spot_imgspot_imgspot_imgspot_img
Sunday, September 8, 2024
spot_imgspot_imgspot_imgspot_img

“လက်ဝှေ့ချန်ပီယံဖြစ်ချင်တဲ့ အန်တောညို (M Taw Nyo)”

Author

Date

Category

မော်ဦးမြာ ( ကန္တာရဝတီတိုင်း(မ်) )

ကယန်းလူငယ်တစ်ဦးဖြစ်တဲ့ M Taw Nyo ( အန်တောညို ) ဟာ လက်ဝှေ့ချန်ပီယံ ဖြစ်ချင်သူပါ။

သူက ဆယ်တန်းကျောင်းသားတစ်ဦးပါ။ စစ်တပ်အာဏာသိမ်းလိုက်တာကြောင့် ဆယ်တန်းကို ပြီးဆုံးအောင် တက်ခွင့်မရခဲ့ပါဘူး။ လက်ရှိမှာတော့ ထိုင်းနိုင်ငံ ဖာငံခရိုင်မှာ ထိုင်းရိုးရာလက်ဝှေ့ ( မွေထိုင်း )ပညာကို လေ့လာပြီး ယှဉ်ပြိုင်ထိုးသတ်ပွဲတွေလည်း ၂၀၂၂ ခုနှစ်မှာ စတင် ပါဝင်နေပါပြီ။

သူဟာ ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ် စံပြ ၆ မိုင်ကျေးရွာအုပ်စုထဲက ဇာတိဖြစ်ပြီး၊ သူနေထိုင်တဲ့ ဇာတိဟာ ဒီကနေ့အထိ စစ်မြေပြင်ဖြစ်နေဆဲပါ။ စစ်တပ်အာဏာသိမ်းပြီးနောက် ဖြစ်ပွားလာတဲ့ တိုက်ပွဲတွေဟာ M Taw Nyo (အန်တောညို) နေထိုင်တဲ့ ဇာတိတစ်‌ကြောကနေ စတင်ဖြစ်ပွားခဲ့တာပါ။ ဒီကနေ့အထိ စစ်မီးဟာ ငြိမ်းမသွားဘဲ ပိုမိုအရှိန်တက်နေတာပါ။ မိဘတွေကတော့ လုံခြုံတယ်လို့ တွေးထင်ရတဲ့ ကရင်နီပြည်ရဲ့ နေရာတစ်ခုမှာ စစ်ဘေးရှောင်နေကြရပါတယ်။

ညီအစ်ကို ၆ ယောက်ထဲက ဒုတိယမြောက်ဖြစ်တဲ့ M Taw Nyo (အန်တောညို) ဟာ မြန်မာနိုင်ငံမှာ မြန်မာ့ရိုးရာလက်ဝှေ့အားကစားကို ပြည်နယ်ကိုယ်စားပြုအဖြစ် ယှဉ်ပြိုင်ဖို့ ရွေးချယ်ခံခဲ့ရပေမယ့် ပြင်းထန်ခဲ့တဲ့ ကိုဗစ် ၁၉ ကပ်ရောဂါကြောင့် ခေတ္တနားခဲ့ရပြီး စစ်တပ်က အာဏာသိမ်းလိုက်တာကြောင့် လုံးဝ မပါဝင်ဖြစ်ခဲ့ပါဘူး။ သို့ပေမယ့်လည်း သူဟာ ဇွဲမလျော့ဘဲ ထိုင်းနိုင်ငံမှာ မြန်မာနိုင်ငံမှ လက်ဝှေ့ကစားသမားတွေအပါအဝင်၊ ထိုင်းနိုင်ငံက လက်ဝှေ့ကစားသမားတွေနဲ့ ပွဲစဥ် ၆ ပွဲ ယှဉ်ပြိုင်ခဲ့ပြီး ၃ ပွဲ အနိုင်ရရှိခဲ့ပါတယ်။ အနိုင်ရခဲ့တဲ့ ၃ ပွဲထဲမှာ တစ်ပွဲကတော့ ထိုင်းနိုင်ငံသား လက်ဝှေ့ကစားသမားတစ်ဦးကို အလဲထိုး အနိုင်ရရှိခဲ့တာပါ။

