မော်ဦးမြာ
ကိုယ်တိုင် ပြုလုပ်ထားတဲ့ လက်မှု တူရိယာတွေကို တစ်နေ့ပြီးတစ်နေ့ လက်ထဲကနေ မချနိုင်ပဲ လာရောက်လည်ပတ်တဲ့ ဧည့်သည်တော်တွေကို ဖျော်ဖြေပေးနေရတာကတော့ အသက် ၇၂ နှစ် အရွယ် ဦးမီရယ်နဲ့ အသက် ၇၀ အရွယ် ဇနီးဒေါ်စိုးမြာတို့ပဲ ဖြစ်ပါတယ်။
သူတို့ ဇနီးမောင်နှံနှစ်ဦးဟာ ဒီးမောဆိုမြို့နယ်၊ တနီးလားလဲကျေးရွာမှာ နေထိုင်ပါတယ်။ လက်ရှိမှာတော့ တနီးလားလဲကျေးရွာဟာ ပြည်နယ်အစိုးရမှ ခရီးသွားကျေးရွာအဖြစ် သတ်မှတ်ထားတဲ့နေရာတွေထဲက တစ်နေရာအဖြစ် ပါဝင်နေပါတယ်။
ပြည်တွင်း၊ပြည်ပက ခရီးသွားဧည့်သည်တွေ လာရောက်လည်ပတ်တိုင်း သူတို့ဇနီးမောင်နှံက သူတို့ကိုယ်တိုင် ပြုလုပ်ထားတဲ့ ဝါးတူရိယာတွေကို တီးခတ်ပြပြီး ကယားရိုးရာတေးတွေကိုလည်း သီဆိုပြလေ့ရှိပါတယ်။
“ ဘာအကျိုးတွေရလဲဆိုတော့ သူတို့ရောက်လာတော့ ကျတော်တို့ ငယ်ငယ်တုန်းကဆိုရင် မမြင်ဖူးဘူးလေ။ အခု အသက်ကြီးလာမှ မြင်ဖူးတာ။ သူတို့ကို ကြိုဆိုပါတယ်။ နေ့တိုင်းလာတယ်။ ကျတော်တို့က တီးပြ၊ဆိုပြတယ်။ ဒါပေမဲ့ ကျတော်တို့ရဲ့ ရိုးရာတေးတွေပဲ ဆိုပြနိုင်တယ်လေ။ သူတို့တော့ နားမလည်ဘူးပေါ့။ သူတို့ အပျော်လောက်ပဲ နားထောင်မှာပေါ့။” လို့ ဦးမီရယ်က သူတို့ တီးခတ်၊ သီဆိုပြရတာတွေနဲ့ ပတ်သက်ပြီး လက်ထဲမှာ ဝါးဂီတာလေး ကိုင်ကာ တီးခတ်ပြရင်း ပြောပြနေပါတယ်။
ပြည်တွင်း၊ပြည်ပမှ ခရီးသွားဧည့်သည်တွေ နေ့စဉ်လာရောက်လည်ပတ်တာကြောင့် တချို့သော ခရီးသွားဧည့်သည်တွေက ဝါးတူရိယာတွေကို အပြန်လက်ဆောင်ဖြစ် ဝယ်ပြန်လေ့ရှိကြတယ်လို့ ဦးမီရယ်က ပြောပါတယ်။
သူပြုလုပ်ထားတဲ့ လက်မှုတူရိယာတွေကတော့ ဝါးဂီတာ(ဗယ်ကလို့)၊ ဝါးပုလွေ(ပိကလက်)၊ တီ(ကြိုးလေးချောင်းပါတဲ့ ဂီတာအငယ်)၊ ဝါးဖြင့် ပြုလုပ်ထားတဲ့ လေးနဲ့မြှား စတာတွေကို ကိုယ်တိုင် ပြုလုပ်ပြီး ဧည့်သည်တွေကို တီးခတ်၊သီဆိုပြလေ့ရှိပါတယ်။ နေ့စဉ် တီးခတ်ပြရတဲ့အတွက် ဧည့်သည်များတဲ့နေ့တွေမှာဆိုရင် လက်ချောင်းတွေ နာတဲ့အထိ တီးခတ်ပြရတယ်လို့ သူတို့ ဇနီးမောင်နှံနှစ်ဦးက ပြောပါတယ်။
ဒီတူရိယာတွေကို ဝါးနဲ့ ပြုလုပ်ထားတာ ဖြစ်ပြီး ဝါးကို ခြောက်အောင်ထားမှသာလျှင် တီးခတ်တဲ့အခါမှာ ပိုပြီး အသံထွက်ကောင်းပါတယ်။ ဝါးဂီတာတွေမှာ မိမိနှစ်သက်တဲ့ အရွယ်အစားအလိုက် ပြုလုပ်နိုင်ပြီး ကြိုး ရှစ်ချောင်းပါဝင်ပါတယ်။
