spot_imgspot_imgspot_imgspot_img
Thursday, March 13, 2025
spot_imgspot_imgspot_imgspot_img

လက်နက်ကြီးရန် လေကြောင်းရန်တွေကြောင့် လယ်ယာစိုက်ပျိုးရေး မပြုလုပ်နိုင်မှာကို ဒီးမော့ဆိုဒေသခံတွေစိုးရိမ်

Author

Date

Category

ကေးဒူ ( ကန္တာရဝတီတိုင်း(မ်))

ကရင်နီပြည် ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်း စစ်ရှောင်တွေဟာ လာမယ့် စိုက်ပျိုးရာသီမှာ စိုက်ပျိုးရေးလုပ်ငန်းတွေကို ပြန်လည် မစတင်နိုင်မှာကို စိုးရိမ်ပူပန် နေကြပါတယ်။

အကြမ်းဘက် စစ်ကောင်စီရဲ့ နေ့စဉ်ရက်ဆက် လက်နက်ကြီး ပစ်ခတ်မှုတွေ အရပ်သားတွေကို ပစ်မှတ်ထားပြီး လေကြောင်းတိုက်ခိုက်လာမှုတွေကြောင့် ဒေသခံတွေက သူတို့ရဲ့ လုံခြုံရေးကို စိတ်ပူနေကြတာဖြစ်ပါတယ်။

“စိုက်ရမလား။ မစိုက်ရဘူးလားဆိုတာတော့ မသေချာသေးဘူး။ နည်းနည်းငြိမ်တဲ့ အချိန်မှာတော့ အိမ်ပြန်ကြည့်ပြီး ထယ်ပြန်ထိုးကြတယ်။ စိုက်ရမလားတော့ မသေချာသေးဘူး။ ဒီလကစပြီးတော့ စိုက်ပျိုးရာသီရောက်ပြီဆိုတော့ နည်းနည်းငြိမ်ရင်တော့ ကျမ တို့ပြန်စိုက်မယ်။ ငြိမ်မယ်၊ မငြိမ်ဘူးဆိုတာကလည်း မသေချာဘူးပေါ့။ လက်နက်ကြီးတင်မကဘူး လေယာဥ်နဲ့ပါလာပစ်တော့ ကြောက်ရတယ်။ အခြေအနေပဲကြည့်ရတာပေါ့။” လို့ ဒီးမော့ဆို အရှေ့ဘက် ဒေသခံ တောင်သူ အမျိုးသမီး တစ်ဦးက ပြောပါတယ်။

တောင်ယာစိုက်ပျိုးရန် ပြင်ဆင်ထွန်ယက်နေကြတဲ့ တောင်သူများ

အရပ်သားတွေကိုပါ ပစ်မှတ်ထားတိုက်ခိုက်လာတဲ့ စစ်ကောင်စီရဲ့ လုပ်ရပ်တွေကြောင့် အရပ်သားပြည်သူတွေဟာ လူစုလူဝေးအနေနဲ့ စုပြီး မနေရဲတော့သလို ၊ စက်မောင်းနှင်နေတဲ့အချိန်မှာလည်း စက်သံကြောင့် လက်နက်ကြီးသံတွေ လေယာဥ် သံတွေ မကြားမှာကိုလည်း စိုးရိမ်တယ်လို့ သူက ဆက်ပြောပါတယ်။

ကရင်နီပြည်မှာ တိုက်ပွဲစတင်ခဲ့တဲ့ အချိန်ကစပြီး စစ်ဘေးရှောင်နေတာ ၂ နှစ်နီးပါးရှိနေပြီဖြစ်တဲ့ပြည်သူတွေဟာ ဝမ်းစာရေးအတွက် အသက်စွန့်ပြီး လုပ်ကိုင်နေရတယ်လို့ စစ်ရှောင် အမျိုးသားတစ်ဦးကပြောပါတယ်။

“နည်းနည်းဝေးတဲ့ဘက်တော့ ကျနော်တို့ မသွားရဲဘူး။ ဒီအနီးနားမှာလည်း ကျတာပဲ။ ကံကိုပုံပြီးတော့ပဲ လုပ်ရတာပေါ့။ နိင်ငံရေး ခြေနေက ခုလိုဖြစ်နေတော့ ကျနော်တို့ မစိုက်ဘူးဆိုရင်လည်း ဘာသွားစားရမလဲ။ စိုက်ပြန်ရင်လည်း တကယ်လို့ လက်နက်ကြီးတွေ ဘာတွေ ကျလာရင်တော့ ထားခဲ့ပြီး ပြေးရမှာပဲ။ ကံတရားပဲပေါ့နော်။” လို့ စစ်ရှောင်အမျိုးသား တစ်ဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ နောက်ဆုံးပတ်တုန်းက လယ်ကွင်းအတွင်း ထွန်ယက်နေတဲ့ ပြည်သူတချို့ကို အကြမ်းဘက် စစ်ကောင်စီက လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့လို့ ထိခိုက်ဒဏ်ရာရထားတာရှိတယ်လို့လည်း သိရပါတယ်။

တောင်ယာစိုက်ပျိုးရန် ပြင်ဆင်ထွန်ယက်နေကြတဲ့ တောင်သူများ
spot_img
spot_img
spot_img

Recent posts