခတ်လာတဲ့ လက်နက်ကြီးစ ဦးခေါင်းထိမှန် ဒဏ်ရာရခဲ့ပြီးနောက် ဆေးကုသမှုခံယူရင်း သေဆုံးသွားတာဖြစ်ပါတယ်။

စစ်ကောင်စီပစ်ခတ်တဲ့ လက်နက်ကြီးဟာ ဒီးမော့ဆိုအနောက်ဘက်ခြမ်းက စစ်ရှောင်တွေနေထိုင်တဲ့နေရာမှာ ၆လုံးကျရောက်ခဲ့ပါတယ်။ လက်နက်ကြီးကျရောက်မှုကြောင့် အရပ်သား ၅ဦး ထိခိုက်ဒဏ်ရာရပြီး ဦးနာတားလယ်ရဲ့ ၁၃နှစ်အရွယ် သမီးငယ်တစ်ဦး ပွဲချင်းပြီးသေဆုံးခဲ့ရသလို၊ ဆယ်တန်းတက်နေတဲ့ သားလေးတစ်ဦးလည်း ခြေထောက်ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

သူတို့ဟာ ဒီးမော့ဆိုမြို့ တနန်းဥကွိုင်ကျေးရွာ စစ်ဘေးရှောင်တွေဖြစ်ကြပြီး တောင်ယာလုပ်ငန်း လုပ်ကိုင်ကြတယ်လို့ သိရပါတယ်။ ဒီလိုစစ်ကောင်စီက တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အရပ်သားတွေကို ပစ်မှတ်ထား တိုက်ခိုက်တာဟာ စစ်ရာဇဝတ်မှုမြောက်တယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့ ဒါရိုက်တာ ဆရာဗညားက ပြောပါတယ်။

“သူတို့ စစ်ပွဲမှာ ရှိနေသေးတယ်လို့ ပြောလို့ရတယ်။ စစ်ပွဲကာလမှာ လူထုတွေရှိတဲ့အရပ်ကို လက်နက်ကြီးတွေ ပစ်ခတ်တာတွေက စစ်ရာဇဝတ်မြောက်တယ်။ ဒါစစ်ဥပဒေကြောင်းအရ လုပ်လို့မရတဲ့ဟာတွေဖြစ်တယ်။ အဲ့လိုမျိုး လုပ်ခြင်းက စစ်ရာဇဝတ်မြောက်တယ်လို့ ပြောလို့ရတယ်။ နောက်တစ်ချက်မှာလည်း လူသားမျိုးနွယ်စုအပေါ်မှာ စစ်ရာဇဝတ်မှု ကျူးလွန်တယ်လို့ ကျနော်တို့ ပြောလို့ရတာက သူတို့တွေက ကျနော်တို့ ပြည်နယ်တစ်ခုတည်းပဲ လုပ်တာ မဟုတ်ဘူး။ သူတို့က ဝိုင်းဖွဲ့ပြီးတော့မှ နေရာတကာမှာ သူတို့လုပ်နေတယ်။” လို့ ဆရာဗညားက ပြောပါတယ်။

စစ်ကောင်စီကနေ အရပ်သားတွေရှိတဲ့နေရာကို ရည်ရွယ်ချက်ရှိရှိပစ်ခတ်တာဖြစ်တယ်လို့လည်း သူက ဆိုပါတယ်။ စစ်ကောင်စီလုပ်ရပ်ကြောင့် ဇူလိုင်လ တစ်လအတွင်း အရပ်သား ၄ဦး သေဆုံးခဲ့ရပြီး ၁၀ဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ကရင်နီလူမှုအသင်းအဖွဲ့များကွန်ယက် ( KCSN ) က ဩဂုတ်လ ၃ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

spot_img
spot_img
spot_img

Recent posts