
မူအက်စတာ
ကယားပြည်နယ် ဖရူဆိုမြို့နယ် အနောက်ဖက်ရှိ ဒိုးလာစောအုပ်စုသည် လမ်းပန်းဆက်သွယ်ရေး အခက်ခဲဆုံးဒေသအဖြစ် တည်ရှိနေဆဲဖြစ်သည်။
နေ့စဉ်စားဝတ်နေရေးအဖြစ် ရာသီဥတုအပေါ် အခြေခံသည့် တောင်ယာစပါးကို အဓိက လုပ်ကိုင်စားသောက်ကြသည်။
“ရာသီဥတုအဆင်မပြေရင် စားဝတ်နေရေးလည်း အဆင်မပြေဘူး။ ဆန်တွေဝယ်စားရတယ်၊ ဆန်တွေသွားဝယ်ရင်လည်း လူနဲ့ပဲ ပြန်သယ်လာရတယ်။ လမ်းမကောင်းလို့။ အဓိက မီးနဲ့ လမ်းနဲ့ အဆင်ပြေရင် အခြားဟာ အဆင်ပြေပြီ။ စိုက်ပျိုးရေးလုပ်ရင်လည်း သယ်ရပြုရတာ အဆင်ပြေတယ်” ဟု ဒိုးလာစောကျေးရွာအုပ်ချုပ်ရေးမှူး ဦးဖရန်စစ္စကိုက ပြောသည်။
ကျေးရွာလမ်းပန်းဆက်သွယ်ရေး အဆင်မပြေ၍ ပညာရေးတွင်လည်း အဆင့်နောက်ကျကျန်ခြင်း၊ ကျန်းမာရေးတွင်လည်း လမ်းအခက်အခဲကြောင့် ဝန်ထမ်းများက လိုအပ်ချိန်တွင် ဆေးမကုသနိုင်ခြင်းတို့ ဖြစ်ပေါ်ခဲ့သည်။
“ကျေးရွာရဲ့ လမ်းပန်းဆက်သွယ်ရေး အခြေအနေကတော့ ကယားပြည်နယ် ဖရူဆိုမြို့နယ်ရဲ့ အနောက်ဘက်ခြမ်းမှာ အနောက်ကျဆုံးလို့ ပြောရမယ်ပေါ့။ အထူးသဖြင့် ဒီဒေသရဲ့ အခြေအနေလို့ ပြောရမယ်ပေါ့နော။ ဒီအပြင် အစိုးရရဲ့ ပံ့ပိုးမှုလို့ ပြောရမယ်ပေါ့နော အားနည်းနေသေးတယ်လို့ မြင်မိတယ်ပေါ့နော၊ ပြီးတော့ သွားရလာရခက်ခဲပြီးတော့ ကုန်ဈေးနှုန်းက ကြီးမြင့်နေတယ်။ အခြေခံလူတန်းစားတွေအတွက် သယ်ရပြုရ၊ ဝယ်ရ၊ ခြမ်းရတဲ့နေရာတွေလည်း အခြားနေရာတွေထက် ဈေးကြီးတယ်ပေါ့”ဟု ကျေးရွာလက်ထောက်ဘုန်းတော်ကြီး ဖာသာရ်ဂျက်စတင်းက ပြောပါသည်။
လမ်းပန်းဆက်သွယ်ရေး အခက်အခဲရှိနေခြင်းကြောင့် ကျေးရွာများအထိ ကုန်ပစ္စည်းများ၊ ဟင်သီးဟင်းရွက်များ၊ အစားအသောက်များ ဝယ်ခြမ်းရသည်မှာ မြို့ပေါ်နှင့် ဈေးနှုန်း အဆမတန် ကွာခြားမှုရှိကြောင်း ရွာသားများက ပြောသည်။
ဒိုးလာစောကျေးရွာထိသာ လမ်းကောင်းမွန်ပြီး ကျန်သည့်ကျေးရွာချင်းဆက်လမ်းများတွင် လူအားနှင့် ဖောက်လုပ်ထားသည့် လမ်းဖြင့်သာ သွားလာရသေးသည်။ ထို့ကြောင့် ယခုအုပ်စုတွင် အဓိက လမ်းများ အဆင့်မြှင့်တင်ပေးနိုင်ရန် မျှော်လင့်နေကြကြောင်း ဦးဖရန်စစ္စကိုက ဆက်ပြောသည်။
လမ်းပန်းဆက်သွယ်ရေး၊ ပညာရေး၊ ကျန်းမာရေးစသည်တို့သည် အဖက်ဖက်မှ တိုးတက်မှု နောက်ကျနေသေးသည့်အတွက် ၎င်းတို့အုပ်စုတွင်းရှိ ရွာသားများက ၎င်းတို့သည် အမေ့ခံလူသားများသာဖြစ်ကြောင်း ခံယူထားကြသည်။