“ချန်ပီယံဖြစ်တဲ့အထိတော့ မျှော်လင့်ထားပါတယ်။ နောက်ဆုံးတော့ ချန်ပီယံ မဖြစ်ရင်တောင်မှ ကိုယ့်ပြည်နယ်မှာရှိတဲ့ လူတွေအတွက် ကိုယ်က ပြန်ပြီးတော့ မျှဝေပေးလို့ရတာပေါ့။ ပြန်ပြီးတော့ နည်းပြတွေ ဘာတွေ ပြန်လုပ်ပေးဖို့ အဲ့လိုရှိပါတယ်။” လို့ M Taw Nyo (အန်တောညို) က သူဖြစ်ချင်တဲ့ ဆန္ဒတွေကို ပြောပြလာတာ ဖြစ်ပါတယ်။

လူငယ်ပီပီ အားကစားကိုမက်မောသူတွေထဲ M Taw Nyo(အန်တောညို) ကတော့ အာဏာမသိမ်းခင်က ပြည်နယ်ကိုယ်စား ယှဉ်ပြိုင်ဖို့ ရွေးချယ်ခံခဲ့ရပေမယ့် သူ့ရဲ့အိပ်မက်တွေဟာ အာဏာသိမ်းမှုနဲ့အတူ ပျောက်ကွယ်သွားခဲ့ရပါတယ်။

M Taw Nyo (အန်တောညို)ဟာ ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်မှာ လက်ဝှေ့အကြောင်းကို စတင်လေ့လာခဲ့တာပါ။ လက်ဝှေ့အားကစားကို သူ ငယ်ငယ်ကတည်းက ဝါသနာပါခဲ့တာဖြစ်ပြီး ကြိုးဝိုင်းပေါ်အထိ တက်နိုင်ဖို့ကိုလည်း မျှော်လင့်ခဲ့ပါတယ်။ လေ့လာသင်ယူရင်း တိုင်းနဲ့ပြည်နယ် ယှဉ်ပြိုင်ရမယ့် အဆင့်အထိ ရောက်လာခါမှ သူ့ရဲ့ ရင်ခုန်စရာအိပ်မက် ၊ ပျော်ရွှင်ရမယ့် ကြိုးဝိုင်းတက်ခွင့်တွေဟာလည်း တစ်ဆစ်ချိုး ပြောင်းလဲသွားခဲ့ရတာပါ။

အာဏာသိမ်းမှုကို လက်မခံနိုင်တာကြောင့် ဆယ်တန်းဆက်မတက်တော့ပဲ သူ့ဆရာတွေရဲ့ အကူအညီနဲ့ ထိုင်းနိုင်ငံကို ရောက်ရှိလာခဲ့တာပါ။ ကံကောင်းစွာနဲ့ ထိုင်းနိုင်ငံမှာ Club တစ်ခုမှာ လက်ဝှေ့ပညာကို ဆက်လက်လေ့လာခွင့် ရခဲ့ပြီး ကြိုးဝိုင်းပေါ်အထိ ပြိုင်ပွဲတွေ ယှဉ်ပြိုင်ခွင့် ရခဲ့ပါတယ်။

“ပြောစရာတော့များတယ် ပြောရမှာပေါ့။ ဒါပေမယ့်ကျနော်တော့ လိုရင်းပဲ ပြောလိုက်တော့မယ်။ အခု ဒီလိုသိမ်းတဲ့နောက်ပိုင်းမှာ တချို့လူငယ်တွေက မျှော်မှန်းထားတဲ့အရာတွေ သူတို့ ရည်ရွယ်ထားတဲ့အရာတွေ ပျက်စီးတဲ့ လူငယ်တွေ အများကြီးရှိတယ်ပေါ့။ အခုက သူတို့ကျောင်းတက်ရမယ့်ကလေးတွေ သူတို့တက်ရမယ့်ကျောင်း အခုကျောင်းဆိုရင်လည်း မရှိတော့ဘူး။ သူတို့ရည်ရွယ်ချက်ဆိုလည်း အခုက ပျောက်ဆုံးကုန်ကြတယ်ပေါ့ လူငယ်တွေက။” လို့ M Taw Nyo (အန်တောညို)က စစ်တပ်အာဏာသိမ်းမှုနောက်ဆက်တွဲ ပျောက်ဆုံးသွားတဲ့ လူငယ့်အိပ်မက်တွေ အပါအဝင် သူကိုယ်တိုင်လည်း ရည်မှန်းချက်တွေ ပျောက်ဆုံးသွားခဲ့တာကို ပြောပြတာပါ။

