CJ / ကန္တာရဝတီတိုင်း ( မ် )
ကစူပါ ကျေးရွာဟာ ရှမ်း – ကရင်နီနယ်စပ် ဖယ်ခုံမြို့နယ် နဲ့ ပင်လောင်းမြို့နယ်စပ်၊ ရီနွဲ့(၂) ကျေးရွာအုပ်စုအတွင်းက ကျေးရွာတစ်ခုပါ။ ရွာကို တည်ထောင်ထားတာ နှစ်၃၀ ဝန်းကျင်ရှိနေပါပြီ။ အဲ့ဒီကျေးရွာကို မိုးဗြဲမြို့ကနေ ဆိုင်ကယ်နဲ့သွားမယ်ဆိုရင် အနည်းဆုံး ၅နာရီဝန်းကျင် ကြာမြှင့်ပါတယ်။
ကယန်းတိုင်းရင်းသားတွေ နေထိုင်တဲ့ရွာဖြစ်ပြီး တောင်ယာခင်းတွေမှာ ငရုပ်သီးစိုက်ပျိုးပြီး အသက်မွေးဝမ်းကျောင်းပြုကြတယ်လို့ ကျေးရွာလူကြီးရဲ့ပြောပြချက်အရ သိရပါတယ်။
အတော်အသင့် ကုန်စည်စီးဆင်းမှုရှိနေတဲ့ ရှမ်း-ကရင်နီ နယ်စပ်က ပီကင်း၊ လအိ စတဲ့ရွာတွေကိုတောင် သွားလာဖို့ လမ်းပန်းဆက်သွယ်ရေးက ခက်ခဲလွန်းနေပါတယ်။
မိုးဗြဲမြို့ကနေ တောအထပ်ထပ် တောင်အသွယ်သွယ်ကို ဖြတ်ကျော်စုန်ဆင်းမှသာ တောင်တွေပတ်ပတ်လည် ဝိုင်းရံထားတဲ့ ကစူပါကျေးရွာဆိုတဲ့ ကျေးရွာကို ရောက်ရှိမှာဖြစ်ပါတယ်။ ရွာခံတွေကတော့ အထီးကျန်ဆန်တဲ့ ရွာလေး လို့ သတ်မှတ်ထားကြပါတယ်။ အကြောင်းကတော့ အဲ့ဒီရွာကို ဘယ်ဧည့်သည်တွေမျှ မရောက်ရှိသလို သိတဲ့သူလည်း နည်းတာကြောင့်ပါ။

ဒေသခံတွေအတွက် အခက်ခဲဆုံးကတော့ လမ်းပန်းဆက်သွယ်ရေးလို့ ပြောရမှာဖြစ်ပါတယ်။ လမ်းလို့ဆိုပေမယ့် လူတယောက်သွားလာလို့ရတဲ့ အထိသာ ကျယ်ဝန်းတာပါ။ မော်တော်ဆိုင်ကယ်တွေနဲ့ သွားလာမယ်ဆိုရင်တော့ ကျွမ်းကျင်ပိုင်နိုင်တဲ့ မောင်းသူရှိမှ ပိုပြီး အဆင်ပြေမှာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့နှစ် မိုးတွင်းတုန်းက မြေပြိုထားတာတွေကြောင့်လည်း တချို့နေရာတွေမှာ လမ်းက တစ်ပေကျော် ၂ပေနီးပါးသာ ကျယ်ပြီး တဖက်က ကမ်းပါးယံ၊ တစ်ဖက်က ပေရာနဲ့ချီတဲ့ မတ်စောက်တဲ့ ချောက်ကြီးတွေနဲ့ပါ။
ကစူပါ ကျေးရွာရဲ့ နောက်ထပ် အခက်အခဲတစ်ခုကတော့ ပညာရေးပါ။ ရွာမှာ Grade – 5 အထိဖွင့်ထားတဲ့ စာသင်ကျောင်းရှိပေမယ့် သင်ထောက်ကူပစ္စည်းတွေ နဲ့ ကျောင်း ဆရာ၊ ဆရာမ လိုအပ်နေပါတယ်။