အသံကိုညှိဖို့အတွက် ကြိုးနဲ့ ထိန်းထားတဲ့ ဝါးနဲ့ ပြုလုပ်ထားတဲ့ အံစာတုံးလို ပုံစံမျိုးလည်း ပါဝင်ပါတယ်။ တချို့သော ဝါးဂီတာကိုတော့ ခေတ်ပေါ်တေးတွေမှာ တီးခတ်တဲ့ ဂီတာတွေမှာ အသုံးပြုတဲ့ သံကြိုးနဲ့ ပြုလုပ်ထားပါတယ်။ သံကြိုးနဲ့ ပြုလုပ်ထားတဲ့ ဝါးဂီတာတွေက ပိုပြီး အသံထွက်ကောင်းတယ်လို့ သိရပါတယ်။
ဦးမီရယ်ဟာ ဆယ်ကျော်သက် အရွယ်မှာ မိဘတွေရဲ့ လက်ဆင့်ကမ်းမှုကြောင့် ပြုလုပ်တတ်တာဖြစ်ပြီး တီးခတ်၊သီဆိုလာနိုင်တာ ဖြစ်တယ်လို့ သိရပါတယ်။ ဦးမီရယ်တို့ ခေတ်တုန်းကဆိုရင် ဖုန်း၊ရေဒီယို၊ကက်စက်တွေ မရှိသေးတာကြောင့် အပျိုမတွေရဲ့ အိမ်ကို အလည်သွားတဲ့အခါမှာ လက်ဖြင့် ပြုလုပ်ထားတဲ့ တူရိယာတွေကို ယူသွားပြီး တီးခတ်၊သီဆိုကာ ချစ်ရေးဆိုခဲ့ကြတယ်လို့ သိရပါတယ်။
ဦးမီရယ်ကတော့ ဇနီးဖြစ်သူ ဒေါ်စိုးမြာနဲ့ တွေ့ဆုံစဉ်မှာ ဝါးဂီတာလေးကို တီးခတ်ပြီး ချစ်ရေးဆိုခဲ့ရင်း ယနေ့အထိ လက်တွဲလာနိုင်တာ ဖြစ်တယ်လို့ သူတို့ နှစ်ဦးလုံးက ငယ်ဘဝအကြောင်းတွေကို ပြုံးရင်းရယ်ရင်း ပြန်ပြောင်းပြောပြပါတယ်။
“ပျော်တာပေါ့။ ကိုယ့်ဆီလာလည်ပြီး ဒါတွေတီးတော့ တော်တော်လေး ပျော်တယ်လို့ ခံစားမိခဲ့တယ်။” လို့ ဇနီးဖြစ်သူ ဒေါ်စိုးမြာက သူမဆီကို ဦးမီရယ် လာလည်ပြီး ဝါးဂီတာတီးကာ ချစ်ရေးဆိုခဲ့တဲ့ အချိန်က အကြောင်းတွေကို ရှက်ပြုံးပြုံးရင်း လက်ထဲက ဝါးဂီတာလေးကိုင်ကာ တီးခတ်ရင်း၊ စကားစမြည်ပြောရင်း ပြန်ပြောင်းပြောပြပါတယ်။
လက်ရှိမှာတော့ သူ(ဦးမီရယ်)တစ်ယောက်တည်း တီးခတ်တာမဟုတ်ပဲ သူ့ရဲ့ အမျိုးသမီးပါ တီးခတ်ပြီး ရိုးရာတေးတွေကိုလည်းသီဆိုရင်း လာရောက်လည်ပတ်တဲ့ ဧည့်သည်တွေကို သူတို့ ဇနီးမောင်နှံနှစ်ဦးက ဖျော်ဖြေပြကြပါတယ်။
ဦမီရယ်ပြုလုပ်ထားတဲ့ လက်မှု တူရိယာတွေကို ကြိုက်နှစ်သက်တဲ့ ဧည့်သည်တွေကတော့ အပြန်လက်ဆောင်အဖြစ် ဝယ်ကြပါတယ်။ ဒီကနေ တစ်ဆင့် ဦးမီရယ်တို့ ဇနီးမောင်နှံဟာ တစ်ဖက်တစ်လမ်းကနေ ဝင်ငွေတွေ ရရှိနေတာပါ။
“ ကျတော် တိုင်းရင်းသား ရိုးရာ အမွေအနစ်ကို ထိန်းသိမ်းတဲ့အတွက် ဝယ်တာပါ။ ကျတော့်ဆီမှာ ရိုးရာပစ္စည်းတွေ အများကြီး ရှိတယ်။ ကျတော်ရောက်တဲ့နေရာတိုင်းမှာ ကျတော်ဝယ်ပြီး သိမ်းပါတယ်။” လို့ ရန်ကုန်မြို့မှ လာရောက်လည်ပတ်သူ ဦးအောင်နိုင်က ဝါးနဲ့ ပြုလုပ်ထားတဲ့ ဝါးဂီတာကို ဝယ်ပြန်ရတဲ့အကြောင်းရင်းကို ပြောပြပါတယ်။