လက်ရှိမှာတော့ လက်ဝှေ့ကြိုးဝိုင်းပေါ် တက်ခွင့်ရလာပြီဖြစ်ပေမယ့် တိုင်းတစ်ပါးမှာ လေ့လာရတာကြောင့် ဘာသာစကားက သူ့အတွက် စိန်ခေါ်မှုတစ်ခု ဖြစ်နေပါတယ်။ နည်းပြတွေရဲ့ ဘာသာစကားနဲ့ နိုင်ငံဟာ အလွန်ကွဲပြားခြားနားတာကြောင့် လေ့ကျင့်တဲ့အခါတွေမှာ နည်းပြတွေပြောသမျှကိုတော့ နားလည်နိုင်တဲ့ အခြေအနေ မရှိနေသေးဘူးလို့ ဆိုပါတယ်။

“ဒီမှာတော့ အခက်အခဲတော့ ရှိမှာပေါ့။ ကျနော်တို့ သူများနိုင်ငံမှာလာပြီးတော့ သင်ယူခဲ့တယ်ဆိုတော့ သူများဘာသာစကားတွေနဲ့ မတူတဲ့ဟာတွေ။ အဲ့တာတော့ ဆရာသမားတွေ စကားပြောတာတွေဘာတွေ နားမလည်တာတွေရှိတယ်။ ဒါက ကျနော့်အတွက် စိန်ခေါ်မှုအခက်အခဲပဲ ပြောလို့ရတယ်။” လို့ M Taw Nyo (အန်တောညို) တစ်ယောက် လက်ရှိမှာ လက်ဝှေ့ပညာလေ့လာသင်ယူနေတဲ့အခါ ရင်ဆိုင်ရတဲ့ စိန်ခေါ်မှုကို ပြောပြလာတာပါ။

သူ့နဲ့ ရွယ်တူကျောင်းနေဖက် သူငယ်ချင်းတွေဟာ ဝါသနာပါရာ ပညာတွေကို လေ့လာသင်ယူရမယ့် အရွယ်မှာ စစ်အာဏာရှင်ကို တွန်းလှန်ဖို့အတွက် လက်နက်ကိုင်ပြီး အသက်ပေးအပ် တော်လှန်နေကြရပါတယ်။

အာဏာသိမ်းပြီးမှုကို လက်မခံတဲ့အတွက် ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ကြတဲ့ လူထုတွေကို စစ်တပ်က လက်နက်အသုံးပြု အကြမ်းဖက်ဖြိုခွင်းခဲ့ရာမှာ ဆန္ဒပြနေစဉ်အတွင်း ပထဦးဆုံး သေဆုံးခဲ့ရသူဟာလည်း အသက် ၂၀ ကျော်အရွယ်သာသာ ရှိသေးတဲ့ လူငယ်လေး ဖြစ်ပါတယ်။

ကရင်နီပြည်နယ်ထဲက လက်ဝှေ့မယ်အဖြစ် နာမည်ကျော်ကြားနေတဲ့ အမျိုးသမီးလည်း ရှိပါတယ်။ သူကတော့ ဘယ်ရောနီကာ ပါ။ ထိုင်းနိုင်ငံမှာ မွေထိုင်းပြိုင်ပွဲတွေကို ယှဉ်ပြိုင်ပြီး အနိုင်ရပွဲတွေနဲ့ ရှေ့ဆက်ချီတက်နိုင်ခဲ့ကာ ရွှေခါးပတ်ဆုကို ရယူနိုင်ခဲ့တဲ့ အမျိုးသမီးတစ်ဦး ဖြစ်ပါတယ်။