“သင်ထောက်ကူကအစ လိုတာပေါ့နော် ကျမတို့က တတ်နိုင်သလောက်ပဲ လုပ်ပေးနိုင်တယ်။ ကိုယ့်အစွမ်းအစရှိသလောက်ပဲလုပ်ပေးနိုင်တယ် အဲ့လိုမျိုးပေါ့ ဒီ ဝိုက်ဘုတ်တို့ကလည်း ပျက်နေတယ်ပေါ့ နှစ် ကြာလည်းကြာနေပြီပေါ့နော်။” လို့ ကျေးရွာရဲ့ ကျောင်းဆရာမ မဟယ်လင်က ပြောပါတယ်။
အိမ်ခြေ ၂၂ အိမ်၊ လူဦးရေ ၁၀၀ ဝန်းကျင်ရှိတဲ့ ကစူပါကျေးရွာမှာ ကျောင်းတက်နေတဲ့ ကျောင်းသားဦးရေ ( ၃၄ ) ဦးရှိပါတယ်။ စာသင်ပေးနေတဲ့ ဆရာ၊ ဆရာမ (၄)ဦးသာ ရှိတဲ့အတွက် ဆရာ၊ ဆရာမ မလုံလောက်ပါဘူး။ နယ်စွန်နယ်ဖျားဖြစ်တာကြောင့်လည်း အလှူရှင်ရောက်မလာနိုင်ဘူးလို့ ဆရာမ ဟယ်လင်က ဆက်ပြောပါတယ်။
“ ဒီနေရာမှာ ဆရာ၊ ဆရာမ လုံလောက်မှုလည်းမရှိဘူး။ ကလေးတွေအတွက် ထိရောက်မှုလည်းမရှိဘူးပေါ့နော်။ သူတို့ကို ကြည့်တာ သနားတယ်ပြောရမှာပေါ့။ ဒါပေမယ့် ကိုယ်အစွမ်းအစရှိသလောက်တော့ လုပ်နေတယ်။ ပြီးတော့ အစွန်အဖျားမှာလည်းရှိပြီး အလှူရှင်လည်း တော်တော်နဲ့ မရောက်နိုင်ဘူး။” လို့ ဆရာမဟယ်လင် က ပြောပါတယ်။

ကရင်ပြည်နယ် သံတောင်ကြီးမြို့နယ် ယာဒိုကျေးရွာဇာတိ ဖြစ်တဲ့ ဆရာမဟယ်လင်တယောက် ကစူပါ ကျေးရွာကနေ ဇာတိကို ပြန်ဖို့ ဆိုရင် ဆိုင်ကယ်ဆီ အနည်းဆုံး ၂ ဂါလံကျော် ကုန်တယ်လို့ ဆိုပါတယ်။
“စဉ်းစားကြည့်လေ နေတာက ဟိုး ကရင်ပြည်နယ်အစွန်ဆုံး ယာဒိုကျေးရွာမှာ တာဝန်က ဟိုးအစွန်ဆုံးနေရာမှ ပြန်ကျ… အရမ်းဝေးတာပဲ…။ ဆရာမ ရွာပြန်တဲ့အချိန် ဘယ်လောက်လောက်ဆီ မှန်းမှ ရမလဲလို့ ကျောင်းကော်မတီကမေးတော့ အနည်းဆုံး နှစ်ဂါလံ မှန်းတောင်မှ မရောက်ဘူးလို့။” လို့ ဆရာမ ဟယ်လင်က (ရယ်လျက်) ပြောပါတယ်။
ကျေးရွာအတွက် အဖက်ဖက်က လိုအပ်တဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းတွေအတွက် သက်ဆိုင်ရာ အုပ်စု၊ မြို့နယ်သို့ အကူအညီတောင်းဖို့ကလည်း အလှမ်းဝေးနေပါတယ်။
နယ်အစွန်းအဖျားဒေသမှာရှိတဲ့ ကစူပါကျေးရွာဟာ အာဏာမသိမ်းခင်အခြေအနေကလည်း ဖွံ့ဖြိုးမှုနောက်ကျနေတာပါ။ ခုလို နိုင်ငံရေး၊ စစ်ရေးမတည်ငြိမ်တဲ့ ကာလမှာတော့ ကစူပါကျေးရွာက ဒေသခံတွေ ပိုမိုခက်ခဲနေကြပါတယ်။