ကယားပြည်နယ် NLD အစိုးရရဲ့ သုံးနှစ်တာ ဆောင်ရွက်ချက်တွေထဲမှာ ခရီးသွားလုပ်ငန်းက အအောင်မြင်ဆုံးဖြစ်တယ်လို့ ပြည်နယ်ဝန်ကြီးချုပ်က ပြီးခဲ့တဲ့ အစိုးရသက်တမ်း သုံးနှစ်ပြည့်မှာ ပြောကြားသွားခဲ့ပါတယ်။ ရပ်ရွာအခြေပြု ခရီးသွားလုပ်ငန်း လုပ်ဆောင်ရာမှာ ကုပ္မဏီတွေကနေတစ်ဆင့် ဒေသခံတွေကို ဆက်သွယ်ပြီး လာရောက်လည်ပတ်တဲ့သူတွေ ရှိသလို တိုက်ရိုက်ဝင်လာတဲ့ ပြည်တွင်း ခရီးသွားဧည့်သည်တွေလည်း ရှိပါတယ်။
“ သက်ဆိုင်သူတွေကို ပြောချင်တာက ကျတော်တို့ကို လုပ်အားခလေး နည်းနည်း တိုးပေးပေါ့နော။ စကားပြန်တို့ ပြီးတော့ တခြားသော ဆက်သွယ်သူတွေက ပိုပြီးတော့ အများကြီး ရသွားတယ်လေ။ ကျတော်တို့ ဒေသခံတွေက ရတာ နည်းတာပေါ့ အဲ့တာလေးပဲ ပြောချင်တာပါ။” လို့ ဦးမီရယ်က သက်ဆိုင်တဲ့ ဆက်သွယ်ပေးသူတွေကို အခုလိုပဲ ပြောကြားသွားတာပါ။
လက်ရှိမှာတော့ ကယားပြည်နယ်မှာ လက်မှုတူရိယာ ပြုလုပ်သူတွေ ရိုးရာတေး သီဆိုနိုင်သူတွေအလွန် နည်းပါးတဲ့အတွက် ယနေ့ခေတ်လူငယ်တွေကို သင်ယူစေလိုတယ်လို့ ဦးမီရယ်က ပြောပါတယ်။
“ ဘယ်လိုဖြစ်စေချင်လဲဆိုတော့ သား၊သမီး မြေးတွေကို တတ်စေချင်တယ်။ သူတို့ကို တအားနဲ့ သင်ယူစေချင်တယ်။ ဒါတွေ မပပျောက်သွားဖို့အတွက်ပေါ့။ သူတို့ကို ခေါ်တယ်။ သင်ပေးမယ်ပြောလည်း မလာကြဘူးလေ။ ကျတော်တို့က အသက်ကြီးပြီလေ။ ကျတော်တို့ မရှိတော့ရင် ပျောက်သွားရုံပဲပေါ့။” လို့ ဦးမီရယ်က ပြောသွားပါတယ်။
ဦးမီရယ်တို့ ဇနီးမောင်နှံဟာ တခြားသော တောင်ယာ၊လယ်ယာ အလုပ်တွေကို မလုပ်နိုင်တော့တဲ့အတွက် အခုလို ကိုယ်တိုင် ပြုလုပ်ထားတဲ့ လက်မှု တူရိယာတွေနဲ့ ခရီးသွားဧည့်သည်တွေကို ဖျော်ဖြေပေးနေရတာကနေ အသက်မွေးဝမ်းကျောင်း ပြုနေရတယ်လို့ ဆိုရင်လည်း မမှားပါဘူး။
ဦးမီရယ်တို့ ဇနီးမောင်နှံတွေလိုပဲ တခြားသော လက်မှုပစ္စည်း ထုတ်လုပ်သူတွေ မြောက်များစွာ ရှိနေပါတယ်။ သူတို့အတွက် တစ်နိုင်တစ်ပိုင် ဝင်ငွေလေးတွေ ရရှိဖို့အတွက် ဈေးကွက်တွေလည်း အသက်ဝင်ဖို့ လိုအပ်နေပါတယ်။ ဒေသထွက် လက်မှုပစ္စည်းတွေကို အသိအမှတ်ပြုပြီး ဈေးကွက်တွေကို ဖော်ဆောင်ပေးနိုင်ဖို့ကတော့ အစိုးရကသာ တာဝန်အရှိဆုံး ဖြစ်ပါတယ်။