မိမိဝါသနာပါရာအသီးသီးကို လေ့လာရမယ့်အချိန်မှာ မြန်မာနိုင်ငံက လူငယ်တွေရဲ့ အိပ်မက်၊ ရည်မှန်းချက်တွေဟာ ပျောက်ချင်းမလှ ပျောက်ကွယ်သွားခဲ့ရပါတယ်။ အာဏာသိမ်းစစ်တပ်ကို တွန်းလှန်တိုက်ခိုက်နေတဲ့ နိုင်ငံအတွင်းက လူငယ်တော်လှန်ရေးရဲဘော်တွေအပါအဝင် ပြည်ပရောက်ရင်း အာဏာသိမ်းစစ်တပ်ကို အခန်းကဏ္ဍအသီးသီးကနေ တွန်းလှန်တော်လှန်နေကြတဲ့ ကရင်နီပြည်က လူငယ်တွေဟာ သူတို့ရဲ့ အိပ်မက်ကို ပြန်လည်ဆုပ်ကိုင်နိုင်ဖို့အတွက် ဆက်လက်တိုက်ပွဲဝင်ကြရဦးမှာပဲ ဖြစ်ပါတယ်။

M Taw Nyo (အန်တောညို) ကတော့ သူ့လိုအရွယ် လူငယ်တွေဟာ လက်နက်ကိုင်ပြီး စစ်တပ်ကို တော်လှန်နေရတဲ့အတွက် သူ့အနေနဲ့ တော်လှန်ရေးရဲဘော် သူငယ်ချင်းတွေကို ထောက်ပံ့ပေးနိုင်ဖို့ ကြိုးစားနေပြီး အောင်မြင်တဲ့ လက်ဝှေ့ချန်ပီယံ ဖြစ်လာအောင် ကြိုးစားရင်း ပြည်နယ်အတွက် တတ်နိုင်တဲ့ အခန်းကဏ္ဍကနေ ပြန်လည်ပါဝင်လုပ်ဆောင်သွားမယ်လို့ ပြောသွားပါတယ်။

“အခုကျနော်တို့လူငယ်တွေ သူတို့အဲ့မှာ လူငယ်တွေ ကျနော့်သူငယ်ချင်းတွေ၊ ဘော်ဒါတွေ အခုသူတို့ ရဲဘော်တွေဘာတွေ ဖြစ်ကုန်ပြီ။ အခုသူတို့ နေစရာအိမ်မရှိဘူး။ စားစရာတွေ မရှိဘူး။ ကျနော်တို့ ပြည်ပမှာ ရောက်တာအခု သူတို့ကို ပြန်ထောက်ပံ့ပေးနိုင်ဖို့အတွက် ကျနော်က လောလောဆယ် ကြိုးစားနေပါတယ်ပေါ့။ အခုသူတို့အတွက်ဆို ဘာမှမလုပ်ပေးနိုင်ခဲ့သေးဘူး။ ကျနော်တို့ပြည်နယ်အတွက်ဆို ဘာမှမလုပ်ပေးနိုင်ခဲ့သေးဘူးပေါ့။ ကျနော်လောလောဆယ် ကြိုးစားနေတုန်းဘဲပေါ့။ အဲ့လိုကြိုးစားနေတုန်း။ လောလောဆယ်သူတို့နဲ့ အဆက်အသွယ်တွေဘာတွေ ရတဲ့အချိန်တွေဘာတွေရှိတယ်။ သူတို့နဲ့ အဆက်အသွယ်ရတဲ့ချိန်မှာ အားပေးစကားလောက်ပဲ ပြောနိုင်တယ်။ သူတို့အတွက် ဘာမှမလုပ်ပေးနိုင်ခဲ့သေးဘူး အဲ့လိုမျိုးရှိပါတယ်။ ကျနော်တို့ အခုကြိုးစားနေပါတယ်ပေါ့။” လို့ M Taw Nyo (အန်တောညို) က ပြောသွားပါတယ်။

spot_img
spot_img

Recent posts